Thursday, March 11, 2010

နွေ

နွေသည် သူ၏ ကြုံလှီခြောက်သွေ့သော လက်ချောင်းများဖြင့် ကုတ်ခြစ်ကာ ဂိမန္တပြတင်းတံခါးကို ဖွင့်လိုက်လေသည်။
နေမျိုး (မြင်ကွင်းကျယ်အချစ်ဝတ္ထု)

နွေသည် ကျွန်တော်မုန်းတီးသော အရာများအထဲတွင် အသင်းဝင်တစ်ယောက် ဖြစ်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ ပူပြင်းသော နေ့လည်ခင်းများနှင့် သစ်ရွက်အကြွေများကို ငယ်စဉ်ကပင် ကျွန်တော် မုန်းတီးခဲ့သည်။ ချစ်ခြင်း၊ မုန်းခြင်းတွင် အကြောင်းပြချက် လိုအပ်ခဲ့သည်ရှိသော် ကျွန်တော့်တွင် ပေးရန် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပါ။ ဖြစ်နိုင်က ရာသီစက်ဝိုင်းတွင် နွေရာသီအား ခုန်ကျော်သွားချင်သော စိတ်များ တစ်နှစ်တစ်ခါလောက်တော့ ပေါ်ခဲ့ဖူးပါသည်။ အေးချမ်းသော ဆောင်းရာသီသည် မကြာမီရောက်ရှိလာတော့မည့် နွေကာလအတွက် နှစ်သိမ့်ဆုသဖွယ် ဖြစ်နေခဲ့သည်။ ကျွန်တော်မုန်းတီးသော နွေကာလသည် လေပူများ၊ နေ့တာရှည်သောရက်များနှင့်အတူ ကျွန်တော်၏ သိမှုထဲသို့ ဝင်ရောက်လာခဲ့သည်ကို ကျွန်တော်သိရှိခဲ့ရပြီ ဖြစ်ပါသည်။


လူတစ်ယောက်၏ လိုအင်များတွင် ပူလောင်ခြင်းမပါခဲ့သည်မှာ သေချာသည်ဟု ကျွန်တော်တပ်အပ် ပြောနိုင်ပါသည်။ စာမေးပွဲ မေးခွန်းလွာတွင် နွေရာသီ၏အမည်ကိုမြင်တိုင်း ကျွန်တော်ခေါင်းယမ်းမိသည်မှာ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ပျင်းရိခြောက်သွေ့ခြင်းများနှင့် ပြည့်နှက်နေသော နွေရာသီအား မြှောက်ပင့်ပြောဆိုရန် ကျွန်တော့်တွင် စကားလုံးမရှိပါ။ ပျင်းရိဖွယ်ကောင်းသော နွေရာသီ ကျောင်းပိတ်ရက်များကိုလည်း ငယ်စဉ်ကတည်းကပင် နှစ်မြို့ခြင်းမရှိခဲ့ပါ။ အကယ်၍သာ သင်က ကျွန်ုပ်အား နွေရာသီအကြောင်း ပုံဖော်ခိုင်းမည်ဆိုပါက ကျွန်တော်၏စကားများသည် (ဤအက်ဆေးကဲ့သို့ပင်) အမုန်းတရားများနှင့်သာ ပြည့်နှက်နေသည်ကို တွေ့ရလိမ့်မည် ဖြစ်ပါသည်။

နွေ၏အပေါင်းအပါများဖြစ်သော ဥသြငှက်၊ လေပူများ၊ တိမ်ကင်းစင်သော နေ့လည်ခင်းများ၊ ချွေးများထွက်နေသော ကျွန်ုပ်၏ ခန္ဓာကိုယ် စသည် စသည်တို့ကိုလည်း ကျွန်တော် မကြိုက်ပါ။ မကြိုက်ခြင်းသည် ကျွန်တော်၏ မကြိုက်ခြင်းသာဖြစ်၍ သင်နှင့် သဘောထားခြင်း တိုက်ဆိုင်ရန် မမျှော်လင့်ပါ။ နံနက်ကိုးနာရီတွင် ပြတင်းပေါက်မှ ဝင်ရောက်လာသော နေရောင်ခြည်သည် ကုတင်ပေါ်တွင် အိပ်နေသော ကျွန်တော့်အား အမြဲလိုလိုပင် စိတ်အနှောက်အယှက် ဖြစ်စေပါသည်။ ကျွန်တော်၏ ဝမ်းနည်းမှုထဲတွင် အိမ်ရှေ့မှမြင်ရသော သစ်ပင်မှ ကြွေကျသွားသော သစ်ရွက်များ ပါဝင်ပါသည်။ သစ်ရွက်များ၏ ကြွေကျသေဆုံးခြင်းတွင် နွေသည် အဓိကတရားခံအဖြစ် ပါဝင်ပတ်သက်လျက်ရှိပါသည်။ ကျွန်တော့် စိတ်ဓာတ်များလည်း ထိုသစ်ရွက်ခြောက်များနှင့်အတူ နွေ၏အပူဒဏ်အောက်တွင် တဖြုတ်ဖြုတ် ကြွေကျတတ်ပါသည်။

ပူပြင်းသော နွေနေ့လည်ခင်းများတွင် ကျွန်တော်၏စိတ်ကူးထည်များ ဟိုမှသည်မှ ယောက်ယက်ခတ် ပြေးလျားနေတတ်ပါသည်။ ပူလောင်ခြင်းများကို မနှစ်မြို့သူတစ်ယောက်အဖို့ နွေသည် မသွားသင့်သော အရပ်တစ်ခုဖြစ်နေသည်မှာ သေချာပါသည်။ ပြင်ပလောက၏ ပူလောင်ခြင်းများကို ရှောင်ကြဉ်ကာ အခန်းတွင်းအောင်းနေပါသော်လည်း နွေ၏စက်ကွင်းမှ လွတ်မြောက်ခြင်းမရှိပါ။ နေ့တာရှည်သော နွေရက်များတွင် ကျွန်တော်၏စိတ်ကူးထည်များ ဆောက်တည်ရာမရ ဖြစ်နေတတ်ပါသည်။ ဘဝတွင် နေထိုင်ရသော ပျင်းရိခြင်းဒုက္ခအား ပိုမိုအားကောင်းလာစေရန် နွေနေ့လည်ခင်းများက တွန်းပို့လျက်ရှိသည်။ တစ်ခါတစ်ရံ လမ်းမပေါ်မှ ကြားရသော ကားသံများနှင့် စာအုပ်အချို့ကို အဖော်ပြုကာ ဖြတ်သန်းနေရသော နွေရက်များ ကုန်ဆုံးပြီး ကောင်းကင်မှ မိုးစက်များ ကျဆင်းလာမည့် နေ့များကိုသာ စောင့်မျှော်နေမိပါတော့သည်။

No comments: