Thursday, February 11, 2010

သံသယဖြင့်အဆိုးမြင်ခြင်း

“ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိသည်။ ဖန်ခွက်ထဲရှိရေသည် တစ်ဝက်ပြည့်နေသည် သို့မဟုတ် တစ်ဝက်လျော့နေသည်။” လူတိုင်းကြားဖူးမည်ဖြစ်သော ပုစ္ဆာလေးတစ်ခု ဖြစ်ပါသည်။ အကောင်းမြင်နှင့် အဆိုးမြင်ကို သိသာစေရန် အကောင်းဆုံးသော ဥပမာတစ်ခုပင် ဖြစ်သည်။ အကောင်းမြင်သမားက ရေသည် တစ်ဝက်ပြည့်နေသည်ဟု ပြောမည်။ အဆိုးမြင်သမားကတော့ ရေသည် တစ်ဝက်လျော့နေသည်ဟု ပြောမည်။ ဖြစ်ရပ်တစ်ခုကို ယေဘူယျအားဖြင့် အကောင်းမြင်နှင့် အဆိုးမြင်ဟူသော ရှုထောင့်နှစ်မျိုးဖြင့် ကြည့်ရှုနိုင်သည်။ တစ်ဦးနှင့်တစ်ဦး အမြင်တော့ အလုံးစုံမတူညီနိုင်ပေ။  မိမိသဘောထား၊ မိမိအမြင်ကို တင်ပြရာတွင် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်။


လူတော်တော်များများသည် မိမိကိုယ်ကိုယ် အကောင်းမြင်ဝါဒီဟု ယူဆတတ်ကြသည်။ အတင်းပင် မရမက ဇွတ်အကောင်းမြင်အောင် ရှုတတ်ကြသည်။ ကြီးပွားတိုးတက်ရေး တက်ကျမ်းများကလည်း အကောင်းမြင်ဝါဒကို ထောက်ခံအားပေးထားသည်။ ဖြစ်ရပ်တစ်ခုအား အကောင်းဘက်မှကြည့်တတ်သူ သို့မဟုတ် စိတ်သက်သာရာ ရသောဘက်မှ ရှုတတ်သူကို အကောင်းမြင်ဝါဒီဟု ခေါ်ဆိုနိုင်သည်။ အကောင်းမြင်ခြင်းသည် အခြားသောကိစ္စများတွင် ကောင်းသော်လည်း မိမိကိုယ်ကို အကောင်းမြင်ခြင်း လွန်ကဲလာပါက အသားလွတ် ဘဝင်မြင့်အောက်ခြေလွတ်ခြင်းသို့ တဖြည်းဖြည်း ကူးပြောင်းလာတတ်ပါသည်။ လူဦးရေ စုစုပေါင်း၏ ရာခိုင်နှုန်း အများစုသည် အကောင်းမြင်ဝါဒီများ ဖြစ်မည်ဟုထင်ပါသည်။

ကျွန်တော်သည် မိမိကိုယ်ကို ဝေဖန်ပိုင်းခြားနိုင်သည့်ဥာဏ်မှာ နုံနဲ့လှသော်လည်း ကိုယ့်ကိုယ်ကို အဆိုးမြင်သမားတစ်ယောက်ဟု တစ်ခါတစ်ရံ ထင်မိပါသည်။ ပတ်ဝန်းကျင်မှ ထိုသို့ ပြောသံဆိုသံအချို့လည်း ရံဖန်ရံခါ ကြားဖူးသည်။ သို့သော် ကျွန်တော် အဆိုးမြင်ခြင်းထက် အရာရာကို သံသယစိတ်ဖြင့် ကြည့်ရှုတတ်သော သံသယဝါဒီတစ်ယောက်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ သင်က ကိစ္စတစ်ခုကို “ကောင်းတယ်” လို့ ကျွန်တော့်အား ပြောသော်လည်း ကျွန်တော့်စိတ်ထဲတွင် “တကယ်ရောကောင်းရဲ့လား” ဟူသော အတွေးက အမြဲလိုလို ဝင်လာတတ်ပါသည်။ ထိုသို့ သံသယဖြင့် ကြည့်ဖန်များလာသောအခါတွင် “လောကကြီးအား မယုံကြည်ခြင်း” ဟူသော ရောဂါတစ်တိုးလာပြီး “အရာရာကို မေးခွန်းထုတ်တတ်ခြင်း” ဟူသည့် ဂုဏ်ပုဒ်တစ်ခုကိုလည်း အလိုလို လက်ကိုင်ထားပြီးသား ဖြစ်နေလေပြီ။

အဆိုးမြင်ဝါဒသည် နာမည်လောက်တော့ မဆိုးလှချေ။ အဆိုးမြင်ခြင်းသည် လူ့လောကအတွက် တက်လမ်းကို ပိုမိုဖြစ်ပေါ်စေသည်။ မိမိကိုယ်ကို အဆိုးမြင်ခြင်းသည်သာ စိတ်ကျရောဂါကို အနည်းငယ် ဦးတည်နေသောလည်း အချို့သောလူများ မိမိအပြစ်ကိုမြင်၍ ပြင်ဆင်နိုင်သော အခွင့်အရေးများလည်း ရရှိနိုင်ပေသည်။ ကိုလိုနီစနစ်အား မြန်မာတို့ အကောင်းမြင်ခဲ့ပါလျှင် ယခုအချိန်ထိ ကျွန်စနစ်က ရုံးနိုင်ဖို့မမြင်။ အဆိုးမြင်ခြင်းသည် တစ်ခါတစ်ရံတွင် အမှန်ကိုမြင်တတ်ခြင်းသို့ ပြောင်းလဲသွားတတ်သည်။ ပထမ ဖော်ပြခဲ့သော ပုစ္ဆာမှာပင်လျှင် ရေတစ်ဝက်လျော့နေသည်ဟု မြင်သောသူသည် ထိုရေခွက်အား အပြည့်ဖြစ်စေရန် ကြိုးစားမည့်အလားအလာ ရှိနိုင်သေးသည်။ ဝေဖန်ရေးသည် ကိစ္စတစ်ခုအား အဆိုးဘက်မှကြည့်ခြင်းပင်။ ထို့ကြောင့် “ဝေဖန်ရေးရှိမှတိုးတက်မည်” ဟူသော စကားများကြားဖူးပင်။ နောက်ဆုံး သင်တို့ ယုံကြည်၊ လက်ခံ၊ ကိုးကွယ်နေသော ဘာသာရေးသည်ပင်လျှင် လောကကိုအဆိုးမြင်ပြီး လောကမှ လွတ်မြောက်ကြောင်း ကျင့်ကြံအားထုတ်နေခြင်းပင် မဟုတ်ပါလား။

No comments: