Sunday, March 14, 2010

ကမ္ဘာကြီးကိုကယ်ရတော့မှာလား

ခုတလောတွင် ကမ္ဘာကြီး၏ ကျန်းမာရေး တဖြည်းဖြည်းဆိုးရွားလာသည်ဟု သတင်းတွေကြားနေရသည်။ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ငလျင်လှုပ်ခြင်း၊ အိုဇုန်းလွှာပေါက်ခြင်း စသည့် ဖြစ်ရပ်များကလည်း မျက်မြင်ဒိဌ သက်သေထူလျှက်ရှိသည်။ အချို့သော နိုင်ငံရေး မဲဆွယ် သမားများနှင့် သဘာဝပတ်ဝန်းကျင်ဝါဒီများကလည်း ကမ္ဘာကြီးအား ကယ်တင်ရန် တရားဟောကြလေသည်။ မကြာမီပင် ကမ္ဘာကြီး ပျက်စီး၍ ပျောက်ဆုံးတော့ မယောင်ယောင် ပြောနေကြသည်။ ဤလုပ်ကြံမှုကြီးတွင် လူသားတို့၏ တာဝန်မကင်း၊ လူသားတို့ ပြုသမျှ နုရသော ကမ္ဘာကြီးအဖြစ် လူတွေမြင်အောင် တရားပြ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ပလတ်စတစ်မသုံးရေး၊ ကာဗွန်လျှော့ချရေး စသဖြင့် နားငြီးအောင် ကြားနေရသည်။ သတင်းစာ၊ ဂျာနယ်များမှအစ အင်တာနက် ဝက်ဘ်ဆိုက်၊ ဘလော့ဂ် များအထိပင် ကျူးကျော်လာကြသည်။ ကမ္ဘာကြီးအား ကယ်တင်ရေး ဆိုသည့်စကားမှာ နှစ်ဆယ့်တစ်ရာစုတွင် လူတိုင်းကြားဖူးနေသော စကားဖြစ်သည်။ ဒီကြားထဲ 2012 ကဲ့သို့ ကမ္ဘာပျက်မည်ကို နိမိတ်ဖတ်သလိုလို ရုပ်ရှင်မျိုးက ပေါ်လာသေးသည်။


ကမ္ဘာကြီးအား ကယ်တင်ရေး ဆိုသည့်စကားကို သေချာဆန်းစစ်ကြည့်ပါမည်။ ဤစကားတွင် သူ့ဟာသူ ဖြစ်ရှိနေသည့် ကမ္ဘာကြီးအား လူသားများက ကယ်တင်ရမည်၊ ကယ်တင်နိုင်မည်။ မကယ်ပါက ကမ္ဘာကြီး အမှန်တကယ်ပင် သေဆုံးသွားနိုင်သည် ဆိုသည့် အဓိပ္ပါယ်ပါနေသည်။ ကမ္ဘာကြီးအား ကပ်ပါးမှီခို နေထိုင်ရသော လူကဲ့သို့ အဟိတ်တိရစ္ဆာန် (အချို့ကတော့ သတ္တဝါလို့ပြောကြသည်။ ကျွန်တော့်အနေနှင့် လူသည် တိရစ္ဆာန်ထက်မြတ်သည် ဟုဆိုနိုင်သည့် အကြောင်းပြချက် ယခုထိမတွေ့ရသေး) က ပြန်လည် ကယ်တင်ရမည်ဆိုသော စကားသည် သိပ်မရယ်ရသော ပြက်လုံးတစ်ခု သဖွယ်ဖြစ်နေသည်။  အလိုလိုဖြစ်နေသည့် ကမ္ဘာကြီး သေဆုံးသွားမည်၊ ပျက်စီးသွားမည်ဆိုသော ခြောက်လုံးသည် ရွေးကောက်ပွဲတွင် မဲဆွယ်သည့် စကားလုံးတစ်ခုသာ ဖြစ်သည်။ ကမ္ဘာကြီး သေဆုံးနိုင်မည့် ဘေးအန္တရာယ်အမျိုးမျိုးသည် လူသားတို့ကပင် ပြုလုပ်သယောင်ယောင် ပြောဆိုနေကြသည်။

ကမ္ဘာကြီး ပူနွေးလာသည်မှာ မှန်ပါ၏။ သို့သော် လွန်ခဲ့သော အနှစ် လေးသိန်းခွဲမှ ရှစ်သိန်းအကြား ကာလတွင် ဂရင်းလန်းကျွန်းသည် သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်သော အရပ်တစ်ခုဖြစ်ခဲ့သည်။ (ယခု ဂရင်းလန်းကျွန်းဆိုသည်မှာ ရေခဲမှလွဲ၍ ဘာမျှမရှိသော ကျွန်းတစ်ခုဖြစ်သည်။ အိုင်ယာလန်နိုင်ငံ၏ အပေါ်ဘက်နားတွင်ရှိသော ရေခဲကျွန်းတစ်ခုဖြစ်သည်။) ယခု ပူသည်ဆိုသည်မှာ ကမ္ဘာကြီးအတွက်တော့ ပျင်းတောင်ပျင်းသေးသည်။ ထိုထို ယခင်ကလည်း ၄င်းထက်ပင် ပို၍ ပူခဲ့နိုင်သေးသည်ဟု လောကဓာတ်ပညာရှင် များက ဆိုကြသည်။ ယခုမှ ကမ္ဘာကြီး တဖြည်းဖြည်း ပူလာသည်ကို အဆန်းလုပ်၍ ကြောက်လန့်နေကြခြင်းဖြစ်သည်။ သို့သော် ယခုလက်ရှိ ရုရှားနှင့် တိဗက်ကဲ့သို့သော နိုင်ငံများ၏ နှင်းမုန်တိုင်းများကို ကြည့်လျှင် ကမ္ဘာကြီး ပူနွေးလာခြင်းကို သံသယ ဝင်ကောင်း ဝင်နိုင်ပေသည်။

ကမ္ဘာကြီး ပူလာခြင်း၏ အကျိုးဆက်မှာ ရာသီဥတု ဖောက်ပြန်ခြင်းပင်ဖြစ်၏။ မုန်တိုင်းများ စိပ်လာသည်။ အပူအအေး ပြောင်းလဲချိန် မြန်ဆန်လာသည်။ သို့သော် ထိုကိစ္စများသည် အချိန်ကာလ၏ ဖြစ်ရိုးဖြစ်စဉ်များထဲမှ တစ်ချို့သာဖြစ်သည်။ လူသားများ ပြောင်းလဲနိုင်သော ကိစ္စများမဟုတ်။ ဤသည်ကို အချို့နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူများက ပြည်သူများ ပလတ်စတစ်အိတ် အသုံးပြုခြင်းကြောင့်ပင် ဖြစ်သလိုလို ပြောဆိုနိုင်ကြပေ၏။ သို့သော် ထိုကိစ္စရပ်များမှာ အချိန်ကာလနှင့်အတူ လိုက်ပါပြောင်းလဲနေသော ကမ္ဘာကြီး၏ ဆင့်ကဲဖြစ်စဉ်မှ ဖလင်တစ်ကွက်သာ ဖြစ်ပေသည်။

ထို့ကြောင့် ကမ္ဘာကြီးအား ကယ်တင်ရန် အချိန်ရောက်ပါပြီလား။ မရောက်ပါ။ ဘယ်တော့မှလည်း ကယ်တင်ရမည်မဟုတ်ပါ။ ကမ္ဘာကြီးက သူ့ဟာသူ ဖြစ်မြဲအတိုင်း ဆက်လက် ဖြစ်ရှိသွားမည်သာဖြစ်သည်။ မဖြစ်တာက လူသားများပင်။ ၄င်းတို့ မှီခိုနေထိုင်ရသော ကမ္ဘာကြီး၏ ပြောင်းလဲခြင်းများကို မခံနိုင်သည်က လူသားများပင်ဖြစ်၏။ လူသားမျိုးတုန်းမည့်အရေးကို ကမ္ဘာကြီး သေဆုံးမည့်အရေးအဖြစ် လမ်းလွှဲ ပြောဆိုခဲ့ကြခြင်းသာဖြစ်သည်။ လူသားမျိုးနွယ်သည် စက်မှုအားကိုးဖြင့် တဖြည်းဖြည်း “နု” လာသည်ဖြစ်ရာ နောက်ပိုင်းဖြစ်ပေါ်လာသော ကမ္ဘာကြီး၏ ပြောင်းလဲခြင်းများကို ခံနိုင်ရည် မရှိတော့ပေ။ မြေလွှာလေး အနည်းငယ်လှုပ်လိုက်သည်နှင့် သေလိုက်ကြသည်မှာ အတုံးအရုံး။ ထို့ကြောင့် ကြောက်လန့်တကြား ရာသီဥတုကို ထိန်းချုပ်နိုင်ရန် ကြိုးစားလာခဲ့ကြသည်။

ရှေးယခင်က ကမ္ဘာကြီး၏ အခြေအနေသည် ယခုထက်ပင် ဆိုးခဲ့ပါ၏။ ထိုစဉ်ကလည်း ကမ္ဘာတွင် သက်ရှိများရှိခဲ့သည်ဖြစ်၍ ကမ္ဘာကြီး အသက်ရှင်ခဲ့သည်။ ကမ္ဘာကြီးသေဆုံးတော့မည်ဟု ယခုပြောနေခဲ့ကြသော အသံများသည် စင်စစ်အားဖြင့် လူသားများ သေဆုံးကြတော့မည် ဟုပြောနေခဲ့သည်သာ ဖြစ်သည်။ ဒါဝင်၏ အကောင်းဆုံးသာ ရှင်ကျန်နေခဲ့မည့် ရွေးချယ်မှု (natural selection) တွင် လူသားများ လိုက်ပါနိုင်စွမ်းရှိမည်မဟုတ်တော့။ ထို့ကြောင့်ပင် ကမ္ဘာကြီးအားကယ်တင်ရန် လှုံ့ဆော်အားပေးနေခဲ့ကြခြင်းဖြစ်သည်။ သို့မှသာ လူသားများ အဓွန့်ရှည် တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီးအားကယ်တင်ရေး ဆိုသည့် စကားရပ်သည် လူသားများ မိမိအတ္တကို ဆင်သေကောင်အား ဆိတ်သားရေအကြီးစားဖြင့် ဖုံးအုပ်သည့် မဟာလှည့်ကွက်ကြီးတစ်ခုသာ ဖြစ်ပေသည်။

No comments: