Friday, March 5, 2010

ပျောက်ဆုံးနေခြင်းများအတွင်း၌ ရှာဖွေ၍မရနိုင်တော့သည်များ (မြင့်သန်း)

... What happens to me happens through me, and I can neither affect myself with it nor revolt against it nor resign myself to it. I am alwasys the focal point of everything that happens to me.
Jean-Paul Sartre, Being and Nothingness.

အဘိုးဆုံးသွားတာ ကြာပြီ။ အဘိုးဆုံးသွားတော့ အဖေက ဖုန်းဆက်ပြောတယ်။ နယ်ပိုင်ကြီးကလည်း ဆက်တယ်။ မင်း လာနိုင်မယ် မထင်လို့ ငါနဲ့ နယ်ပိုင်ကြီးနဲ့ ကြည့်ပြီးစီစဉ်လိုက်တယ်လို့ အဖေက ပြောတယ်။ နယ်ပိုင်ကြီးကပြောတော့ ခင်ဗျား အဖေကပဲ ဦးဆောင်ပြီး စီစဉ်လိုက်တယ်လို့ ပြောတယ်။ ဘယ်လို စီစဉ်လိုက်ကြမှန်းတော့ မသိဘူး။ ကျွန်တော်လည်း မေးမကြည့်မိဘူး။ အသက်မရှူတော့တဲ့ ရုပ်ခန္ဓာချည်းသက်သက်ကို မြေမြှုပ်ချင်မြှုပ်၊ မီးသင်္ဂြိုလ်ချင် ဂြိုလ် ဒီနှစ်ခုပဲ ရှိတယ်။ ဂူတွေဘာတွေတော့ လုပ်မှာမဟုတ်ဘူး။ အဘိုးက ဂူသွင်းတာတို့ဘာတို့ မကြိုက်ဘူး။ ငါသေရင် ငါ့ကို သတိမရနေကြစေချင်ဘူးရယ်လို့ ပြောဖူးတယ်။ သေသွားတဲ့အဘိုးကို ဘယ်လိုစီစဉ်လိုက်ကြတယ်ဆိုတာ ကျွန်တော်လည်း မသိချင်ဘူး။ လူအဖြစ်နဲ့ ရှိနေစဉ်တုန်းက ကျွန်တော်ရဲ့ အဘိုးဟာ သေသွားတော့ အဘိုးမဟုတ်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ အသက်လည်း မရှိတော့ဘူး။ သိမှုမရှိတော့ ထင်းတုံးတစ်တုံးနဲ့ ဘာမျှ ကွာမှာမဟုတ်တော့ဘူး။ ဒီလို တွေးကြည့်မိတော့လည်း တိဗက်တွေဟာ လူသေသွားပြီးရင် ခုတ်ထစ်ပြီး လဒစာကျွေးတယ်ဆိုတာ ဟုတ်တုတ်တုတ်ပဲလို့တောင် မြင်မိတယ်။ ဘာချည်းပြောပြော အဘိုးကိုတော့ သတိရ နေသေးတယ်။ သူ အသက်ရှင်နေတုန်းကာလကို သတိရနေမိတယ်။ သူ အသက်ရှိစဉ်က ကျွန်တော်ရဲ့ အဘိုးဖြစ်ခဲ့တဲ့ လူတစ်ယောက်ကို သတိရနေမိတာ။ “သူ” ဆိုတဲ့နာမ်စားဟာ ခုတော့ “ရှိတုန်းက” ဆိုတဲ့ အချိန်ပြပုဒ်တစ်ခုနဲ့ တွဲသုံးစရာ ဖြစ်သွားတယ်။


အဘိုးနဲ့ နောက်ဆုံးအကြိမ် တွေ့တုန်းကတော့ သူကပြောတယ်။ မင်းနဲ့ငါ နောက်တစ်ကြိမ် တွေ့ချင်မှ တွေ့ကြတော့မှာ။ ဒီတော့ မင်းအနေနဲ့ ပြောစရာရှိရင် ပြောထားခဲ့ချေတဲ့။ အဲဒီတုန်းက အဘိုးကို မဟုတ်တာဘဲ အဘိုးရယ်၊ ကျွန်တော်တို့ တွေ့ကြဦးမှာပါ၊ အဘိုးလည်း ကျန်းမာနေသေးတာပဲလို့ပြောတော့ အဘိုးက ပြုံးတယ်။ ပြီးတော့ သဘာဝကျကျ စဉ်းစားစမ်းပါကွာ။ ကိုယ့်ကိုယ်ကိုယ် မညာချင်စမ်းပါနဲ့လို့ ပြန်ပြောတယ်။ အဘိုးက ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော် သဘောမပေါက်မိဘူး။ ဘာကိုဆိုလိုတာလဲ အဘိုးလို့ ကျွန်တော်က ပြန်မေးလိုက်မိတယ်။ သေခြင်းတရားဆိုတာ ကိုယ်နဲ့မဆိုင်တာတစ်ခုလို့ တွေးထားလို့မရဘူး။ သဘာဝတရားကြီးအထဲမှာ တကယ်ရှိနေတာ တစ်ခုပဲ။ လူတွေက ကမောက်ကမတွေမြင်ပြီး ရှိတာကို မရှိသလို၊ မရှိတာကို ရှိသလို သဘောထားနေကြတာလို့ အဘိုးက ပြောပြန်တယ်။ ဒီတော့မှ ပိုရှုပ်ကုန်တာ။ အဘိုးရာ အဘိုးပြောတာတွေ ရှုပ်ရှုပ်လာတယ်လို့ပြောတော့ အဘိုးက ခေါင်းခါရင်း လွယ်လွယ်ကလေးပါကွာလို့ ပြောတယ်။ အဘိုး ရှင်းပြမယ်လို့ စကားခံလိုက်ပြီး ရှင်းပြတယ်။ လူတွေဟာ လူအဖြစ်နဲ့ ရှိနေတယ်လို့ မြင်နေကြတယ်။ ရှိနေတယ်ဆိုတာ မြဲနေတဲ့သဘောပဲ၊ ခြံထိပ်မှာ သစ်ပင်တစ်ပင် ရှိနေတယ်ဆိုရင် ဘယ်အချိန်သွားကြည့်ကြည့် မြင်နေရတယ်။ မြဲနေတယ်လို့ ထင်နေကြတယ်။ တကယ်တော့ လူတွေဟာ ဖြစ်နေခြင်းတစ်ခုပဲ။ ရှိနေခြင်းက တခြား၊ ဖြစ်နေခြင်းရဲ့ အတွင်းမှာ ရှိနေကြရတာ။ ဖြစ်နေခြင်းရဲ့ အတွင်းမှာ အသေချာဆုံးအရာဟာ ရှိနေခြင်းပဲ။ ဆက်တိုက်ဖြစ်နေခြင်းကို လူတွေက ဖြစ်၊ ရှိနေတယ်လို့ ထင်နေကြတာကွလို့ အဘိုးက အရှည်ကြီး ရှင်းပြတယ်။ လူဟာ ဖြစ်နေခြင်းအတွင်းကဆိုတဲ့ အထိတော့ ကျွန်တော် သဘောပေါက်တယ်။ ဒီထက်ပိုလာတဲ့ဟာတွေကိုတော့ သဘောပေါက်သလိုလိုပဲ။ သဘောပေါက်သလိုလိုပဲဆိုတာ ငါးဆယ် ရာခိုင်နှုန်းလောက်ပဲ သဘောပေါက်တာလားလို့ မေးရင်တော့ အတော် ဖြေရကျပ်မယ်ထင်တယ်။ ပြဿနာက နားလည်တယ်၊ နားမလည်ဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး ရာခိုင်နှုန်းနဲ့ တွက်လို့ရမှာလဲ။ နားလည်ရင် နားလည်တာပဲ။ နားလည်သလိုလိုပဲဆိုတာက တကယ်တော့ နားမလည်ဘူးဆိုတာကို ဘေးလူ အထင်ကြီးအောင် ကိုယ့်ကိုယ်ကို သိက္ခာတင် ပြောတာပဲမဟုတ်လား။

အဲဒီနေ့ကတော့ ဘာကြောင့်မှန်း မသိဘူး။ အဘိုးကို ကျွန်တော် မေးကြည့်လိုက်မိတယ်။ တစ်နေ့ အဘိုးမရှိတော့တဲ့အခါ ရှိနေသေးတဲ့ လူတွေက အဘိုးကို ဘယ်လို သတိရ စေချင်သလဲ။ ဥပမာပြောရရင်တော့ အဘိုးရာ ဒီလူကြီးဟာ လူတော်ကြီး၊ ဒီလူကြီးဟာ လူကောင်းကြီး ဆိုသလိုပေါ့။ အဘိုးကို ဘယ်လိုများ အမှတ်ရ နေကြစေချင်သလဲ။ ကျွန်တော်မေးတာကို အဘိုးက ပြုံးပြီးကြည့်ရင်း နားထောင်နေတယ်။ ပြီးတော့ ခေါင်းတညိတ်ညိတ်လုပ်တယ်။ တကယ်တော့ မင်းက စိတ်ကူးယဉ်တတ်တာပဲလို့ အရင်းမရှိ အဖျားမရှိ ပြောတယ်။ ကျွန်တော်မေးတာကို မဖြေသေးဘူး။ ကျွန်တော်လည်း အံ့အားသင့်သွားလို့ အဘိုးကို ကြည့်နေမိတယ်။ မနေနိုင်လို့ ဘာကိုဆိုလိုတာလဲအဘိုးလို့ မေးကြည့်လိုက်မိတယ်။ ကိုယ် ကိုယ်တိုင်က ထိန်းချုပ်နိုင်စွမ်း မရှိတာကို အရှည်အကျယ် ဆက်တွေးကြည့်တာဟာ စနစ်တကျ ဆင်ခြင်ခြင်းရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကို ကျော်လိုက်တာချည်းပဲ သားရဲ့။ စနစ်တကျဆင်ခြင်ခြင်းရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကို ကျော်လိုက်တာ မှန်သမျှဟာ စိတ်ကူးယဉ်တယ်ဆိုတဲ့ အနေအထားတစ်ခုအဖြစ် ပြောင်းသွားတော့တာပဲလို့ အဘိုးက ပြောတယ်။ အဘိုးပြန်ပြောလိုက်တာက ကျွန်တော်မေးတာကို ဖြေတော့ ဖြေလိုက်တာပဲထင်တယ်။ ဒါပေတဲ့ ကျွန်တော်မေးတာကို ဖြေလိုက်တာပဲရယ်လို့တော့ ကျွန်တော် မသိလိုက်မိဘူး။ ဒီတစ်ခါတော့ ရှင်းရှင်းပဲ။ အဘိုးကို တည့်တည့်ပဲ ပြန်ပြောလိုက်တယ်။ အဘိုးပြောတာ ကျွန်တော် နားမလည်ဘူးလို့၊ အဘိုးက ပြုံးပြန်တယ်။ ပြီးမှ ပြောတယ်။ သူများတွေက ကိုယ့်ကို ဘယ်လိုမြင်ဖို့၊ ဘယ်လိုလက်ခံဖို့ဆိုတာ ကိုယ်က မှာထားခဲ့လို့ မရဘူးကွဲ့။ ဒီကိစ္စက နှစ်နှစ်လီ လေးဆိုတာမျိုး လုပ်လို့မရဘူး။ နှစ်နှစ်လီ လေးဆိုတာက နှစ်နဲ့လေးကို ဘာမှန်းမသိတဲ့ ကလေးတစ်ယောက်ကို အလွတ်ကျက်ခိုင်းထားလို့ရတယ်။ အဲဒီကလေးက တစ်ချိန်ကျတော့ နှစ်ဆိုတာဘာ၊ လေးဆိုတာဘာလို့ သိလာရင် နှစ်နှစ်လီ လေးဆိုတာကို အကျယ်ထပ်ရှင်းပြဖို့ မလိုတော့ဘူး။ ဒါပေတဲ့ နွားကျောင်းသားက ကိုယ့်ကိုယ်ကိုယ် ဘုရားအလောင်းလို့ မြင်အောင် လူတကာကို လိုက်ပြောထားလို့ မရဘူး။ နွားကျောင်းသားဟာ ဘုရားအလောင်းလို့ တော်မှသာ လူတွေက သူ့ကို ဘုရားအလောင်းလို့ မြင်မှာ။ အဘိုးပြောချင်တာက အဘိုးဟာ ဘာချည်းဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာချည်းလုပ်ခဲ့လုပ်ခဲ့ လူတိုင်းဟာ အဘိုးကို သူတို့အမြင်ထဲမှာ သူတို့ကြိုက်သလို မြင်နိုင်တယ်။ ဒါ သူတို့ အခွင့်အရေးပဲလို့ အဘိုးက ပြန်ဖြေရှင်းပြပြီး ခဏ ရပ်နေတယ်။ ကျွန်တော်ကတော့ အဘိုးရဲ့ အဖြေတွေကို သိပ်စိတ်ဝင်စားတယ်။ နောက်တော့ အဘိုးက သူ့စကားကို အဆုံးသတ်တယ်။ အဘိုး မရှိတော့ဘူးဆိုတဲ့အခါ ဘာဖြစ်လို့ သတိရနေကြရတော့မှာလဲ။ အဲဒီအခါမှာ အရေးအကြီးဆုံးနဲ့ ရှိနေခြင်းတစ်ခုက အဘိုးရဲ့ မရှိတော့ခြင်းပဲတဲ့။

ဒီလိုတော့လည်း ကျွန်တော်နားလည်တယ်။ အဘိုးနဲ့ စကားသွားပြောနေကျ နယ်ပိုင်ကြီးကတော့ အဘိုးဆုံးသွားတဲ့အတွက် သိပ်ဝမ်းနည်းနေသလိုပဲ။ အဘိုးဆုံးပြီး နှစ်နှစ်အကြာမှာ နယ်ပိုင်ကြီးနဲ့ အဖေနဲ့ ကျွန်တော်တို့ လူချင်းတွေ့ဖြစ်ကြတယ်။ နယ်ပိုင်ကြီးက အဲဒီအချိန်အထိ စကားပြောတိုင်း ဝမ်းနည်းသံပါ နေသေးတယ်။ သူ့အပြောအရ အဘိုးဆုံးပြီး ရှစ်လလောက်အကြာမှာပဲ သူလည်း ဆေးခွင့်တင်ပြီး အလုပ်က ထွက်လိုက်တယ်တဲ့။ ခင်ဗျားအဘိုး ဆုံးသွားတော့ဗျာ ကျွန်တော့်မှာ အားကိုးတစ်ခု ပျောက်သွားသလိုပဲ။ ဘာမျှ ဆက်ပြီး လုပ်လို့ကိုင်လို့ မကောင်းဘူး။ အဘိုးအိမ်ဘက်ကို သွားမယ်ဆိုရင် လစ်ဟာနေတဲ့ အရပ်တစ်ခုကို သွားရသလိုပဲ။ မရှိမှန်းသိသိနဲ့ ရှိနေခဲ့တုန်းကဟာတွေကို သတိရနေတယ်လို့ ပြောတယ်။ အဖေကလည်း သူ့အပြောကို ထောက်ခံတယ်။ အဖေက လက်တွေ့ဆန်တယ်လို့ ပြောရလိမ့်မယ်။ အဖေက စီးပွားရေးအမြင်မှာ အများကြီး ရှေ့ကို ကြိုတွေးတတ်တဲ့လူ။ အဖေနဲ့ နှစ်ယောက်ချင်းတွေ့တော့ အဖေက ပြောတယ်။ မင့် နယ်ပိုင်ကြီးကို ငါတို့ အတော်စောင့်ရှောက်ထားရတယ်။ ငါ့အထင်ပြောရရင်တော့ မင့်အဘိုး ဆုံးသွားတော့ သူက မင်းထက်တောင် ခံစားနေပုံရတယ်တဲ့။ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ နယ်ပိုင်ကြီးက အဘိုးနဲ့ ပိုပြီး အနီးကပ်နေရတာ။ တစ်ခါတစ်လေ သောကြာနေ့ ညနေကတည်းက အဘိုးအိမ်ကို သွားတယ်။ စားစရာ၊ သောက်စရာတွေ ဝယ်သွားပြီး သူကိုယ်တိုင် ချက်ပြုတ်ပြီး စားရင်း သောက်ရင်း စကားပြောကြတယ်။ ရာသီဥတုများကောင်းရင် မြစ်ဘက်ကို မြင်နေရတဲ့ အဘိုးအိမ်ရဲ့ ဝရန်တာပေါ်မှာထိုင်ပြီး ညတစ်ဝက်လောက်အထိ စကားပြောကြသတဲ့။ နယ်ပိုင်ကြီး ပြန်ပြောပြတဲ့အထဲမှာ ကျွန်တော်စိတ်ဝင်စားမိတဲ့ အချက်တစ်ခုကတော့ ခင်ဗျားအဘိုးဟာ ကျုပ်ကို နားလည်တယ်ဆိုတဲ့ အချက်ပဲ။ ကျွန်တော့်အမြင်ထဲမှာတော့ အဘိုးဟာ နယ်ပိုင်ကြီးကိုမှ မဟုတ်ဘူး လူတွေကို နားလည်တယ်လို့ မြင်တယ်။ နားလည်တယ်လို့ ဆိုရပေတဲ့ နားလည်တဲ့အတွက် သဘောတူတယ်လို့ ကျွန်တော် မပြောဘူး။ နားလည်တဲ့အတွက် အစစအရာရာ ခွင့်လွှတ်တယ်လို့ ကျွန်တော်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဘိုးဟာ ဖြစ်နေတဲ့အတိုင်း စီးမျောလိုက်ပါသွားတတ်တဲ့ လူတွေကို သိပ်မကြိုက်ဘူး။ သူ့အမြင်ထဲမှာ လူဟာ ဖြစ်နေတာနဲ့ ဖြစ်သင့်တာ နှစ်ခုအကြားမှာ ရွေးချယ်စရာ တစ်ခုခု လုပ်ရမယ်ဆိုရင် ဖြစ်သင့်တာကိုရွေးဖို့ လိုတယ်လို့ ပြောလေ့ရှိတယ်။

နယ်ပိုင်ကြီးက စိတ်ဝင်စားဖို့ကောင်းတာတစ်ခု ပြောပြတာ ရှိသေးတယ်။ ခင်ဗျားသူငယ်ချင်း သင်းအုပ်ဆရာ ဦးအာလ်ဘိ လာရင်လည်း အဘိုးက ခင်ဗျားကို သတိရနေတတ်တယ်။ သင်းအုပ်ဆရာက နှစ်လတစ်ခါလောက် မြို့တော်ကိုသွားဖို့ တောင်ရိုးက ဆင်းလာရင်း အဘိုးအိမ်မှာ တစ်ညလောက် ဝင်အိပ်တတ်တယ်။ တစ်နေ့တော့ အဘိုးက သင်းအုပ်ဆရာကို ပြောတယ်။ ခင်ဗျားသူငယ်ချင်း ကျုပ်မြေးကိုလည်း ဆုံးမစမ်းပါဦးတဲ့။ ဒီတော့ သင်းအုပ်ဆရာက ပြောတယ်။ အဘိုးဟာ မြင်းလို ကောင်းကောင်းပြေးတတ်အောင် လိပ်ကို အပြေးသင်ခိုင်းနေတာပဲတဲ့။ အဲဒီတုန်းကများဗျာ ခင်ဗျားအဘိုး အားပါးတရရယ်တာ မျက်ရည်များတောင် ထွက်တယ်။ ပြီးတော့ သင်းအုပ်ဆရာက ပြောတယ်။ အဘိုး ငါ့နောက်မှာ ထာဝရဘုရားသခင် ရှိတယ်။ အဘိုးမြေး အနောက်မှာ ဘာမျှမရှိဘူး။ တစ်နည်းပြောရရင် သူက ငါ့ထက်တောင် လွတ်လပ်နေသေးတယ်။ ငါ့အနေနဲ့ ဆုံးမရရင် သူ့နောက်မှာ ထာဝရဘုရားကို နေရာချထားပေးဖို့ပဲ ငါ့အနေနဲ့ ပြောနိုင်မယ်။ ငါ ဆုတောင်းပေးနိုင်တယ်။ ဒါပေတဲ့လည်း သူက သူ့အနောက်မှာ တစ်ခုခုက ထိန်းချုပ်ထားမှာ သိပ်ကြောက်တဲ့လူပဲ အဘိုးရဲ့လို့ပြောတော့ အဘိုးက ခေါင်းတညိတ်ညိတ်လုပ်ပြီး နားထောင်နေတယ်။ နောက်တော့ အဘိုးက ပြောတယ်တဲ့။ ဒီအပိုင်းကတော့ဗျာ ခင်ဗျားရော ကျုပ်ပါ ဘာမျှ မတတ်နိုင်တဲ့ကိစ္စ။ သူ့ရဲ့ ရွေးချယ်ခွင့်ပဲဗျ။ ကျုပ် စိတ်ပူနေတာတစ်ခုက ခင်ဗျားကူညီနိုင်တာနဲ့ တိုက်ရိုက်တော့ မသက်ဆိုင်ဘူးထင်တယ်။ ကျုပ် သတိထားမိတာတစ်ခုက သူ့မှာ တွယ်တာစိတ် နည်းနည်းလာတာကိုပဲ။ သူနေတဲ့ လူ့အဖွဲ့အစည်း၊ သူလုပ်တဲ့ အလုပ်နဲ့ယှဉ်ပြီး ကျုပ်မြေးက ဆင်ခြင်တုံတရားကို ဦးစားပေးတယ်။ ဦးစားပေးတဲ့အပိုင်းကတော့ ဘာမျှလုပ်လို့မရဘူး။ ဦးစားပေးဖို့အတွက် စိတ်လှုပ်ရှားမှု နည်းနိုင်သမျှ နည်းနိုင်အောင် စိတ်ကို ပျိုးထောင်ယူသတဲ့။ အဲဒီလောက်အထိကျတော့ မကောင်းလှဘူးလို့ ထင်တယ်လို့ ခင်ဗျားအဘိုးက ပြောတယ်တဲ့။ ပြီးတော့ သူသိရုံလောက်အတွက်ပဲ ကျွန်တော် ပြောပြဖူးတဲ့အကြောင်းတွေကိုတောင် အဘိုးက နယ်ပိုင်ကြီးနဲ့ ဦးအာလ်ဘီကို ပြောတယ်ဆိုပဲ။ အဲဒီနေ့တုန်းက အဘိုးက ပြောသေးသတဲ့။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် လူမှာ ခံစားတတ်တယ်ဆိုတာကလေးတော့ ရှိသင့်သေးတယ်လို့ ထင်တာပဲလို့ ပြောသေးတယ်တဲ့။

ဒီအချက်ကတော့ အဘိုးနဲ့ အဖ အကြားမှာ အဓိကကွာခြားချက် တစ်ရပ်ပဲ။ အဖေမှာ ခံစားချက် နည်းတယ်ထင်တယ်။ သနားတတ်တာဟာ မကောင်းဘူးလို့ အဖေက ပြောလေ့ရှိတယ်။ သနားရင် သံသရာ ရှည်တတ်တယ်လို့လည်း ပြောတယ်။ ဘာကြောင့် ဘယ်လိုရယ်ဆိုတာတော့ ကျွန်တော်လည်း မသိဘူး၊ မေးမကြည့်မိခဲ့ဘူး။ တစ်ခါက စကားစပ်မိတော့ အဖေက ပြောတယ်။ ခံစားတာတို့၊ စိတ်လှုပ်ရှားမှုအပေါ်မှာ တုန့်ပြန်တာတို့ဆိုတာက အချိန်ပိုနေတဲ့ လူတွေအတွက် ကောင်းတယ်တဲ့။ ဘာလို့လဲလို့မေးကြည့်တော့ ရုန်းကန် လှုပ်ရှားနေရတဲ့ လူတစ်ယောက်မှာ အချိန်ပို မရှိဘူး။ မရှိလို့ ခံစားချက်တစ်ခုခုအပေါ်မှာ အချိန်ကုန်ခံမနေနိုင်ဘူးတဲ့။ ဝေဒနာ တစ်စုံတစ်ရာကို ပွားမယူနိုင်ဘူးတဲ့။ ဒီအကြောင်းကို အဘိုးကိုပြောပြတော့ အဘိုးက ပြုံးနေတယ်။ ပြီးမှ မင်းအဖေက စီးပွားရေး သမားကွဲ့။ စီးပွားရေးအမြင်မှာ အဓိက ရှေ့တန်းတင်ပြီး လက်ခံထားတာက အကျိုးအမြတ်ပဲ။ အကျိုးအမြတ်ဆိုပေတဲ့ ပိုက်ဆံကိုချည်း တွက်တာမဟုတ်ဘူး။ သူ လက်ခံထားတဲ့ အတိုင်းအတာထဲမှာ မြတ်စွန်းမှု တစ်ခုခုရတာဟာ သူ့ရဲ့ အကျိုးအမြတ်ပဲ။ ဒီတော့လည်း သူလိုလူမျိုး အဖို့ကတော့ အသုံးကျ၊ အသုံးဝင်မှုဟာ စံတစ်ခုပဲ။ ဝေဒနာတစ်စုံတစ်ရာဆိုတာက အသုံးကျ၊ အသုံးဝင်မှုနဲ့ တိုင်းတာကြည့်လို့မှ မရဘဲ။ မင့်အဖေအတွက်တော့ ခံစားချက်ဆိုတာ အချိန်ပုပ်တဲ့ အလုပ်တစ်မျိုးကလွဲလို့ ဘာမျှမဟုတ်ဘူးလို့ မြင်မှာပဲ။ သူ့ဟာနဲ့သူတော့ ဟုတ်သပေါ့ကွာလို့ အဘိုးက ရှင်းပြတယ်။ ဒီလိုဆိုပြန်တော့လည်း အဖေ့အယူအဆကို ကျွန်တော်က အကြိုက်သား။ အဖေ့လို စီးပွားရှာတာကို နားမလည်ပေတဲ့ ခံစားချက်ရှိတာ အချိန်ပုပ်တယ်ဆိုတာကိုတော့ သဘောတူတယ်။ အသက်ကြီးလာသေ ပိုပြီး သဘောကျလာလေပဲ။ အဖေပြောတဲ့ စီးပွားရေးဆိုတာက ငွေကြေးအရ မြတ်စွန်းမှုတင် မဟုတ်ဘူး။ မင်းအသိအမြင် မင်းပါဝင်နေတဲ့ လူ့အဖွဲ့အစည်းတို့နဲ့ ယှဉ်ပြီး မြတ်တယ်၊ ရှုံးတယ်ဆိုတာလည်း ကြည့်ဖို့လိုသတဲ့။ ကျွန်တော်ကတော့ သိပ်သဘောမပေါက်ဘူး။ နားမလည်ဘူးလို့ပဲ ဆိုပါတော့။ ရှင်းပြပါဦး အဖေရာလို့ ပြောတော့ အဖေက မင်းနားလည်တဲ့ အတွေးအခေါ်ဆိုတာတွေနဲ့ ငါ ရှင်းပြမယ်လို့ ပြောတယ်။ လူတွေဟာ သူ့အတွေးအခေါ်နဲ့သူ နေကြသလို သူများအတွေးအခေါ်ကိုလည်း ယူသုံးတတ်ကြတယ်။ သူများပြောဆိုထားခဲ့တာတွေအတိုင်း လုပ်ကိုင်ကြည့်လို့ ကိုယ့်မှာအကျိုးရှိတယ်ဆိုရင် တခြားအတွေးအခေါ်တစ်ခုအရ ကိုယ်က အမြတ်အစွန်း ရလိုက်တာပဲတဲ့။ ဒီလိုတော့လည်း ဟုတ်သားပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နယ်ပိုင်ကြီးနဲ့ တယ်လီဖုန်း ပြောဖြစ်တယ်။ နယ်ပိုင်ကြီးက အဘိုးအိမ်ကို ဆက်ပြီး စောင့်ရှောက်ထားလေတော့ အဘိုးအိမ်ကလေးအကြောင်း ပြောတယ်။ နားထောင်နေရပေတဲ့ အဘိုးအိမ်ကို မျက်စိထဲမှာ သိပ်မမြင်တော့ဘူး။ ခင်ဗျားတို့ မြေးအဘိုး လှေလှော်ကြတုန်းကလေ . . ဆိုပြီး နယ်ပိုင်ကြီးက ပြောနေပေတဲ့၊ မျက်စိထဲမှာတော့ ရေးတေးတေးပဲ၊ သိပ်မသဲကွဲ ချင်တော့ဘူး။ နယ်ပိုင်ကြီးက စကားပြောရင်း ခင်ဗျားအဖေ ရှိတုန်းကဗျာ . . လို့ အစချီပြီး စကားတစ်ခွန်းပြောတော့ အဖေဆုံးသွားတာကို သတိပြန်ရလိုက်မိတယ်။ ဒီတော့မှပဲ အဖေတောင် ဆုံးသွားတာ အတော်ကြာလှပေါ့လို့ စကားပြောနေရင်း အသိတရားတစ်ခု ပေါ်လာတယ်။ တကယ်တော့ အဖေဆုံးသွားတာဟာ ဆုံးသွားတာပဲ။ သေတယ်ဆိုတာက တားထားလို့မှ မရဘဲ။ သေတယ်ဆိုတာဟာ ယေဘုယျကျတဲ့ သိမှုတစ်မျိုးမို့ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ချင်ထင်ကြမယ်။ သေသေ ချာချာ စဉ်းစားကြည့်ရင်တော့ သေတယ်ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုတစ်ခုပဲ။ ဝေမျှခံစားလို့ရတာမျိုး မဟုတ်ဘူး။ ကျွန်တော့်ကိုယ်စား သေပေးပါလို့မှ လုပ်လို့ မရဘဲ။ ဒါကြောင့်မို့လည်း ရှေးတုန်းက တချို့လူမျိုးတွေမှာ သေတာဟာ ကာမဂုဏ် ခံစားသလိုပဲလို့ မြင်ကြတာ။ အဖေဆုံးတော့ သူတစ်ယောက်တည်း ဆေးရုံပေါ်မှာ။ ဘယ်သူမျှ မသိလိုက်ဘူး။ နာတာရှည်နဲ့ အိပ်ရာပေါ် နှစ်ရှည်လများ လဲနေရာက တစ်နေ့တော့ သေသွားတာပဲ။ အဘိုးလို ရုတ်တရက်ဆုံးသွားတာ မဟုတ်ဘူး။ တစ်နေ့တော့ သေမှာပဲလို့ သိထားတဲ့ အသိထဲကနေ အသိဟာ အဖြစ်တစ်ခု ပြောင်းသွားတာ။ ဒီအဖြစ်ဟာ အရာရာကို ပြီးဆုံးသွားစေတဲ့ ဖြစ်ခြင်းတစ်ခုပဲ။ အဘိုးဆုံးတုန်းက အဖေက မျက်ရည်မကျဘူး။ တချို့ကတော့လည်း အသက်အရွယ်အရ တရားရှိလို့ ဘာလို့၊ ညာလို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။ အဘိုးဆုံးသွားပြီးတော့ အဖေပြောတဲ့စကားထဲမှာ သေတာဟာ သေတာပဲကွ။ ဝမ်းနည်းဖို့ ကောင်းတာတစ်ခုက နောင် ဘယ်တော့မှ သူ့ကို တို့ ပြန်မတွေ့ရတော့ဘူးတဲ့။ ဒီတော့မှ ကျွန်တော်လည်း တုန်လှုပ်သွားတယ်။ အဖေပြောတဲ့ အတိုင်းပဲ အဘိုးကို ကျွန်တော် ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ အဖေဆုံးသွားတော့ အဖေပြောခဲ့တဲ့ အဲဒီစကားဟာ ကျွန်တော့်ခေါင်းထဲကို ခုန်ပေါက်ပြီး ပြန်ဝင်လာတယ်။ ကျွန်တော်ကတော့ အဖေ့လို တရားမရှိဘူး။ ဒီတော့ မျက်ရည်ကျမိတယ်။ ဒါပေမဲ့လည်း သူ အသက်ရှင်နေတုန်းကတောင် ကျွန်တော်နဲ့ အမြဲတွေ့နေကြတာမှ မဟုတ်ဘဲ။ အဘိုးရယ်၊ အဖေရယ်၊ ကျွန်တော်ရယ်က တစ်နေရာစီမှာ။ ကိုယ့်အလုပ်၊ ကိုယ့်အတွေးနဲ့ ကိုယ့်ဘာသာ အသက်ရှူနေကြတာပဲ။ ရှိနေတယ်ဆိုတာကို သိနေကြတာပဲ။ ရှိနေတယ်ဆိုတာကို သိနေလို့ သိနေခြင်းအတွင်းကနေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု ရှိကောင်းရှိနေမယ်။ စကားပြောချင်ရင် လှမ်းပြောလို့ ရတယ်။ ဒါပေတဲ့လည်း မပြောဖြစ်ကြဘူး။ ခုတော့ သိမှုထဲမှာ မရှိတော့ဘူးဆိုတဲ့အတွက် ဆက်သွယ်လို့ မရတော့ဘူး။ ဆက်သွယ်လို့ မရတော့တာက မရှိတော့လို့ မဟုတ်တော့ဘူး။ မရှိခြင်းဟား ရှိနေလို့ပဲ။ အဘိုးနဲ့ အဖေတို့ ရှိနေတုန်းကတောင် အမြဲလို စကားပြောဆို ဆက်သွယ်တာ မရှိခဲ့လေတော့ အခု မရှိတော့ဘူးဆိုတဲ့အခါမှာ မဆက်သွယ်နိုင်တော့ဘူးဆိုတာ ဘာများထူးဆန်းလို့လဲ။ တကယ်စဉ်းစားကြည့်ရင် မရှိတော့ခြင်းဟာ အဓိပ္ပာယ်မရှိဘူး။ အနက်တစ်စုံတစ်ခုကို ဖော်မပေးနိုင်ဘူးဆိုရင် ရှိနေခြင်းတိုင်းဟာလည်း အဓိပ္ပာယ်မှ မရှိတော့ပဲ။ သီးခြားလူ တစ်ဦးချင်းစီရဲ့ အခြေခံ အတွေ့အကြုံတွေဟာ အဓိပ္ပာယ်မရှိခြင်းသက်သက်ပဲ မဟုတ်လား။

ပြီးခဲ့တဲ့ တစ်လလောက်တုန်းကတော့ နယ်ပိုင်ကြီး ဆုံးသွားကြောင်း ကြားရတယ်။ နှလုံးရပ်သွားတယ်လို့ ပြောကြတယ်။ တကယ်တော့ ဘယ်လိုသေသေ နှလုံးကတော့ ရပ်သွားချည်းပဲထင်တယ်။ ဘာလို့များ အဲဒီစကားလုံးကို ဆင်ခြေအဖြစ် သုံးနေကြတယ်တော့ မသိဘူး။ နှလုံးရပ်လို့ သေသွားတယ်ဆိုတဲ့ နယ်ပိုင်ကြီး သေသွားတာကို ကျွန်တော် ဝမ်းနည်းရမှာလား၊ ဝမ်းသာပေးရမှာလား မသိဘူး။ ဝမ်းသာတယ် ဆိုတာက အော် . . သူ့ခမျာ ဖြစ်နေရခြင်းဆိုတဲ့ အဖြစ်အသွင်က ပြီးမြောက်သွားပါကလားလို့ တွေးကြည့်ပြီး ဝမ်းသာရမလားဆိုတာကို တွေးမိလို့။ အဘိုးစကားနဲ့ ပြောရရင်တော့ ဖြစ်နေခြင်းဆိုတာတိုင်းဟာ ဖြစ်စဉ်ကြီး တစ်ခုထဲမှာကိုး။ ဘာမျှ ထိန်းချုပ်ထားလို့ မရတဲ့ ဖြစ်စဉ်ကြီးပဲ။ လူတွေ သွားနေလာနေ၊ စားသောက်နေကြတယ်ဆိုတဲ့ ဖြစ်စဉ်ကြီး။ ဖြစ်စဉ်ကြီး ဆိုတော့လည်း ကောင်းတာ၊ မကောင်းတာ၊ ကိုယ်သဘောကျတာ၊ မကျတာဆိုတဲ့ ဆန့်ကျင်ဘက် အစုံ အစုံတော့ ပါနေမှာပဲ သားရဲ့လို့ ပြောလေ့ရှိတဲ့ အဘိုးစကားကို ကြားမိပြန်တယ်။ ကောင်းတာ၊ မကောင်းတာ၊ ကိုယ်သဘောကျတာ၊ မကျတာဆိုတဲ့ ဆန့်ကျင်ဘက် အစုံ အစုံတော့ ပါနေမှာပဲဆိုတော့လည်း ဘယ်ကောင်းမှာတုန်း အဘိုးရ။ လူဆိုတာ ကောင်းတာပဲ ဖြစ်ချင်မှာပေါ့လို့ ကျွန်တော်က အဘိုးကို သိသိချည်းနဲ့ ကလိလိုက်ဖူးတယ်။ အဲဒီတုန်းက အဘိုးက ပြုံးနေလိုက်ပြီးမှာ အဲဒါဟာ တို့တစ်တွေက ခပ်လွယ်လွယ်နဲ့ ဘဝလို့ခေါ်နေကြတာပေါ့လို့ ဖြေတယ်။ ကျွန်တော် မှတ်မိနေသေးတယ်။ အခု သေသွားပေတဲ့ အဲဒီတုန်းက မသေသေးတဲ့ နယ်ပိုင်ကြီးကတောင် အဘိုးရာ ဒီလိုဖြင့် ဘဝဆိုတာကြီးက ဘာကောင်းလို့တုန်းလို့ ဝင်ပြောသေးတယ်။ ဒီတော့ အဘိုးက မင်းတို့ကို ဘဝဆိုတာကြီးက သိပ်ကောင်းတာပဲလို့ တစ်ယောက်ယောက်က ပြောဖူးလို့လားလို့ ပြန်မေးလို့ ကျွန်တော်တို့ နှစ်ယောက်စလုံး ချောက်ကျခဲ့ရဖူးတယ်။ ခုတော့ ချောက်ကျခဲ့ရဖူးတဲ့ နှစ်ယောက်ထဲက တစ်ယောက် မရှိတော့ဘူး။ နယ်ပိုင်ကြီးရဲ့ ဖြစ်နေ၊ ရှိနေ ရခြင်းဟာ ပြီးဆုံးသွားပြီ၊ မဟုတ်ရင် ရပ်တန့်သွားပြီ။ သူ့ကို ကျွန်တော်က ဆက်ပြီး သတိရနေလို့လည်း ဘာမျှတော့ အကြောင်းထူးမှာ မဟုတ်တော့ဘူး။ သူကတော့လည်း ခုနေ ကျွန်တော့်ကို သတိရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သတိရတယ်ဆိုတာက သိမှုကို ပြန်ပြီးစေ့ဆော်တာ။ သေသွားရင် ဘယ်လိုမှ မစေ့ဆော်နိုင်တော့ဘူး။ သူ အသက်ရှိနေတုန်းကတောင် ကျွန်တော်က သူ့ကို အမြဲလို သတိရမှ မရနိုင်ပဲ။ သူလည်း အဲဒီလိုပဲ နေမယ်။ အဘိုးတို့၊ အဖေတို့နဲ့ ကျွန်တော့်အကြားမှာလည်း အဲဒီလိုပဲ။ သူတို့က ကျွန်တော့်ကို သတိရတဲ့အခါ ရတယ်။ ကျွန်တော်က သူတို့ကို သတိရတဲ့အခါ ရတယ်၊ မရတဲ့အခါလည်း မရဘူး။ တကယ်တော့ ကျွန်တော်တို့တစ်တွေအကြားမှာ ကြီးမားတဲ့ ပျောက်ဆုံးမှုကြီးတစ်ခုက ရှိနေတယ်။ ပျောက်ဆုံးမှုကြီး အတွင်းထဲဆီမှာ ပြန်ပြီး ရှာဖွေလို့ရတာတွေ ရှိသလို မရနိုင်တော့တာတွေလည်း ရှိနေတာပဲ။ မရနိုင်တာတွေက ပိုပြီးများမှာပဲ။

တစ်ခါက အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်၊ ကျွန်တော်ရယ် ဆုံကြတော့ ကျွန်တော်က အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်ကို ဓာတ်ပုံရိုက်ပေးဖူးတယ်။ အဲဒီတုန်းက နယ်ပိုင်ကြီးကပြောတယ်။ ခင်ဗျားပါ ဝင်လေဗျာ။ ဒါမှ တစ်နေ့ ဓာတ်ပုံကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့လေးယောက် ဆုံတာကလေး အမှတ်တရ ဖြစ်ကြရမှာပေါ့တဲ့။ အဲဒီတုန်းက ကျွန်တော်က ပြောလိုက်မိတယ်။ ဓာတ်ပုံထဲမှာ ကျွန်တော်မပါပေတဲ့ ဒီဓာတ်ပုံကို ကျွန်တော် ရိုက်ပေးတာဆိုတော့ ဒီဓာတ်ပုံထဲက လူသုံးယောက်နဲ့အတူ ဓာတ်ပုံရိုက်တဲ့လူလည်း အဲဒီနေ့၊ အဲဒီအခါက ရှိနေတယ်ဆိုတာ သိကြမှာပေါ့လို့ ပြောလိုက်မိတယ်။ ဒီတော့ သူက ထပ်ပြောတယ်။ တပ်အပ်ကြီးတော့လည်း မပြောနိုင်ဘူး။ ဓာတ်ပုံကို ကြည့်တဲ့လူက ဓာတ်ပုံတွေထဲက လူတွေရဲ့ အဲဒီအချိန်၊ အဲဒီအခါက ရှိနေခြင်းပဲ အသိအမှတ်ပြုမှာ။ မတွေ့ရတာ တစ်ခုရဲ့ ရှိနေခြင်းကို အသိအမှတ်ပြုမှာ မဟုတ်ဘူးတဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ မတွေ့ရ၊ မမြင်ရတဲ့ဟာတစ်ခုဟာ သာမန်သိမှုထဲမှာ အရေးအကြောင်း ထင်မလာနိုင်ဘူး။ တွေးကြည့်လို့ရတဲ့ အသိထဲမှာပဲ ပုံပေါ်လာတာ။ ဒါပေတဲ့လည်း အတွေးဆိုတာတိုင်းက ရေရာတာမှ မဟုတ်ဘဲ။ မျက်မမြင်တစ်ယောက်ရဲ့ နေဝင်ချိန်၊ နေထွက်ချိန်အလှကို သိတဲ့အသိဟာ တကယ် နေထွက်တာ၊ နေဝင်တာကို မြင်ရတဲ့လူရဲ့ အသိနဲ့ တစ်ထပ်တည်း ကျမှာမဟုတ်ဘူး။ နေကတော့ ဒီနေပဲ။ ဒီလိုပဲ ထွက်နေ၊ ဝင်နေတာပဲ။ သိပုံချင်းသာ မတူကြတာ၊ ဖြည့်လို့မရတဲ့ ကွက်လပ်တစ်ခု ပါနေတဲ့ သိမှုပဲ။ နေထွက်တာ၊ ဝင်တာကို မြင်လို့ သိနေရတဲ့လူတွေတောင် အချိန်ကာလကိုလိုက်လို့ သူ့အတွေးထဲမှာ ပုံဖော်ကြည့်နိုင်တာတွေ ပြောင်းသွားတတ်သေးတာပဲ။ ငယ်ငယ်က စွဲမက်ဖူးတာ၊ ချစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ရာဟာ သိနိုင်ခြင်းအထဲမှာ အတိုင်းအတာတစ်ခုအထိပဲ ကျန်ရစ်ခဲ့ရုံကလွဲလို့ ပီပီပြင်ပြင် ပုံဖော်လို့မှ မရတော့ဘဲ။ ပုံရိပ်တိုင်းဟာ ပုံရုပ် ဖြစ်မလာဘဲ ပုံရိပ်ရဲ့ အရိပ်အယောင်အဖြစ် တဝဲဝဲတလည်လည်ဖြစ်နေတာ မဟုတ်လား။ ခုဆို ကျွန်တော် ကြည်နူးသာယာခဲ့ဖူးတဲ့ အဘိုးရဲ့ အိမ်ကလေးကိုတောင် ရေးတေးတေးပဲ မှတ်မိတော့တယ်။ အဘိုးအိမ်ကလေးကို ပုံဖော်ကြည့်လို့ ရနိုင်သေးပေတဲ့ ပတ်ဝန်းကျင်ဟာ သိပ်မရေရာတော့ဘူး။ အပြင်မှာ တကယ်ရှိနေတဲ့ ပတ်ဝန်းကျင်တွေလည်း ပြောင်းကုန်ပြီ။ နယ်ပိုင်ကြီး မသေခင်က ပြောဖူးတယ်။ ခင်ဗျားတို့ မြေးအဘိုးနှစ်ယောက်သား လှေလှော်သွားတဲ့ မြစ်ကွေ့လေးတောင် ရေစားလို့ မြစ်က မကွေ့တော့ဘဲ တည့်သွားပြီတဲ့။ ဘယ်လို တည့်သွားတယ်ဆိုတာကို ကျွန်တော် ပုံဖော်ကြည့်လို့ မရဘူး။ ပုံဖော်ကြည့်လို့ မရတာ များလာတဲ့အခါ ပုံရိပ်တွေဟာ ပါးလွှာပြီး မှိန်သွားတာပဲ။ မှိန်ရာကနေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြတော့တာပဲ မဟုတ်လား။

တစ်ခါတလေ အရေးရယ်၊ အကြောင်းရယ်ဖြစ်လာတဲ့အခါအဘိုးတို့ကို သတိရလိုက်မိတယ်။ သတိရတာဟာ သတိရတာပဲ။ သတိရတဲ့ဆီကနေ အကျိုးဆက်အသစ် ပေါ်မလာတော့ဘူး။ မပေါ်ဆို အဘိုးတို့၊ အဖေတို့ ရှိတုန်းကလည်း ဒီလိုပဲကိုး။ ကျွန်တော့်ကိစ္စ ကျွန်တော်ပဲ ရှင်းရတာ။ သူတို့လည်း သူတို့ကိစ္စ သူတို့ရှင်းနေကြရတာပဲ။ အဘိုးပြောသလို ပြောရရင်တော့ မင်း ခလုတ်တိုက်မိလို့ ခြေမ နာသွားတာကို ငါက ဝိုင်းပြီး နာပေးလို့မရဘူး ဆိုသလိုပဲ။ လူဆိုတာဟာ သူ့ဘာသာချည်းပဲ။ အားလုံးဟာ လူ့အသိုင်းအဝိုင်းထဲ လူတွေ အကြားမှာ သူ့ဘာသာ ဖြစ်ရှိနေကြတာပဲ မဟုတ်လား။ ရှင်တယ်၊ သေတယ်ဆိုတဲ့ ကြိယာပုဒ်ဟာ အသက်ရှိနေတဲ့ဟာတွေ အားလုံးနဲ့ ဆိုင်တာပဲ။ လူတွေအတွက် သက်သက်ချည်းပဲ မဟုတ်ဘူး။ သစ်ပင်နဲ့လည်းဆိုင်တယ်။ ရေထဲက ငါးနဲ့လည်း ဆိုင်တယ်။ ကောင်းကင်က ငှက်နဲ့လည်း ဆိုင်တယ်။ ယုတ်စွအဆုံး အသက်ရှိတယ်လို့ မထင်ရတဲ့ အသံနဲ့တောင်ဆိုင်တယ်။ ဒါပေတဲ့ ရှင်တယ်၊ သေတယ်ဆိုတဲ့ အဖြစ်အပျက်နဲ့ အတွေ့အကြုံဟာ သီးခြားစီနဲ့ပဲ ဆိုင်တယ်။ လူ့အဖွဲ့အစည်းထဲက လူတွေဟာ သီးခြားစီပဲ။ အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်ကို ကျွန်တော် ရိုက်ပေးထားဖူးတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ကျွန်တော် အမြဲတမ်း မှတ်မိနေတာ အပ်ကျမပ်ကျ ပြောနိုင်တာတစ်ခုရှိတယ်။ အဲဒါကတော့ ဒီဓာတ်ပုံကို ကျွန်တော် ရိုက်ပေးခဲ့တယ် ဆိုတာပဲ။ အခု အဲဒီဓာတ်ပုံ ဘယ်မှာရှိတယ်ဆိုတာ ကျွန်တော် မပြောနိုင်ပေတဲ့ အဲဒီဓာတ်ပုံကို ကျွန်တော် ရိုက်တယ်ဆိုတာတော့ ကျွန်တော် ပြောနိုင်တယ်။ တစ်ယောက်ယောက်က အဲဒီ ဓာတ်ပုံကိုတွေ့လို့ ကြည့်လိုက်ရင် အခု တကယ်ပဲ မရှိတော့တဲ့ လူသုံးယောက်ကို တွေ့ရလိမ့်ဦးမယ်။ အဲဒီတုန်းက ဓာတ်ပုံထဲမှာ မပါခဲ့တဲ့လူ။ ခုအထိ ရှိနေသေးတဲ့ လူတစ်ယောက်ဟာ ဟိုတုန်းကလိုပဲ ပျောက်ဆုံးနေမှာပဲ။ လူတွေဟာ သူပါဝင်ပတ်သက်နေရတဲ့ ပတ်ဝန်းကျင်ကြီး အထဲမှာတင် ပျောက်ဆုံးနေကြတာ မဟုတ်ဘူးလား။ တစ်နေရာမှာ ရှိနေဖို့အတွက် တစ်နေရာမှာ ပျောက်ဆုံးနေရမှာပဲ။ ကင်မရာရဲ့ အခြားတစ်ဖက်မှာ ရှိနေဖို့အတွက် ကျွန်တော်ဟာ ဓာတ်ပုံထဲမှာ ပျောက်ဆုံးနေတာပဲ။ ဓာတ်ပုံထဲမှာ ထာဝရ ပျောက်ဆုံးနေခြင်းက ကျွန်တော်ရဲ့ ရှိနေခဲ့ခြင်းနဲ့ ရှိနေခြင်းရဲ့ သက်သေပဲ မဟုတ်ဘူးလား။

မနေ့ကတော့ နှစ်သစ်ကူးညဆိုတော့ ဒီကနေ့ဟာ နှစ်သစ် ဖြစ်သွားပြီ။ နှစ်သစ်တွေကို မတွေ့ကြရတဲ့ လူတွေများလာသလို ကျန်ရစ်ခဲ့တဲ့ နှစ်တွေလည်း ဝေးသည်ထက် ဝေးလာခဲ့ပြီ။ အဘိုးတို့၊ အဖေတို့ဟာ ခပ်လှမ်းလှမ်းကို ရောက်နေကြပြီ။ တဖြည်းဖြည်း ပျောက်သွားတော့မှာ။ နောက်တော့ နယ်ပိုင်ကြီးလည်း အဲဒီလို ဖြစ်လာတော့မှာပဲ။ သူတို့က ဖြစ်နေတဲ့ အစဉ်ကြီးထဲက ထွက်သွားကြတာ။ သူတို့ရဲ့ ဖြစ်ခဲ့ခြင်းဟာ ရပ်တန့်သွားကြပြီကိုး။ ရှေ့တိုးလို့ မရတော့ဘူး။ ပါဝင်ပတ်သက်လို့ မရတော့ဘူး။ ခေတ်ကာလတွေ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြောင်းလဲနေတာဟာ သူတို့နဲ့ မဆိုင်တော့ဘူး။ ကျွန်တော်ကတော့ ကန့်လန့်၊ ကန့်လန့်နဲ့ လိုက်ပါသွားနေရဦးမှာပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ရှိနေခြင်း၊ ဖြစ်နေခြင်းအတွက် ပြစ်ဒဏ်ကို ခံနေရဦးမှာပဲ။ အဘိုးတို့၊ အဖေတို့၊ နယ်ပိုင်ကြီးတို့ဟာ ပြီးဆုံးသွားတယ်ဆိုတဲ့ ကန့်သတ်မှုအောက်ကို ရောက်သွားကြတယ်။ ကျွန်တော်ကတော့ ဖြစ်ရှိနေသေးလို့ ကန့်သတ်ပစ်လိုက်တာ မခံရသေးဘူး။ လွတ်လပ်နေတယ်လို့ ပြောရမှာပဲ။ တကယ်တော့ ဒီလွတ်လပ်မှုဟာ ဖြစ်ရှိနေခြင်းအတွက် ကျခံထားရတဲ့ ပြစ်ဒဏ်တစ်ခုပဲ မဟုတ်လား။ ဒီ လွတ်လပ်မှုဟာ ထီးထီးကျန် ဖြစ်နေရခြင်းအတွင်းက လွတ်လပ်မှုပဲ။ ပြေးထွက်လို့လည်း ရမှာမဟုတ်ဘူး။ ရှောင်ပြေး ပုန်းလို့လည်း မရနိုင်ဘူး။ တစ်ခါတစ်လေ ထွက်ပြေးပုန်းတဲ့အနေနဲ့ အဝေးဆီက မိတ်ဆွေတွေနဲ့ စကားပြောကြည့်မိတယ်။ သူတို့လည်း သူတို့ကိစ္စနဲ့သူတို့၊ သူတို့ရဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ပျောက်ဆုံးနေကြတဲ့ လူတွေ။ ထီးထီးကျန်တည်ရှိမှုကို ပြစ်ဒဏ်တစ်ခုအနေနဲ့ ခံနေရတဲ့ လူတွေပဲ။ သူတို့အနေနဲ့တော့ သိချင်မှ သိမယ်။ သူတို့အကြားမှာ ကျွန်တော် မရှိဘူး။ ကျွန်တော့်အနားမှာ သူတို့ မရှိဘူးဆိုတာ သဘောပေါက်ကောင်းမှ ပေါက်ကြမယ်။ ကာလနဲ့ဒေသဟာ ပျောက်ဆုံးခြင်းကို အားပေးဖို့ ပြောင်းခဲခြင်းကို တွန်းပို့ပေးထားတာ။ ပြောင်းလဲခြင်းတိုင်းဟာ သိမှုရဲ့အောက်မှာ မသိမသာ ပြောင်းလဲသွားတာ။ ခုဆို အိမ်ထမင်း၊ အိမ်ဟင်း ယဉ်ကျေးမှုတောင် ပြောင်းလဲခြင်းရဲ့ ဒဏ်ကို ခံနေကြရပြီးပဲ။ ဘယ်သူကမျှ အိမ်လာတဲ့ဧည့်သည်ကို အိမ်မှာ ထမင်းချက်ပြီး မကျွေးချင် ကြတော့ဘူး။ စားသောက်ဆိုင် ခေါ်သွားပြီး ကျွေးကြတယ်။ ဒါပေတဲ့ ရင်းနှီးရင်းစွဲဖြစ်တဲ့ ကိုယ့်အိမ်ရဲ့ ရပ်ဝန်းထဲကထွက်ပြီး သူစိမ်းတစ်ရံစာဖြစ်တဲ့ စားသောက်ဆိုင်ဆိုတဲ့ ရပ်ဝန်းကို ခုံမင်လာတာဟာ လူတွေရဲ့ ပိုမိုအထီးကျန်မှုအပေါ် သာယာလာခြင်းပဲ။ စားသောက်ဆိုင်မှာ သူငယ်ချင်းတွေရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်လိုက်တိုင်း ပြုံးနေတဲ့ သူငယ်ချင်းတွေကို တွေ့နေရတယ်။ သူတို့ရဲ့ ကျေနပ်မှုကို မြင်နေရတယ်။ သူတို့ဟာ စားသောက်ဆိုင်ရဲ့ အစားအစာထက် စားသောက်ဆိုင်ရဲ့ ပတ်ဝန်းကျင်ကို ပိုပြီး သာယာနေပုံပဲ။ တကယ်တော့ သူတို့ဟာ ပတ်ဝန်းကျင် အသစ်ထဲမှာ ပျောက်ဆုံးဖို့ ကြိုးစားနေကြတာပဲ။ သူတို့ဟာ သူတို့ ကိုယ်သူတို့လည်း မရှာဖွေမိကြဘူး။ သူများကိုလည်း ရှာမကြည့်မိဘူး။ သူတို့ဟာ အဘိုးပြောဖူးတဲ့ ခြံထိပ်က သစ်တစ်ပင်လိုပဲ နေမယ်ထင်တယ်။ ဘယ်အချိန်သွားကြည့်ကြည့် ရှိနေမယ်လို့ ထင်ရတယ် ဆိုတာမျိုးပဲ။ ကျွန်တော့်အတွက်တော့ သူတို့ဟာ အဘိုးရယ်၊ အဖေရယ်၊ နယ်ပိုင်ကြီးရယ်နဲ့ ကွာတာတစ်ခုပဲ ရှိတယ်။ အဘိုးတို့က ပြီးဆုံးသွားကြတာ။ ကျွန်တော့်သူငယ်ချင်းတွေက ပျောက်ဆုံးစ ပြုနေတာ။ တခြားလူတွေအတွက် မဟုတ်ရင်တောင် ကျွန်တော့်အတွက်တော့ အဲဒီလိုပဲလို့ ပြောရမှာပဲ။ ရှာလို့မရနိုင်တဲ့ အပိုင်းတွေ များလာတယ်။ ခံစားချက်ဆိုတာကိုလည်း ဆင်ခြင်တုံတရားက သတ်ပစ်လိုက်တာ ကြာမှကိုး။ အားလုံးနဲ့ ဝေးဝေးလာတယ်။ ဝေးတယ်ဆိုတာကလည်း တဖြည်းဖြည်းဆိုတဲ့ စကားလုံးနဲ့ တွဲသုံးမှ အရသာရှိတာ။ ချက်ချင်းဝေးသွားတယ်လို့မှ ပြောလို့မဖြစ်ဘဲ။

< ချင်းတွင်း၊ မတ်လ၊ ၂၀၁၀ >

3 comments:

တေဇာ (လရောင်လမ်း) said...

မရှိခြင်း၏ ရှိနေခြင်းအကြောင်းကို အူကြောင်ကြောင် အသုံးအနှုန်းဟု ထင်နေသောသူများ မြည်းကြည့် သင့်သည်။ ဆရာကြီးရွှေဥဒေါင်း၏ မြုပ်ထားသော ရွှေအိုးအား သူခိုးက ကိုယ်မသိခင် တူးယူသွားသော ဥပမာနှင့် ခပ်ဆင်ဆင်တူသည်။ နားလည်သလိုလိုတော့ ဖြစ်သွားသလိုပဲဟုလည်း မှတ်ချက်မချမိရန် လိုသည်။ :P

မြှား(တေဇာ) said...

ကျေးဇူး အထူးတင် ရှိပါကြောင်း..

ဒီမှာ မြင့်သန်း ဝတ္ထုတိုတွေ ပါတတ်တဲ့ မဂ္ဂဇင်းတွေ ဆိုင်ပေါ် တင်မရောင်း ကြလို့ပါ...။

ဒါနဲ့ ဘလော့ နောက်ခံ တီးမ်ကလေ...အနက်ရောင်ဆိုတော့ မျက်စိတွေ ကျိန်းသလား..လို့....ဖတ်တိုင်းပဲ ဖြစ်တယ်.....ဗျ)

success said...

Thanks for sharing your thoughts.