Thursday, June 24, 2010

လမ်းခွဲ

လူတွေဟာ သူမရွေးခဲ့မိတဲ့ လမ်းအတွက်တော့ နောင်တရမိကြတာချည်းပဲ။ (-- မြင့်သန်း --)

မပြီးဆုံးနိုင်သော ရွေးချယ်မှုများနောက်ဆုံးတွင်
လမ်းခွဲတစ်ခုသို့ သူမျှော်လင့်စွာဖြင့် ရောက်လာခဲ့ပါသည်။ ဤတစ်ကြိမ်သည်လည်း ခါတိုင်းကဲ့သို့ပင် ရွေးချယ်မှုတစ်ခုကို ထပ်မံပြုလုပ်ရဦးမည် ဖြစ်ကြောင်း သူနားလည်ထားပါသည်။ အသေးငယ်ဆုံးသော ရွေးချယ်မှုတစ်ခုကပင်လျှင် ဘဝကို အကြီးအကျယ် လမ်းလွှဲပေးနိုင်ကြောင်း ခေးအော့စ်သီအိုရီတွင် သူကြားဖူးခဲ့သော်လည်း သိပ်တော့ဘဝင်မကျခဲ့။ သို့သော် ဘဝင်ကျခြင်း ဘဝင်မကျခြင်းဆိုသည်မှာလည်း သူ၏ ဘက်လိုက်မှုတစ်ခုသာ မဟုတ်ပေဘူးလား။ ပုံမှန်အားဖြင့် ဘက်လိုက်မှုများကို သဘောမကျတတ်သော သူသည် ရွေးချယ်ရခြင်းကိုလည်း သိပ်မနှစ်သက်ပေ။ ဘဝသည် ရွေးချယ်နေရခြင်းထက် ကြုံရာကျပန်းဖြစ်နေရလျှင် ပို၍ပျော်စရာကောင်းမည်ဟု စဉ်းစားမိပါသည်။ သို့သော်လည်း လူဖြစ်လာကတည်းက ပြုလုပ်ခဲ့ရသော ရွေးချယ်မှုများနှင့် အသားကျခဲ့သည်မှာလည်း အတော်ပင်ကြာခဲ့ပါပြီ။ ဤတစ်ကြိမ်လည်း ထပ်မံရွေးချယ်ရဦးမည်။

Monday, June 7, 2010

ထွက်လာသောနေနှင့် ထိုနေဝင်သွားပြီးနောက် ပြန်ထွက်လာရခြင်းအကြောင်း (မြင့်သန်း)

... fill the cup that clears
Today of Past Regrets and Future Fears:
Tomorrow! - Why, Tomorrow I may be
Myself with Yesterday's Sev'n thousand Years.
Edward Fitzgerald, Omar Khayyam

အလုပ်ကိစ္စတွေပြီးတဲ့ နေ့တစ်နေ့တော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ နှစ်ယောက်သား နက်စီဆိုင်ဘက်ဆီ သွားကြတယ်။ နက်စီဆိုင်က ပင်လယ်ကို မြင်နေရတယ်။ ဒါပေတဲ့ ပင်လယ်စပ်မှာတော့ မဟုတ်ဘူး။ နက်ဆီဆိုတာက ဆိုင်ပိုင်ရှင်ရဲ့ နာမည်။ နာမည်အရင်းတော့ မဟုတ်ဘူး။ သူ့နာမည်ရင်းက နာစီဘွမ်းတဲ့။ ဂျူးနာမည်။ ဒီတော့ သူက ဂျူးလူမျိုးပဲ ဖြစ်မယ်။ ဘယ်သူကမျှတော့ ဒီနာမည်မျိုးကို အပျင်းပြေ မှတည့်မှာမဟုတ်ဘူး။ နက်ဆီဆိုတာကလည်း သူ့နာမည်ကို အတိုကောက်ခေါ်သလိုပဲ။ တကယ်တမ်းမှာတော့ မဟုတ်ဘူးလို့ ပြောရမှာပဲ။ အကြောင်းက ဒီလို။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်သာသာလောက်က ဒီဆိုင်ကလေးကို သူဝယ်တော့ ဆိုင်နံရံမှာ အဖြူအမည်း ဓာတ်ပုံခပ်ကြီးကြီးတစ်ပုံ ချိတ်ထားတာ တွေ့ရတယ်။ အဲဒီဓာတ်ပုံက ခုထိရှိသေးတယ်။ ဓာတ်ပုံကတော့ စကော့တလန်နိုင်ငံက နက်(စ)ရေကန်ကြီး Loch Ness ထဲမှာ ခေါင်းထောင်ပြီး ကြည့်နေတဲ့ ဘာကြောင်ကြီးမှန်းမသိရတဲ့ အကောင်ကြီးရဲ့ အဖြူအမည်းဓာတ်ပုံပဲ။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးကို ချစ်စနိုးနဲ့ လူတွေက နက်စီလို့ ခေါ်ကြတယ်။ တကယ်တော့ ဘာမှန်းမသိကြတာတစ်ခုကို သိသယောက် ရှိသယောင် သဘောထားပြီး မသိတာတစ်ခုဟာ အရှိဖြစ်လာတာ။ အဲဒီ ဆိုင်နံရံပေါ်က အဲဒီဓာတ်ပုံကို အစွဲပြုပြီး ဆိုင်ကို နက်စီဆိုင်လို့ ခေါ်ကြတာ။ ဆိုင်မှာတော့ ဆိုင်နာမည် ဆိုင်းဘုတ်မရှိဘူး။ အရင်ကတော့ ဆိုင်ပိုင်ရှင် စကော့လူမျိုး မိသားစုနာမည်ကို အစွဲပြုပြီး မက်ဖေဒင်ကဖေးလို့ ခေါ်ကြသတဲ့။ အဲဒီတုန်းက ကျွန်တော်တို့လည်း မရောက်ဖူးလို့ အသေအချာတော့ မပြောနိုင်ဘူး။ ရှိခဲ့ဖူးတာတစ်ခုဟာ ကိုယ်က မသိတော့ အာမခံနဲ့ မပြောနိုင်ဘူး။ သူများပါးစပ်က ပြောတာ ကြားရဖူးတာပဲ။ ဒီဆိုင်ဝယ်ပြီးတော့ ဆိုင်နာမည်အသစ် ပြောင်းမယ်ဆိုပြီး ရှိရင်းစွဲ ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်သတဲ့။ အနှစ်သုံးဆယ်သာ ကြာသွားရော အသစ်တော့ မတင်ဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ အရင်ပိုင်ရှင်ထားရစ်ခဲ့တဲ့ နံရံပေါ်က ဓာတ်ပုံကို အစွဲပြုပြီး နက်စီိဆိုင်လို့ တွင်နေတယ်။ ပိုင်ရှင်နာမည်ကလည်း နာစီဘွမ်းဆိုတော့ ဆိုင်နာမည် အဲဒီလိုတွင်သွားတာကို သူက ကန့်ကွက်မနေတော့ဘူး။ ခုတော့ သူ့ဆိုင်ကို လာနေကျလူတွေက သူ့ကိုလည်း နက်စီလို့ပဲ ခေါ်ကြတော့တယ်။ နောက်ပိုင်းလာတဲ့လူတွေဆိုရင် သူ့နာမည်ကို နာစီဘွမ်းဆိုတာတောင် မသိကြတော့ဘူး။

Saturday, June 5, 2010

ဇီနို (သို့) ပါမင်းနိဒီးစ်အား ထောက်ခံသူ

ဇီနိုသည် 489 BC ခန့်တွင် မွေးဖွားခဲ့ပြီး အီလာဂိုဏ်းတွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည်။ ဧကန်အားဖြင့် ဇီနိုသည် အီလာကျောင်းတွင် မည်သည့်အတွေးအခေါ်သစ် တစ်ရပ်ကိုမှ တီထွင်ခဲ့သူမဟုတ်ပေ။ သူ၏ ထင်ရှားသော လုပ်ဆောင်ချက်မှာ ပါမင်းနိဒီးစ်၏ အဆိုများကို ထောက်ခံသော ဆင်ခြေများသာ ထုတ်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ပါမင်းနိဒီးစ်၏ အဆိုအရ အာရုံငါးပါးဖြင့်သိနိုင်သော လောကသည် အစစ်အမှန် မဟုတ်။ ထိုလောကတွင် အများအပြားရှိခြင်း (plurality) နှင့် ပြောင်းလဲခြင်း (change) တို့ရှိ၏။ အရှိတရား (Being) ဆိုသည်မှာ တစ်ခုတည်းသာရှိပြီး တည်မြဲ၏။ မပြောင်းလဲနိုင်။ မရွေ့လျားနိုင်။ ပြောင်းလဲခြင်းနှင့် အများအပြားရှိခြင်းတို့သည် အတုအယောင်များသာဖြစ်သည်။ (အသေးစိတ်ကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

Thursday, May 20, 2010

အော်ဂလီ

My thought is me: that is why I can't stop. I exist by what I think...and I can't prevent myself from thinking.
Jean-Paul Sartre, Nausea.


စားသောက်ဆိုင်ထဲကို ဝင်လိုက်တော့ ဆယ်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်။ စားပွဲထိုးကို သူ့နာမည်ပြောလိုက်ပြီး ကြိုမှာထားတဲ့ စားပွဲကို တန်းတန်းမတ်မတ်ပဲ သွားလိုက်တယ်။ မိုးရေထဲ လာရတာမို့လို့ သူ့ကုတ်အင်္ကျီက နည်းနည်းစိုနေပေတဲ့ အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေတာတော်သေးတယ်။ သူ့အနေနဲ့ ဒီဆိုင်ကို ဆယ်နာရီအတိလောက် ရောက်လာအောင် ထွက်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ သူက ဒါမျိုး စောင့်ဆိုင်းရတာတွေကို သိပ်မုန်းတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ထုံးစံအတိုင်း ချိန်းထားရင် နောက်ကျတတ်တာကိုလည်း သူသိနေတယ်။ သူက ချိန်းထားပြီးသား စကားကျွံထားလို့သာ လာရတာ သိပ်တော့ လာချင်တာမဟုတ်ဘူး။ ခုလည်း သူက စောရောက်နေတော့ ဟိုအမျိုးသမီး မလာမချင်း ပျင်းပျင်းရိရိနဲ့ စောင့်ရဦးမယ်။ ဆယ်မိနစ်လုံးလုံး ဘယ်လိုအချိန်ဖြုန်းမလဲဆိုတာ သူတွေးရင်းနဲ့ ဆိုင်ထဲကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။

Tuesday, May 18, 2010

လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး

ပို့စ်မော်ဒန်ကာလအတွင်းမှာ ရေးသားနေကြ ပုံစံအတိုင်း အချိန်နဲ့ နေရာရဲ့ အရေးပါမှုကို လျှော့ချထားသည်။ ဇာတ်ကောင် အိုနိုသည် ဇာတ်ကြောင်းကို ပြောပြနေသော်လည်း တစ်ခါတစ်ရံတွင် သူလည်း အသိခံအရာဖြစ်သွားသည်ကို တွေ့ရသည်။ သားတစ်ယောက်၏ ဘဝ၊ ဖခင်တစ်ယောက်၏ ဘဝ၊ အဘိုးတစ်ယောက်၏ ဘဝ တို့ကို တင်ပြသွားပုံမှာ လေးစားဖွယ်ရာဖြစ်သည်။ အချို့ပြန်လည် သွားရောက်ခဲ့သော အခန်းများမှာ အကြောင်းရှိသကဲ့သို့ အသိပေးစေချင်သည်များလည်း ပါသည်။ စာရေးဆရာ၏ ဘာသာစကား ကျွမ်းကျင်မှုကို အတိုင်းသား မြင်တွေ့နိုင်သည်။ ဝတ္ထုရှည်တစ်ပုဒ်အတွင်း၌ ဝတ္ထုတိုများစွာ ပါဝင်လာသည်။

မိုး

မိုးရာသီ ရောက်တော့မည်။ ပူပြင်းတောက်လောင်နေသော ပျင်းရိဖွယ်ရာ နွေဥတုကို ကျောခိုင်းရန် အသင့်ဖြစ်ပြီ။ နံနက် စောစော စီးစီး ကြားလိုက်ရသော မိုးခြိမ်းသံသည် နွေဥတုကို နှုတ်ဆက်လိုက်သော အသံပေလားဟုပင် ထင်မိသည်။ ငြီးငွေ့ဖွယ် နွေရက်များကို ကျော်ဖြတ်ပြီးနောက် မိုးရာသီသို့ ရောက်တော့မည်။ ကြည့်လေ . . . အခုကျနေတဲ့ မိုးရေစက်တွေက ခေါင်းညိတ်ပြနေတယ် မဟုတ်လား . . . ။

မိုးရာသီကို ငယ်ငယ်ကတည်းက နှစ်သက်သည်။ ကျောင်း စာစီစာကုံးတွင် “အနှစ်သက်ဆုံးရာသီ” ဟူသော ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မိုးသားတိမ်လိပ်များနှင့် မိုးရေစက်များကိုသာ မြင်မိတတ်သည်။ (ဘာကြောင့်မှန်းမသိ) မိုးရာသီ၏ အငွေ့အသက်ကို ရလျှင်ပင် ကြည်နူးမိသည်။ နွေရက်များတွင် စိတ်အိုက်နေခဲ့သော အပူများကို မိုးရေများဖြင့် ဆေးကြောပစ်လိုက်မည်။ ဘာကြောင့်မှန်းမသိ မိုးရာသီကို ကျွန်တော် အလွန်သဘောကျမိပါသည်။

Saturday, May 8, 2010

ကျောက်ခဲပူစီပေါင်း (မြင့်သန်း)

နေရပ်ဟောင်းကို အလွန်အောက်မေ့တာ၊ လေးဘုံအပါယ်၊ လေးဘုံ အပါယ်ရွာထဲမှာ၊ နေမြဲသာ၊ များသည်သတ္တဝါ ။    ။
ကျိုက်လတ် ဦးပြုံးချို
“တေးဘုမ္မာ”။

ခပ်လှမ်းလှမ်းက လျှောက်လာတဲ့ အောင်ထွန်းကို ကျွန်တော်တို့ လှမ်းမြင်နေရတယ်။ ခင်မောင်က သူ့လက်နဲ့ ကျွန်တော့်ပခုံးကို လှမ်းပြီး တို့လိုက်ရင်း ဘာစကားမျှ မပြောဘဲ အောင်ထွန်းလာနေတဲ့ဘက်ကို အသာ မေးငေါ့ပြတယ်။ ကျွန်တော်ကလည်း ခေါင်းအသာညိတ်ပြလိုက်တယ်။ အောင်ထွန်းက လက်ဖက်ရည်ဆိုင်ရှေ့ဆီမှာရပ်ပြီး ဟိုဟိုသည်သည် ကြည့်နေပေမယ့် ဆိုင်ထဲက ကျွန်တော်တို့ကို တွေ့ပုံမရဘူး။ ကျွန်တော်တို့ကလည်း ဆိုင်ရဲ့ အတွင်းထဲက ထောင့်နားကလေးဆီမှာ ထိုင်နေတာ။ အောင်ထွန်းမှာ လွယ်အိတ်အနီ ဘယ်နှစ်လုံး ရှိသလဲ မသိဘူးလို့ ခင်မောင်က ပြောတယ်။ ဟုတ်တယ်။ အောင်ထွန်း လွယ်အိတ်အနီ လွယ်ထားလေ့ရှိတာ သတိထားမိပေတဲ့ ကျွန်တော့်အနေနဲ့တော့ သူ့ဘာသာ အနီ လွယ်လွယ် အစိမ်း လွယ်လွယ် ကျွန်တော်တို့နဲ့ ဆိုင်တယ်လို့ မထင်ဘူး။ ဒါကြောင့် သူ့ဘာသာ ဘာအရောင် လွယ်အိတ်လွယ်လွယ်၊ ဘယ်နှစ်လုံးရှိရှိ မင့်အပူလား။ အဲဒါမျိုးတွေကို လိုက်ပူနေပြီး အဖြေရှာနေလို့ကတော့ မင့်မှာ လေကိုရှူဖို့ အချိန်တောင်ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်က ခင်မောင်ကို ပြောလိုက်တယ်။ ကျွန်တော်ပြောတာ သေသေချာချာ သူကြား မကြားတော့ မသိဘူး။ ခင်မောင်က လက်ဖက်ရည် လိုက်ချပေးတဲ့ ကောင်ကလေးကိုခေါ်ပြီး အောင်ထွန်းရှိရာကို လက်ညှိုးထိုးပြရင်း ဟိုလွယ်အိတ်အနီနဲ့ လူကို သွားခေါ်ပေးစမ်းပါလို့ ပြောနေတယ်။ မကြာခင် အောင်ထွန်း ကျွန်တော်တို့ ထိုင်နေတဲ့ စားပွဲဆီကို ရောက်လာတယ်။

Thursday, May 6, 2010

စကင်းနား၏ အဖြေများ (၂)

စကင်းနားကား သက်ရှိ စိတ်ပညာဆရာတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သည်။ ဟားဗတ်က ပါမောက္ခ၊ အပြုအမူဝါဒ (Behaviorism) ကို ဦးဆောင် ဦးရွက်ပြုသူ၊ စာအုပ် ၁၄ အုပ် ရေးသူဖြစ်သည်။ Walden Two နှင့် Beyond Freedom and Dignity နှစ်အုပ်လည်း ထိုသူ၏ စာအုပ်စာရင်းတွင် ပါသည်။ အသေးစိတ်သိလိုလျှင် ဤနေရာ တွင် ဖတ်ရှုနိုင်သည်။ အင်တာဗျူးကို ဟားဗတ်တက္ကသိုလ်တွင် လုပ်ပါသည်။ ချင်းတွင်းမဂ္ဂဇင်း ယခုလထုတ်တွင် ပါဝင်၍ မောင်အာကာကျော်မှ မနေနိုင်မထိုင်နိုင် ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

မေး ။    ။ ပုံသွင်းခံရတာ မရှိဘူး (Unconditioned) လို့ ခင်ဗျား ယုံကြည်သလား။
ဖြေ ။    ။ ပုံသွင်းခံရတယ်ဆိုတဲ့ ဝေါဟာရကို မသုံးပါနဲ့ဗျာ။ လူဟာ လူ့ဘဝကို ပုံသွင်းခံရခြင်း မရှိဘဲနဲ့ စခဲ့တာပါ။ ပုံသွင်းခြင်း (Conditioning) က လူ့ဘဝလမ်းမှာ နောက်မှဖြစ်လာတာ။ တခြားလူတွေရဲ့ သက်ရောက်မှုတွေ၊ လူတစ်ယောက်ဆီက အကြံယူရတာ အမိန့် သို့မဟုတ် ဥပဒေတစ်ခုကို လိုက်နာရတာတွေက နောက်မှ ဖြစ်လာတယ်။ အကျိုးအကြောင်းဆီလျော်လို့ လုပ်ရတာတွေနဲ့ပဲ ကျုပ်ဘဝကို ဖြည့်ထားချင်တယ်။ တစ်စုံတစ်ယောက်က ပြောလို့၊ အစိုးရက၊ ဘာသာတရားက၊ စီးပွားရေးစနစ်က ခိုင်းလို့စေလို့ လုပ်ရတာတွေထက် ကျိုးကြောင်းဆီလျော်လို့ လုပ်ရတာမျိုးက ပိုကောင်းတယ်လို့ ထင်တယ်။

စကင်းနား၏ အဖြေများ (၁)

စကင်းနားကား သက်ရှိ စိတ်ပညာဆရာတွေထဲမှာ သြဇာအကြီးဆုံးဖြစ်သည်။ ဟားဗတ်က ပါမောက္ခ၊ အပြုအမူဝါဒ (Behaviorism) ကို ဦးဆောင် ဦးရွက်ပြုသူ၊ စာအုပ် ၁၄ အုပ် ရေးသူဖြစ်သည်။ Walden Two နှင့် Beyond Freedom and Dignity နှစ်အုပ်လည်း ထိုသူ၏ စာအုပ်စာရင်းတွင် ပါသည်။ အသေးစိတ်သိလိုလျှင် ဤနေရာ တွင် ဖတ်ရှုနိုင်သည်။ အင်တာဗျူးကို ဟားဗတ်တက္ကသိုလ်တွင် လုပ်ပါသည်။ ချင်းတွင်းမဂ္ဂဇင်း ယခုလထုတ်တွင် ပါဝင်၍ မောင်အာကာကျော်မှ မနေနိုင်မထိုင်နိုင် ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

မေး ။    ။ ခင်ဗျားဘဝကို ဘာယုံကြည်မှုတွေအပေါ် အခြေခံ တည်ဆောက်ပါသလဲ။
ဖြေ ။    ။ ကျုပ်ဘဝကို ဘာယုံကြည်သက်ဝင်မှုအပေါ်မှ အခြေခံပြီး မတည်ဆောက်ပါ။ ကျုပ် ယူမှတ် (assume) ထားတာတွေ ရှိတယ်။ ဒီယူမှတ်တာတွေနဲ့ နေပါတယ်။ ကျုပ်မှာ ယုံကြည်သက်ဝင်မှု (belief) မရှိဘူး။ ယူမှတ်ခြင်း (assumption) ပဲရှိတယ်။ လောကမှာ ရှိရှိသမျှဟာ အစီအစဉ်ကျတယ်၊ နိယာမတွေရှိတယ်။ လောကကို ဒီ “ယူမှတ်ခြင်း” နဲ့ လေ့လာနိုင်တယ်။ ယုံကြည်မှုလို့ နာမည်တပ်ရင် ကျုပ်မှာ သိပ္ပံနည်းကျ ယုံကြည်မှုပဲရှိတယ်။ နက္ခတ္တဗေဒပညာရှင်တွေ၊ စကြဝဠာဗေဒပညာရှင်တွေကတော့ စကြဝဠာအကြောင်း ကျုပ်ထက် ပိုသိတယ်။ ဘစ်ဘန်း ဘယ်လိုဖြစ်သလဲ၊ ကျုပ်မသိဘူး။ သူတို့ကတော့ ရုပ်နု (elements) တွေ ဘယ်နည်းဘယ်ပုံ ဖြစ်လာကြောင်း အာကာသထဲမှာ ဘယ်နည်းဘယ်ပုံ ပျံ့နှံ့နေကြောင်း သိမှာပေါ့။

Friday, April 23, 2010

ကျွန်တော်မသိခြင်းများ

ဤနေရာတွင် စပါသည်။
အစဆိုတော့ ဘယ်က စရင်ကောင်းမလဲ။ အစကပဲ စတာ အကောင်းဆုံးဖြစ်မည် ထင်ပါသည်။ ခက်တာက အစကို ကျွန်တော်ကိုယ်တိုင်ပင် မသိခြင်းဖြစ်ပါသည်။ သို့သော် ဤအက်ဆေးသည် မသိခြင်းအကြောင်းများကို ရေးမည်ဖြစ်၍ အစကိုမသိခြင်းသည် ပြဿနာမဟုတ်ပေ။

Tuesday, April 20, 2010

ကံအကြောင်း

မနေ့ညက ဘီယာသောက်ရင်း စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ဟိုအကြောင်း ဒီအကြောင်း စုံလို့ပေါ့။ ဘာသာရေး နိုင်ငံရေး အကြောင်းတွေလဲ ရောက်သွားတယ်။ အရင်အပတ်က သင်္ကြန်တွင်း ဗုံးပေါက်တဲ့အကြောင်းလဲ ရောက်သွားတယ်။ အဲ့ဒီမှာ ဟိုဝေဖန် ဒီဝေဖန် လုပ်နေတုန်း အကိုကြီးတစ်ယောက်က ဗုံးပေါက်တဲ့အထဲမှာ ဒဏ်ရာရပြီးသေသွားတဲ့လူတွေလဲ သနားပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲကွာ သူတို့ကံပေါ့။ သူတို့ အတိတ်ဘဝကုသိုလ်ကံ မကောင်းခဲ့လို့ ဒီဘဝမှာ ဒီလိုမျိုး ကြုံရတာ လို့ပြောလာတယ်။ ကျွန်တော် နားထောင်ရင်း အဲ့ဒီစကားကို သဘောမတွေ့ဘူးဖြစ်နေတယ်။ ကျွန်တော် ထင်တာကတော့ လူတော်တော်များများရဲ့ သိမှုထဲမှာ ကံဆိုတဲ့အရာကို နားလည်လွဲနေကြတယ်လို့ ထင်တာပဲ။ ကျွန်တော် အခုဆွေးနွေးမှာက ဘာသာရေးအနေနဲ့လဲ နည်းနည်းပါမယ်။ ကျွန်တော် လေ့လာထားသလောက်လေးနဲ့ ကျွန်တော် သိသလောက်အတွင်းက ကျွန်တော် နားလည်ထားတဲ့ ကံ ဆိုတဲ့ဟာအကြောင်းကို နည်းနည်းပြောချင်တယ်။

Monday, April 19, 2010

စာမရေးခြင်း

ခုရက်ပိုင်းအတွင်း စာမရေးဖြစ်ဘူး။ မရေးဖြစ်တာကလည်း ကျွန်တော့်နေ့စဉ်ဘဝမှာက စာတစ်တန် ပေတစ်ဖွဲ့ လုပ်စရာ အကြောင်းအရာ ထူးထူးခြားခြားမှ မရှိဘဲ။ အရင်ကလဲ ဟိုတွေးဒီတွေးနဲ့ပဲ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးဖြစ်တာ။ ကိုယ်ကလဲ ဝါသနာပါတဲ့လူဆိုတော့ ဒီလိုပဲ ရှာကြံရေးရတာပေါ့။ ခုရက်ပိုင်းမှာက ရေးချင်စရာ ဘာအကြောင်းအရာမှ ဦးနှောက်ထဲက မထွက်လာဘူး။ ဒါကြောင့်လည်း မရေးဖြစ်တာ။ ဟိုဟိုဒီဒီ တွေးဖို့ဆိုတာကလည်း အချိန်ကသိပ်မရှိဘူး။ အရမ်းအလုပ်များနေလို့တော့ မဟုတ်ဘူးရယ်။ တစ်နေ့တစ်နေ့ အပြင်ထွက်၊ ဂိမ်းဆော့၊ အိပ်၊ စား နဲ့ပဲ အချိန်တွေကုန်နေလို့။ စာရေးဖို့ဆိုတာကလည်း ပျင်းမှ ရေးလို့ကောင်တာမှတ်လား။

ခုရက်ပိုင်းမှာ လူက စိတ်ကြည်လင်နေတယ်။ ဘာကိုမှ ခေါင်းထဲမှာ မရှိဘူး။ ဗိုက်ဆာရင် စားတယ်၊ အိပ်ချင်ရင် အိပ်တယ်။ ဂိမ်းကစားတယ်၊ စာဖတ်တယ်။ ဘဝရဲ့ ဖြစ်တည်မှုတွေ အမှန်တရားတွေ ယောင်လို့တောင် မတွေးမိဘူး။ စာရေးဖို့လည်း အာရုံမရဘူး။ ပြီးတော့ ကျွန်တော့်မှာက အကျင့်ဆိုးတစ်ခုရှိတယ်။ ဒီအတိုင်းနေရင် စာရေးချင်နေပြီးတော့ ရေးနေတုန်းမှာ အဲဒီစိတ်က ပျောက်ပျောက်သွားတာပဲ။ အခုလည်း ရေးနေရင်း ဆက်မရေးချင်တော့ဘူး။ ဒီလောက်နဲ့ပဲ ရပ်မှနဲ့တူတယ်။ စိတ်ကို အနိုင်ကျင့်လို့ သိပ်မကောင်းဘူး မဟုတ်လား။