Sunday, February 7, 2010

ချက်ကြီး

ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က ချက်ကြီးတဲ့။ အဲ.. တိတိကျကျ ပြောရရင် ကျွန်တော့်မှာ ချက်ကြီးလို့ ခေါ်တဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တစ်ယောက်ကတော့ သူ့အစ်ကိုနာမည်က ၀က်ကြီး၊ သူ့ညီနာမည်က ကြွက်ကြီး၊ ဒီတော့ သူက အော်တိုမက်တစ် ချက်ကြီး ဖြစ်သွားတာပေါ့။ သူ့ချက်ကလည်း နည်းနည်း စူတယ်လေ။ ထားပါတော့။ အခုပြောမယ့် ချက်ကြီး က နာမည်ရင်းမဟုတ်ဘူး။ နာမည်ရင်းတော့ မပြောတော့ပါဘူး။ (ချောင်းရိုက်ခံရမှာ စိုးလို့) သူ့ကို ချက်ကြီး လို့ ခေါ်ရတဲ့ အကြောင်းရင်းက အခုလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အင်တာနက်ဆိုတာမှာ သူကချက်တယ်လေ။ အရမ်းချက်လွန်းလို့ သူ့ကို ချက်ကြီးလို့ ခေါ်တာ။ ဘယ်လောက်ထိ ချက်လဲဆိုရင် မိုးလင်းမိုးချုပ် လို့တော့ မထင်လိုက်ပါနဲ့။ မိုးချုပ်မိုးလင်း ကိုချက်တာ။ ညဘက် ၉ နာရီလောက်က စချက်တာ မနက် ၅ နာရီထိုးမှ ပြီးတယ်။ အဲလောက်ကိုချက်တာ။ အခုသူ့အကြောင်းကို ပြောမလို့.. အင်း.. အတင်းတုတ်မလို့ ဆိုပါတော့။

ချက်ကြီးက ၀ိုင်ဂျီအမ်ချက် ဆိုလားဘာလားမသိပါဘူး။ အဲဒီမှာ ချက်တယ်ဗျ။ အဲမှာ မသိတဲ့သူအချင်းချင်း မိတ်ဆွေဖွဲ့ကြ ကျူကြပေါ့ဗျာ။ အဲလို ကျူတဲ့အထဲမှာလည်း ချက်ကြီးပါတယ်။ သူက ကျူတာများလို့လားတော့ မသိဘူး။ တော်တော်တော့ အကျူကောင်းတယ်ဆိုပဲ။ ကျူစရာမရှိရင် ယောက်ျားချင်း ကိုယ့်ကိုယ်ကို မိန်းကလေးလို့ ပြောပြီးကျူတာတဲ့။ အဲလို ၀ါသနာကြီးပုံက။ ဒီလို အကျူကောင်းလို့လဲ ဒီဇာတ်လမ်းလေး ဖြစ်လာတာပေါ့။

ဇာတ်လမ်းက ဒီလိုဗျ။ တစ်နေ့သူက နေ့စဉ်ဝတ္တရားအတိုင်း အွန်လိုင်းမှာ ကျူနေတုန်း မမ တစ်ယောက်နဲ့ တွေ့တယ်။ မမ ဆိုပေမယ့်လဲ သိပ်တော့ မကြီးသေးပါဘူး (အသက်ကိုပြောတာနော်)။ ချက်ကြီးနဲ့ ကွာလှ အလွန်ဆုံး ငါးနှစ်ပေါ့။ သိတယ်မှတ်လား ချက်ကြီးကလဲ ဘယ်ရမလဲ။ အပီအပြင်ကို ကျူတာပေါ့။ မ မ နဲ့ ကျူတာ။ နေ့စဉ်ရက်ဆက် ဂျီတော့ခ် မှာရော ချက်ထဲမှာပါ ကျူလိုက်တာ ဖုန်းနံပါတ်တွေ ဘာတွေရပြီး ညလုံးပေါက် ဖုန်းပြောတဲ့အဆင့်တွေ ဘာတွေဖြစ်ကုန်ပါရောလား။ ချက်ကြီးရဲ့ တော့ကီတွေကြားမှာ တစ်လုံးပြီးတစ်လုံး မြောပေါ့။ ဟိုက မမ အသံလေးကလဲ ဆည်းလည်းသံလေး ဆိုတော့ ချက်ကြီးတို့က အပိုင်ပဲဆိုပြီး ဖွင့်ပြောပါလေရော။

ဒီလိုနဲ့ပဲ မ နဲ့ မောင် ဖြစ်သွားကြတယ်ပေါ့။ နောက်ပိုင်း တစ်ယောက်အကြောင်းတစ်ယောက် မေးရင်းမြန်းရင်းက တော်တော်လေး သိလာကြပြီ။ နောက်ဆုံး ချက်ကြီး မနေနိုင်တော့ဘူး။ သူ့ မမ ကို အရမ်းတွေ့ချင်လာတာပေါ့။ ဟိုကလဲ တွေ့ချင်တယ်ဆိုတော့ ချက်ကြီးက လည်တယ်။ ချစ်သူများနေ့မှာ ကန်ဘောင်မှာတွေ့မယ်ဆိုပြီး ချိန်းလိုက်ပါလေရော။ ဒီလိုနဲ့ ချစ်သူများနေ့ရောက်..။ ချက်ကြီးလဲ အပီအပြင် အလှတွေပြင်ပြီး ကန်ဘောင်ကို ထွက်လာခဲ့တယ်။ ကန်ဘောင်ရောက်တော့ သူများတွေက အတွဲကိုယ်စီနဲ့ ချက်ကြီးလည်း အားကျချင်သလိုတောင် ဖြစ်လာတယ်။ ဒါပေမယ့် မပူပါနဲ့ပေါ့။ အလာတုန်းကသာ မျက်နှာငယ်တာ အပြန်လမ်းမှာတော့ မျက်နှာပန်းလှမှာဆိုပြီး ချက်ကြီးတစ်ယောက် ပီတိတွေဖြာ အင်အင်းတွေပါ နေလိုက်တာ။ နောက်တော့ စုံတွဲတစ်တွဲ ထသွားတဲ့ ထိုင်ခုံတစ်ခုကို ချက်ကြီးက အတွဲနှစ်တွဲနဲ့ မျောက်ငှက်ပျောသီး လုသလို လုလိုက်တယ်။ ပြီးတော့ သူ့ မမ ကိုထိုင်စောင့်ပေါ့။

သူထိုင်ပြီး သိပ်မကြာဘူး။ ချက်ကြီးအနောက်က အသံတစ်ခုထွက်လာတယ်။

'မောင်လေးလားဟင်?'

ချက်ကြီး ပီတိတွေ အလိပ်လိုက် တက်လာတယ်။ သေချာပြီ ဒါဖုန်းထဲက သူ့ မမ အသံ။ ချက်ကြီး အသာလေး နောက်ကို ဖြည်းဖြည်းချင်း ခေါင်းငုံ့ပြီး လှည့်လိုက်တယ်။ အရင်ဆုံးတွေ့လိုက်ရတာက အရမ်းလှတဲ့ ဖိနပ်တစ်ရံကို စီးထားတဲ့ ဖြူဖြူဖွေးဖွေး ခြေဖ၀ါးလေးနှစ်ခု။

'ခွိ'

ချက်ကြီး ပျော်လွန်းလို့ ခွိ သွားတယ်။ သူ လူရွေးမှန်သွားပြီပေါ့။ အသံနဲ့ရုပ်နဲ့လည်း လိုက်ပါပေ့ လို့တောင် စဉ်းစားလိုက်သေးတယ်။ ပြီးတော့ ခြေဖ၀ါးကနေ တဖြည်းဖြည်းချင်း အပေါ်ကို မော့ကြည့်...။ ခြေသလုံး။ နည်းနည်းတုတ်သလိုပဲ။ အို.. စိတ်ထင်တာပါ။ ပေါင်...။ ပိုပြီးတုတ်လာသလိုပဲ။ ဒါပေမယ့် ပေါင်တုတ်တာက.. အင်း... ကောင်းပါတယ်.. နော့.။ ချက်ကြီး တွေးချင်တာတွေတွေးပြီးတော့ ခွိ နေတယ်။ ပေါင်ပြီးတော့ အဲ.. ခါး။ ချက်ကြီးမျက်နှာ တစ်မျိုးဖြစ်သွားတယ်။ ခါးကျတော့ သိသိသာသာကြီးကို တုတ်နေတာ။ ခါးထက်အပေါ်ထပ်တက် အင်း... လည်ပင်းပေါ့နော်။ ပြီးတော့ မျက်နှာ...။ ချက်ကြီး မျက်နှာ ချက်ချင်းသွေးဆုတ်သွားတယ်။ ဒရက်ကူလာနဲ့ ထိပ်တိုက်ရင်ဆိုင် နေရတဲ့ သနားစရာ သတ္တ၀ါလိုမျိုးလေး။ ပြီးတော့ ခြေဆုံးခေါင်းဆုံး ပြန်ကြည့်တယ်။ သွားပြီ။ ချက်ကြီး ဖြစ်နိုင်ရင် အခုချက်ချင်း ရေထဲ ခုန်ချချင်စိတ်တွေ တဖြည်းဖြည်းပေါက်လာတယ်။ သူ့ မမ ရဲ့ရူပါကိုလည်း နည်းနည်းကြည့်ဦးလေ..။

ကိုယ်လုံးကိုယ်ပေါက်ကလား..။ ဂစ်တာ shape..။ ဒါပေမယ့် ဂစ်တာကို ပြောင်းပြန်ထားပြီးကြည့်ရမှာ။ ဘယ့်နှယ့်ဗျာ။ ခြေထောက်ကလေးတွေက ပိန်ကပ်ကပ်လေးတွေနဲ့ အပေါ်ပိုင်းရောက်လေ ကြီးလေပဲ။ နောက်ဆုံး မျက်နှာလဲ ရောက်ရော။ အားပါး..။ ရုပ်ရှင်မင်းသမီးလေး ပွင့် ကိုသိတယ်မှတ်လား။ သူ ပေါက်စီနှစ်လုံးကို တပြိုင်တည်း စားနေရင်ဘယ်လိုဖြစ်မလဲ စဉ်းစားသာကြည့်ပေတော့။ ချက်ကြီးလည်း ခုနက သူ့ရဲ့ အသံနဲ့ရုပ်နဲ့လိုက်ပါပေ့ ဆိုတဲ့ စကားကို လုံးချေပြီး အင်းယားကန်ထဲကို ကန်ချပလိုက်တော့တယ်။

'မောင်လေးလားဟင် လို့'

အောင်မလေး။ ချက်ကြီး အော်ငိုချင်သွားတယ်။ အသံလေးက ဆည်းလည်းသံမဟုတ်တော့ဘူး။ ချွဲပျစ်နေတာမှ ရွှေတယော် သုံးထုပ်နဲ့ လျှော်ပြီး ရေမလောင်းထားတဲ့ အတိုင်းပဲ။ ချက်ကြီးလဲ ကြောက်လန့်ပြီး ဟုတ်ကဲ့ လို့ထွက်သွားတော့တယ်။ 

'မောင်လေးကလဲ ဒီကခေါ်နေတာ လေးခါတောင်ရှိပြီ ဘာတွေစဉ်းစားနေတာလဲ' ဆိုပြီး ပြောပြောဆိုဆိုနဲ့ ချက်ကြီး ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ချက်ကြီးလဲ ဟိုဘက်တိုးရှာပါတယ်။ ဒါပေမယ့် သူ့ မမ ကိုယ်ခန္ဓာက ချက်ကြီးသုံးယောက်စာလောက်ရှိတော့ မတတ်နိုင်ဘူး။ ပြီးတော့ မမ က ဘာတွေပြောနေလဲတော့ ချက်ကြီးမသိတော့ဘူး။ မျက်စိလေးမှေးပြီး နားထောင်သလိုလိုနဲ့ ဘုရားစာတွေ မှတ်မိသမျှ ဒိုင်ခံရွတ်နေတော့တယ်။

ခဏနေတော့...

'မောင်လေး ပြန်ပြောဦးလေ.. မ ချည်းပဲ ပြောနေရတာ မောလာပြီကွ'

'.....'

'မောင်လေး.. သြော်.. မ ကိုတွေ့တွေ့ချင်းမို့လို့ ရှိန်နေတာလား။ မရှိန်ပါနဲ့ကွာ.. ဖုန်းထဲမှာကျတော့ သူချည်းပဲ ပြောနေပြီးတော့ ဟွန်း'

'.....'

'မောင်လေး.....'

ချက်ကြီး အကြံရသွားပြီ။ တစ်သက်လုံး မကောင်းခဲ့တဲ့ ဦးနှောက်။ အခုမှ အကြံကောင်းထွက်လို့ ကျေးဇူးတင်လိုက်တာဗျာ လို့တောင် တိုးတိုးလေး ရေရွတ်လိုက်သေးတယ်။ ပြီးတော့မှ မမ ဘက်လှည့်ပြီး မျက်နှာသေနဲ့။

'မ.. မ ကိုတစ်ခုဝန်ခံစရာရှိတယ်'

'ပြော မောင်လေး'

'အမှန်တကယ်တော့ ကျွန်တော်ဟာ မ နဲ့ညတိုင်း ဖုန်းပြောတဲ့ မောင်လေးမဟုတ်ဘူး'

'ဘယ်လို ဘယ်လို'

'မ နဲ့ဖုန်းပြောတဲ့တစ်ယောက်က ကျွန်တော့်သူငယ်ချင်းပါ သူက မ နဲ့ မတွေ့ရဲလို့ ဆိုပြီး ကျွန်တော့်ကို သူ့ကိုယ်စား ဟန်ဆောင်ပေးဖို့ လွှတ်လိုက်တာပါ'

'သြော်.. အဲလိုလား'

'ဟုတ်ကဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပါ' ချက်ကြီး ကူလီကူမာလုပ်တာလေ။ ချက်ကြီးကတော့ အပိုင်ပဲပေါ့။ သူမဟုတ်ဘူးလို့ ပြောလိုက်ရင် ပွဲပြတ်သွားပြီ။ နောက်တစ်ခေါက်လည်း တွေ့ဖို့ အကြောင်းမရှိတော့ဘူး မှတ်လား။ ဒါပေမယ့် ချက်ကြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး…။

'မလိုပါဘူးကွယ် ဘာလို့လဲဆိုတော့ မ ကိုယ်တိုင်ကလဲ မောင်လေးသူငယ်ချင်းနဲ့ ဖုန်းပြောခဲ့တဲ့ မမ မှမဟုတ်ပဲ'

'ဘာရယ်!' ချက်ကြီး မျက်လုံးတွေ ပြူးသွားတယ်။ ကမ္ဘာကြီး ဘာတွေဖြစ်နေပြီလဲ။ သူဝေ ခွဲမရ ဖြစ်နေတုန်း သူ့နောက်က ရင်းနှီးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။

'ဟုတ်တယ် မောင်လေးရေ မမ ကလဲ မောင်လေးသူငယ်ချင်းနဲ့ မတွေ့ရဲလို့ မမ သူငယ်ချင်းကို လွှတ်လိုက်တာပဲ'

ချက်ကြီး အသံလာရာကို လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ သူ့ထက် အသက်လေးငါးနှစ်လောက် ပိုကြီးမယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ အလန်းလေး။

'ဒါ..ဒါဆို အစ်မက..?'

'ဟုတ်တယ်.. မောင်လေးသူငယ်ချင်းနဲ့ ဖုန်းပြောခဲ့တဲ့တစ်ယောက်က အစ်မပဲ'

1 comment:

kookaburra said...

d a kyaung twae ka yoo nay p ha...