Tuesday, March 15, 2011

ဘဝတဏှာ

ပုံရိပ်တွေပါပဲ...
ခင်ဗျားလဲ တကယ်မရှိနိုင်ပါဘူး။

အာရုံငါးပါးကို သတိထားမိတယ်
ချစ်ခြင်း၊ မုန်းခြင်း၊ ခံစားချက်တွေလဲပါတယ်
ဒီအိပ်မက်က တစ်ဘဝစာ ရှည်တယ်
ဝန်ခံရရင်ဖြင့်
ဒီအိပ်မက်လေး ပြီးဆုံးသွားမှာ ကြောက်နေမိတယ်...။

Sunday, March 13, 2011

ဝိရောဓိအဆိုသင့်နေသော အရေးအသားများ

ကျွန်တော် ဤစာကြောင်းကို စတင်ရေးလိုက်သည့် အချိန်မှ စတင်၍ ကျွန်တော့်တွင် မသိစိတ်များကသာ လွှမ်းမိုးသွားပါသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ကျွန်တော် ဤစာသားများကို ရေးနေခြင်းမှာ မသိစိတ်ဖြင့် ရေးနေခြင်းသာ ဖြစ်သည်။ သိစိတ်ဖြင့် ရေးသားနေခြင်း မဟုတ်ပါ။ သို့သော် ထိုသို့ ပြောလိုက်ခြင်းသည် ကျွန်တော့်၏ လိမ်လည်မှုတစ်ရပ်သာ ဖြစ်ကြောင်းကို သင်သိသလို ကျွန်တော်လည်း သိပါသည်။ စင်စစ် “မသိစိတ်ကို သိနေသည်” ဟူသော ဝါကျမှာ ဝိရောဓိအဆိုတစ်ခုသာ ဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍ ကျွန်တော်သာ မသိစိတ်ဖြင့် ဤစာကြောင်းများကို ရေးနေသည် ဆိုပါလျှင် ထိုအကြောင်းကို ကျွန်တော်သည် မည်သို့မျှ မသိနိုင်ပါ။ ဤစာသားများကိုလည်း မည်သို့မျှ ရေးသားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် မသိသောအရာကို ကျွန်ုပ်က မည်ကဲ့သို့ ဖော်ပြနိုင်မည်နည်း။ ထို့ကြောင့် ဤ အရေးအသား တစ်ခုလုံးမှာ ဝိရောဓိအဆိုသင့်နေသော အရေးအသားများသာ ဖြစ်ပါသည်။

မနက်ဖြန် သတင်းစာကို ယနေ့ဖတ်ခြင်း မှစ၍ ဝိရောဓိအဆိုသင့်နေသော အကြောင်းအရာပေါင်းများစွာ ရှိပါသည်။ ဥပမာ ဆိုရလျှင် သင်မရေးတတ်သော စာလုံးကို ရေးကြည့်ပါ။ သင် မသိသောအရာ အကြောင်းကို ပြောပြပါ။ ထိုသို့သော ကိစ္စများသည် ကိုယ့်တံတောင်ဆစ်ကိုယ် လျှာဖြင့်လျှက်ကြည့်သလို အပြောလွယ်၍ လက်တွေ့မကျသော ကိစ္စများသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဝိရောဓိများကို ကျွန်တော် ချစ်သည်။ ဝိရောဓိများတွင် တစ်နည်းတစ်ဖုံဖြင့် သူတို့၏ အလှအပများ တည်ရှိနေသည်။ အနည်းဆုံး ၎င်းတို့အကြောင်း စဉ်းစားရခြင်းသည် စိတ်ကျေနပ်မှု တစ်စုံတစ်ရာကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်နိုင်ပေသည်။

Saturday, February 26, 2011

ပျော်တယ်ဆိုတဲ့ကိစ္စ (မြင့်သန်း)

ငယ်ငယ်က အဖေရယ်၊ ဘကြီးသုခရယ်၊ ဦးလေးခန့်ရယ် ဘုန်းကြီး ဦးအဂ္ဂရဲ့ ဖိုရုံကလေးမှာ ထိုင်စကားပြောကြရင်း ငြင်းကြတဲ့ အကြောင်းတစ်ခုရှိတယ်။ "ပျော်တယ်" ဆိုတဲ့အကြောင်းပဲ။ ဘာရယ်တော့ မဟုတ်ဘူး။ ရေနွေးကြမ်းသောက်ကြရင်း စကားအူပေါက် လျှောက်ပြောကြရာက အဲဒီအကြောင်းကို ပြောလေ့ရှိကြတာပဲ။ ဦးလေးခန့်ကတော့ ကျောင်းဆရာပေတဲ့ စကားနည်းတယ်။ (အဖေတို့တစ်တွေဟာ ကျောင်းဆရာဘဝက လာကြတာချည်းပဲ။ ဦးလေးခန့် တစ်ယောက်သာ သေတဲ့အထိ ကျောင်းဆရာ လုပ်သွားတာ။) သူက နားထောင်တာ များတယ်။ ကျွန်တော်ကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်သား စကားအချေအတင်ပြောရင် သဘောကျတယ်။ ကျွန်တော် သဘောကျတဲ့ အဓိကအချက်တစ်ခုကတော့ အဖေနဲ့ ဘကြီးသုခတို့နှစ်ယောက်ရဲ့ ကျောထောက်နောက်ခံအမြင်ဟာ လုံးလုံးကို မတူဘူး။ အဖေက ဘာသာရေးမှာ အခြေခံတယ်။ ဘကြီးသုခက လွတ်လပ်စွာ တွေးခေါ်မှုမှာ အခြေခံတယ်။

အဖေနဲ့ ဘကြီးသုခတို့ပြောတဲ့ "ပျော်တယ်"၊ "မပျော်ဘူး"။ "လူဘယ်လိုပျော်သလဲ"၊ "လူပျော်နိုင်သလား" ဆိုတာတွေကို အရှည်အကျယ် စဉ်းစားမကြည့်ခဲ့မိဖူးဘူး။ ခေါင်းထဲမှာတော့ ရှိနေတယ်။ မဟုတ်ရင် ဦးနှောက်ရဲ့ နောက်ကျော တစ်နေရာမှာ ရှိနေခဲ့ပုံပဲ။ အထူးသဖြင့် အသက်ကြီးလာတော့ လူငယ်တွေ ပျော်တာတွေ့ရင် ငါကော ဒီလိုပျော်ဖူးသလားဆိုတဲ့ မေးခွန်းက ပေါ်လာတတ်တယ်။ မနှစ်ကတော့ ခရီးသွားရင်း ကျွန်တော့်ဇနီးရယ်၊ ကျွန်တော့် မိတ်ဆွေရယ်၊ ကျွန်တော်ရယ် ထိုင်ပြီး စကားပြောဖြစ်ကြတယ်။ အဲဒီတုန်းမှာ မိတ်ဆွေက တို့ ဘယ်တော့လောက် ဟိမဝန္တာတောင်ခြေ သွားကြမလဲလို့ မေးတယ်။ သူက အတည်ပြောတာ။ ဇနီးသည်က ရှင်လည်း အဲဒီစာရင်းထဲ ပါသွားပြီလားလို့ မိတ်ဆွေကို ကြားဖြတ်မေးတယ်။ ပြီးတော့ ကျွန်မလည်း သူ့ကို သွားစေချင်ပါတယ်လို့ ဆက်ပြောတယ်။ မိတ်ဆွေကတော့ ပြန်မဖြေဘဲနေပြီး ခေါင်းခါတယ်။ ခေါင်းခါတယ်ဆိုတာကလည်း ခက်တော့ အခက်သား။ ဒါပေတဲ့ ကျွန်တော့်မိတ်ဆွေ ခေါင်းခါတာကတော့ မကောင်းစိတ်နဲ့ ဆန့်ကျင်စိတ်နဲ့ မဟုတ်ဘူးဆိုတာ ကျွန်တော် ယုံတယ်။

Friday, February 25, 2011

ဒဿနိကအရှုပ်အထွေး

ဒဿနိကဗေဒကို တော်တော်ရှုပ်တဲ့ ဘာသာရပ်ဟု ပြောစမှတ်ပြုကြသည်။ တချို့ဆိုလျှင် ဘယ်လောက်ဖတ်ဖတ် နားမလည်ဘူးဟု ပြောင်ပြောင်တင်းတင်း ဝန်ခံကြသေးသည်။ မှန်ပါသည်။ ဒဿနိကဗေဒသည် အင်မတန်ရှုပ်ပါသည်။ ဝေါဟာရတွေကို စနစ်တကျလေ့လာသော ဘာသာရပ်လည်း ဖြစ်သောကြောင့် ဝေါဟာရများမှာ အင်မတန်နက်နဲပါသည်။ ထိုသို့ နက်နဲသော ဝေါဟာရများကို မြန်မာဘာသာသို့ ပြန်ဆိုရာတွင် မြန်မာဘာသာစကား၏ နက်နဲမှုကြောင့် ပို၍ပင် ရှုပ်ကုန်ပါတော့သည်။ ထို့ကြောင့် ဒဿနိကဗေဒကို နားမလည်ရသော အကြောင်းရင်း၏ လက်သည်မှာ စကားလုံးများပင် ဖြစ်သည်ဟု ဆိုပါရတော့မည်။

ဒဿနိကဗေဒအကြောင်းကို ရေးသားရာတွင် အချို့ဝေါဟာရများကို မြန်မာဘာသာသို့ ဖလှယ်ခြင်း မပြုဘဲ မူရင်း အင်္ဂလိပ်ဘာသာအတိုင်း ရေးသားလျှင် ပို၍သင့်တော်မည်ဟု ထင်ပါသည်။ ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဖလှယ်ရာတွင် မူရင်းအဓိပ္ပါယ်ပျောက်ဆုံးမှု အနည်းငယ်ရှိပါသည်။ ဒဿနိကဗေဒ ဝေါဟာရတချို့ကို မြန်မာသာသာသို့ ပြန်ဆိုလိုက်သောအခါတွင် အဓိပ္ပါယ်သွေဖီသည်သာမက လုံးဝမတူတော့သည်များပင် ရှိသည်ကို တွေ့ရပါသည်။

Thursday, February 24, 2011

ဒေးကား၊ Matrix နှင့် အစစ်ယောင်ကမ္ဘာ

Matrix ရုပ်ရှင်ကားကို တော်တော်များများ ကြည့်ဖူးကြလိမ့်မည်။ ထိုရုပ်ရှင်ထဲတွင် ကမ္ဘာပေါ်ရှိ လူသားများကို စက်ရုပ်များက ဖမ်းဆီး၍ စွမ်းအင်ထုတ်သည့်အခါတွင် လူသား၏ အသိအာရုံ (conscious) သည် matrix ဟူသော ကမ္ဘာ သို့မဟုတ် နယ်ပယ်အတွင်းသို့ ရောက်ရှိနေသည်။ ထိုနယ်ပယ်၏ ပြင်ပတွင် သူ၏ အစစ်အမှန်လောကတွင် တည်ရှိနေခြင်းကို ကာယကံရှင် လူသားကိုယ်တိုင်သော်မှ သတိမပြုမိချေ။ သူ၏ စိတ်အာရုံသည် အမှန်တကယ်မရှိသော matrix နှင့်သာ အမြဲတစေ ထိတွေနေခဲ့ရသောကြောင့် ထို matrix ကိုသာ အစစ်အမှန်ကမ္ဘာဟု ထင်ယောင်ထင်မှား ဖြစ်နေခဲ့ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ အစစ်အမှန်လောက ဟု အထင်ခံရသော အတုအယောင် လောကကို အစစ်ယောင်ကမ္ဘာ (virtual reality) ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

အစစ်ယောင်ကမ္ဘာ အိုင်ဒီယာကို ဦးစွာပထမ အစဖော်ပေးခဲ့သူမှာ ခေတ်သစ်တွေးခေါ်ပညာရှင် [1] ဒေးကား ပင်ဖြစ်သည်။ သူ၏ အတွေးအခေါ်စနစ်သည် သံသယကို အခြေခံသည်။ လောကတွင် သံသယ ဖြစ်နိုင်သမျှ အရာအားလုံးကို သံသယထားရမည်ဟု ဒေးကားက သူ၏ အတွေးအခေါ်ကို စတင်ခဲ့သည်။ ဆိုလိုသည်မှာ မည်သည့်အရာကိုမျှ လုံးဝဥသုံ ယုံကြည်ခြင်း မရှိစေခြင်းပင်ဖြစ်သည်။ ထိုသို့ သံသယဖြင့် စတင်ပါမှ နောက်ဆုံးတွင် လုံးဝ သံသယမရှိနိုင်သော မငြင်းပယ်နိုင်သော အမှန်တရားကို ရောက်နိုင်မည်ဟု ဒေးကားက ဆိုသည်။ [2]

Wednesday, February 23, 2011

Diary Entry, 22th Feb

ဒီနေ့ အိပ်မပျော်ဘူး။ တကယ်တော့ ဒီနေ့ကျမှ ထွေထွေထူးထူး အိပ်မပျော်တာ မဟုတ်ဘူးရယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ insomnia ဖြစ်နေတာကြာပြီ။ ကိုယ့်ကိုယ်ကိုတော့ genius တွေမှ ဖြစ်တတ်တဲ့ ရောဂါလို့ လိမ်ထားတာပဲ။ အိပ်မပျော်တာနဲ့ပဲ ဆေးလိပ်သောက်ရင်း လရောင်နဲ့ အိမ်ပတ်ဝန်းကျင်ကို ငေးနေမိတယ်။ ကျွန်တော်နေတဲ့ ရပ်ကွက်က ခြံဝန်းကြီးထဲမှာ တိုက်နေကို မျက်နှာချင်းဆိုင်အတိုင်း ဆောက်ထားတယ်။ ဝန်းရဲ့ အလည်ခေါင်မှာ သစ်ပင်ပန်းခြံလိုလို၊ ချုံလိုလိုရှိတယ်။ ညသန်းခေါင်းအချိန် လရောင်တစ်ဝက် သစ်ပင်တွေကို ထိုးနေတာ ကြည့်ရတာ လှတယ်။ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်နေတာပဲ။ လရောင်တစ်ဝက်လို့ ရေးတာက ဒီနေ့လတစ်ဝက်ပဲ ရှိတဲ့နေ့မို့လို့ရယ်။ ဆေးလိပ်ကုန်သွားတော့ အိမ်ထဲကို ပြန်ဝင်ပြီး စာထိုင်ရေးလိုက်တယ်။

စာမရေးတာကြာနေပြီ။ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာ နှစ်လစွန်းစွန်း ရှိရော့မယ်။ ဒီနှစ်လအတွင်း ရေးဖြစ်တာနည်းနည်းပါးပါးတော့ ရှိတယ်။ သိမ်းထားတာတွေလဲ ပါတယ်။ အမှိုက်ပုံးထဲ ရောက်သွားတာတွေလဲ ပါတယ်။ မတင်ဖြစ်တာကတော့ ဘာရယ်မဟုတ်ဘူး။ လမ်းမကြုံသေးလို့ပဲ ဆိုရမယ်။ ပို့စ်တစ်ခါတင်ရတာလဲ လွယ်တာမှမဟုတ်ဘဲ။ ကျော်ရခွရနဲ့။ ပြီးတော့ ဒီရက်ပိုင်း ကော်နက်ရှင်အခြေအနေဆိုးတယ်။ ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်တာတောင်မှ အချိန်တော်တော်ကုန်နေပြီ။ ဘလော့စပေါ့ကို အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်။

Wednesday, December 8, 2010

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်းရင်း (မြင့်သန်း)

Download Here ---> ဒီနေရာကို click ပါ


"...ကိုယ်ပိုင်အမှန်တရားဆိုတာကို လာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့နည်းလမ်းတကျ အမှန်တရားဆိုတာကို ရှင်းပြလိုက်ရုံပဲ။..."

"...မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော်လာလို့ ကမ္ဘာကြီး ပိုမိုပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့် ဆောင်းမှာ စောင်ထပ်ဝယ်စရာ မလိုဘူးပေါ့လို့ပဲ သူက ပြောလေ့ရှိတယ်။..."

"...လူကြီးတွေပြောပြောနေတဲ့ အသက်အားဖြင့် တစ်ရက် တစ်မွန်းတည့် တစ်မနက်၊ တစ်နာရီ၊ တစ်စက္ကန့်ကြီးတဲ့လူကို ရိုသေရမယ်ဆိုတာ တရားတာပဲ။ အထူးသဖြင့် ကိုယ်က အသက် ပိုကြီးနေရင် ပိုပြီး တရားသေးတယ်။..."

"...မင်း မှတ်ထား။ ရိုသေပြတယ်ဆိုတာတို့ ဘာတို့က လူ့အဖွဲ့အစည်းကြီးက ဖန်တီးထားတာ။ လူ့အဖွဲ့အစည်းတိုင်းမှာ အဲဒီထွင်လုံးတွေ ရှိတယ်။ အရင်လူက နောက်လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ရအောင် ထွင်ထားခဲ့တာ။ အစဉ်အဆက် စားလို့ကောင်းအောင်၊ ဝါးလို့ကောင်းအောင် စားကြော ထွင်ထားတာ.."

"...တီဗွီက လာတာတွေဟာ ဖြေဖျော်မှုပေးတာတော့ မှန်တယ်။ အဲဒီဖြေဖျော်မှုကြောင့် လူရဲ့ သိနိုင်တဲ့ အတိုင်းအတာတွေ ပျင်းရိသွားတတ်တယ်ဆိုပဲ။ သူများရဲ့ အားထုတ်မှုနဲ့ ကိုယ့်ရဲ့ ပျင်းရိမှုဟာ အခိုက်အတန့်ပဲ ပျောက်မှာ။ ဖြေဖျော်မှု ပြီးသွားရင် ပိုတောင် ပျင်းရိငြီးငွေ့သွားဦးမှာတဲ့။ ဥပမာ ဘောလုံးပွဲ ထိုင်ကြည့်တာမျိုး..."

What is Philosophy? ဖှီလော်ဆော်ဖီ ဘာလဲ ဘယ်လဲ

ကျွန်တော့်ကို ဘာတက်နေသလဲလို့ မေးတဲ့အခါ Philosophy လို့ ဖြေလိုက်ရင် ဘာမှန်းသေချာမသိကြဘူး။ ပြန်မေးကြတယ်။ အဲ့ဒါ ဘာတွေ သင်ရတာလဲတဲ့။ တစ်ချို့ကျတော့ Philosophy နဲ့ Psychology ကို မသဲကွဲကြဘူး။ ဂေါက်တောက်တောက် ဘာသာရပ်လို့ပဲ ရောပြီး မှတ်ထားကြတယ်။ တကယ်တော့ အဲ့ဒီ နှစ်ခုဟာ မတူကြပါဘူး။ စိတ်ပညာက လူရဲ့ စိတ်ကိုပဲ လေ့လာတယ်။ စိတ်ရဲ့ ပြုမူပုံတွေကို လေ့လာတယ်။ စိတ်ရောဂါဝေဒနာတွေကို ကုသတယ်။ ဆရာဝန်တွေနဲ့ သိပ်မကွာဘူး။ ပြောရရင်တော့ သုတေသီတွေက တွေ့ရှိပြီးသားတွေကို လေ့လာရုံသက်သက်ပဲ။ ဒဿနိကဗေဒဟာ ဘာလဲဆိုရင်တော့ ရှင်းရမှာ တော်တော်ရှည်တယ်။

Philosophy ဟာ ဘာလဲလို့ အတိအကျပြောဖို့က သိပ်မလွယ်ဘူး။ သူ့မှာ ပါဝင်တဲ့ အကြောင်းအရာတွေကလည်း စုံတယ်။ စုံတယ်ဆိုတာထက် အကုန်လုံး (everything) လို့ပဲ ပြောရမယ်ထင်တယ်။ စကြဝဠာကြီး ဘယ်လိုစဖြစ်လာသလဲဆိုတာက အစ ပုရွက်ဆိတ်ဆိုတာ ဘယ်လိုကောင်လဲ၊ ပုရွက်ဆိတ်တစ်ကောင် ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲဆိုတာအထိ ပါတယ်။ အကုန်လုံးအကြောင်းပဲ။ အခြေခံအားဖြင့်တော့ Philosophy ဟာ အဓိပ္ပာယ်တွေနဲ့ ဆော့ကစားတဲ့ ဘာသာရပ်လို့ ပြောကြတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို "စနစ်တကျ" ရှာဖွေကြည့်တာပဲ။ Philosopher တစ်ယောက်ကို လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာဘာလဲလို့ သွားမေးကြည့်ရင် သူက ပြန်မေးလိမ့်မယ်။ မင်းပြောတဲ့ အဓိပ္ပာယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ What do you mean by meaning?

Monday, November 29, 2010

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ဧည့်ခံပွဲလုပ်တဲ့လူက ကျွန်တော်တို့အပေါ်မှာ ကောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ လောကမှာ အပြန်အလှန်ကူညီတာ၊ စောင့်ရှောက်ရတာဟာ ရေးသားမထားတဲ့ မူတစ်ခု။ ဒီတော့လည်း ကျွန်တော်တို့ အနေနဲ့ သူ အကူအညီလိုနေတာကို ကူညီရမယ့်သဘော။ သူကတော့ တည့်တည့်ချည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ တင်နေတဲ့ ကြွေးကို ချေပစ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်မှာ ထပ်ပြီး သူ အကြွေးတင်လာအောင် လုပ်ထားချင်နေကြတာ။ ဒီတော့မှ ကျွန်တော်တို့လည်း သူ့ကို အသုံးချလို့ ရမှာကိုး။ တစ်နေ့ကတော့ ဂေါက်သီးရိုက်ရင်း သူ့ကိစ္စကိုပြောတယ်။ မင်းလိုချင်တဲ့ အဖြေရဖို့ဆိုရင်တော့ အကူအညီပေးနိုင်တယ်။ ဒါပေတဲ့ တို့ လုပ်ခိုင်းတာကိုတော့ မင်းက လုပ်။ တို့ ဘာလုပ်မယ်ဆိုတာကို အသေးစိတ် မင်းသိစရာမလိုဘူးလို့ သူ့ကိုပြောတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ သူ့အိမ်မှာ ဧည့်ခံပွဲကလေးတစ်ခု လုပ်ဖြစ်သွားတယ်။ အကြောင်းပြချက်ကတော့ အသစ်ရောက်လာတဲ့ သံတမန် တစ်ယောက်ကို ကျန်လူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကောက်တေး(လ်)ပွဲပဲ။ ဒါကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။

ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်သား သူ့ဧည့်ခံပွဲကို ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့ဆိုတာက အေဒရီယံရယ်၊ ပက်ဒီရယ်၊ လူးရယ်၊ ကျွန်တော်ရယ်။ ပက်ဒီနဲ့ လူးတို့ နှစ်ယောက်က မှတ်တမ်းတင် ရုပ်သေ၊ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ လက်ထောက် လုပ်နေကြတယ်။ အမှန်မတော့ လူးက ကျွန်တော်တို့ ကြည့်ချင်တဲ့လူတွေရဲ့ ပုံတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်ရိုက်တဲ့လူတွေကို ကပ်ပြီး ညွှန်ကြားနေကြတာ။ ကျွန်တော်တို့ကတော့ ဧည့်သည်တော်တွေအဖြစ် လာပေတဲ့ အခန်းထောင့်တစ်နေရာမှာ လိမ္မော်ရည်ခွက်ကိုင်ရင်း မိုးတိုးမတ်တပ်ပဲ။ ယမကာမှီဝဲလို့ မဖြစ်သေးဘူး။ ဒီတော့လည်း ပျင်းလာတယ်။ သူတို့ အသိုင်းအဝိုင်းက ဟန်များကြတယ်။ ဟန်များတယ်ဆိုတာ ဟန်လုပ်နေကြရတာ များတာ။ လုံးလုံးချည်းမသိတာကို သိသလိုလုပ်ပြီး လိမ်နေတဲ့ လူတွေပါသလို သိနေတာကို မသိသလိုလုပ်ပြီး ညာနေတဲ့လူတွေလည်း ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့လူတွေတော့လည်း မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထောင့် တစ်နေရာက ရပ်ကြည့်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပျင်းပြေအောင် လုပ်နေကြရတယ်။ တခြားတော့ မဟုတ်ဘူး။ တတိယကမ္ဘာက လာကြတဲ့ သံအမတ်ကတော်တွေရဲ့ လူပုံစံ၊ ဝတ်ပုံစားပုံဆိုတာတွေကြည့်ပြီး ပြက်လုံးထုတ်နေမိကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ဆယ်ယောက်မှာ ကိုးယောက်လောက်က မဝတ်တတ် မစားတတ်တာများတယ်။ မစားတတ်ဘူးဆိုတာကလည်း မဟုတ်လောက်ဘူး။ အစားကောင်းလို့ ကျားကိုစီး စားလို့မကုန် ပုံကြီးတွေ များတယ်။

Friday, October 1, 2010

အချစ်၊ ဘာလဲ ဘယ်လဲ

ရည်ညွှန်း - မော်မော်သင်း။ ။ သူရဲကောင်း၏ မိုးစက်ပွင့်များ၊ ရှုမ၀မဂ္ဂဇင်း၊ ၁၉၈၂၊ မေလ၊

ဆိုရှယ်လစ် သရုပ်မှန်စာပေ။ ရေးသောခုနှစ်မှာ ၈၂ ခုနှစ်ဖြစ်သောကြောင့် ဆိုရှယ်လစ်ခေတ်အတွင်းတွင် ဇာတ်အိမ်တည်ထားသည်။ ထို့ကြောင့် “ပြည်သူ”၊ “ပစ္စည်းမဲ့လူတန်းစား”၊ “ဘဝမဆန်ဘူး” စသည့် အသုံးအနှုန်းတွေကို တွေ့ရသည်။ ဆိုရှယ်လစ်စနစ် အတွင်းမှာ ဖြစ်တည်နေသော ချစ်ခြင်းမေတ္တာအကြောင်းကို အဓိက ဖော်ကျူးထားသည်။ ရသအပိုင်းမှာ ပြောစရာမရှိ။ သာမန်ရိုးကျ အချစ်ဇာတ်လမ်းတွေကို သဘောကျသော ချာတိတ်တွေ၊ ချာတိတ်မတွေ အကြိုက်ဖြစ်ပါလိမ့်မည်။ တစ်ခါတစ်ရံ စာရေးဆရာ၏ ခေတ်ကို လှောင်နေသော အသံကို ကြားရသည်။ “သူတို့သည် ရုပ်ရှင်ကြည့်လျှင်လည်း ငါးကျပ်တန်းကမှ၊ ဟင်းမကောင်းလျှင် ထမင်းမစားချင်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အချိန်မှန်သမျှကို ရေရာသောအလုပ် ဘာမျှမရှိဘဲ ပစ္စည်းမဲ့လူတန်းစားအတွက်ဟုဆိုကာ ဖြုန်းနေကြလေသည်။” စသည့် စာကြောင်းများတွင် တွေ့ရသည်။

Thursday, September 30, 2010

ကြောင်ကလေးကို ရေချိုးပေးသူ

ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။ အချိန်ရတိုင်းပဲ။ သူငယ်ချင်းတွေက အလုပ်မရှိ ကြောင်ရေချိုးတဲ့အကောင်လို့ ပြောကြတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျွန်တော်ကိုယ်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတာကိုး။ ကြောင်ကို ရေချိုးပေးရတာလည်း လွယ်တာတော့ မဟုတ်ဘူး။ ကြောင်ဆိုတာက ရေကြောက်တဲ့ သတ္တဝါမှတ်လား။ ဒါကြောင့် အလုပ်မရှိတိုင်း ကြောင်ကို ရေချိုးပေးဖို့ကလည်း လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။

ကြောင်ကို ရေချိုးပေးတယ် ဆိုပေမယ့် သာမန်ကာလျှံကာ မဟုတ်ဘူး။ ကြောင်ကို ရေချိုးပေးတဲ့ နည်းစနစ်တွေကို သေချာလေ့လာရသေးတယ်။ ကိုယ်တိုင် ချိုးပေးဖို့ကိုလည်း စိတ်ရှည်ရသေးတယ်။ အခြေအနေနဲ့ အချိန်အခါကိုလည်း လေ့လာရသေးတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတော့ ကြိုးစားရတာပဲ။ အစပိုင်းတော့ ခက်တယ်။ ကြောင်ကလေးကို ရေချိုးပေးတဲ့ နေရာမှာ အစက မကျွမ်းကျင်သေးတော့ အလုပ်မဖြစ်လှဘူး။ ဒီအလုပ်ဟာ စိတ်ရှည်ဖို့လည်း လိုသေးတယ်။ အစပိုင်း မအောင်မြင်တာနဲ့ စိတ်ဓာတ်ကျနေလို့ မဖြစ်သေးဘူး။ ကြောင်ကလေးကို ရေမှန်မှန်ချိုးတတ်အောင် လေ့လာ၊ လေ့ကျင်ရသေးတယ်။ နောက်ပိုင်းမှ အသားကျသွားတယ်။ ကြောင်ကလေးကို ရေချိုးပေးဖို့ အလုပ်မရှိရုံနဲ့ မလုံလောက်သေးဘူး။

Wednesday, September 29, 2010

ရုံးတော်မှတစ်ဆင့် ကာ(ဖ)ကာကို ချဉ်းကပ်ခြင်း

ဗျို့ ဦးတေဇာ,

ဦးလေး ဘာသာပြန်တဲ့ ကာ(ဖ)ကာရဲ့ ဝတ္ထုကို ဖတ်ရတယ်။ သဘောလည်းကျတယ်။ တကယ်တော့ အဲဒီ အရေးအသားကို ဖတ်ဖူးတာ ပထမဦးဆုံးတော့ မဟုတ်ဘူး။ တခြားသူတွေ ဘာသာပြန်တာ ဖတ်ဖူးသေးတယ်။ မူရင်းလည်း ဖတ်ဖူးတယ်။ အဲ့ဒီ အရေးအသားဟာ သီးသန့်တော့ မဟုတ်ဘူး။ မှတ်မှတ်ရရ The Trial ဝတ္ထုထဲမှာ ပါတယ်။ အဲ့ဒီထဲက ပုံပြင်လေးကို ပြန်ပြီး ကောက်နုတ်ထားတာလို့တော့ ထင်တယ်။ ထားပါတော့။ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး။

ကာ(ဖ)ကာ ဆိုတာက စာရေးဆရာတွေထဲမှာ အလွန်သိမ်မွေ့ပြီး နားလည်ရခက်တဲ့ စာရေးဆရာတစ်ယောက်ပဲ။ သူ့အရေးအသားတွေကို တစ်ခေါက်ဖတ်ရုံနဲ့ နားမလည်ဘူး။ သုံးလေးငါးခေါက် သေသေချာချာ ဖတ်ရတယ်။ ပြီး သေသေချာချာ ဆက်တွေးရတယ်။ ကာ(ဖ)ကာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားခဲ့တဲ့ ဝေဖန်ရေးဆရာတွေလည်း အများကြီးပဲ။ တစ်ယောက်တစ်မျိုးနဲ့ ကာ(ဖ)ကာကို ချဉ်းကပ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ဟာလည်း ကာ(ဖ)ကာရဲ့ အနီးအနားကို ရောက်လာနိုင်စွမ်း မရှိခဲ့ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်လည်း ဥာဏ်စွမ်းသလောက် ကာ(ဖ)ကာရဲ့ တရားခွင်ကို ချဉ်းကပ်ကြည့်မယ်။