ကျွန်တော် ဤစာကြောင်းကို စတင်ရေးလိုက်သည့် အချိန်မှ စတင်၍ ကျွန်တော့်တွင် မသိစိတ်များကသာ လွှမ်းမိုးသွားပါသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ကျွန်တော် ဤစာသားများကို ရေးနေခြင်းမှာ မသိစိတ်ဖြင့် ရေးနေခြင်းသာ ဖြစ်သည်။ သိစိတ်ဖြင့် ရေးသားနေခြင်း မဟုတ်ပါ။ သို့သော် ထိုသို့ ပြောလိုက်ခြင်းသည် ကျွန်တော့်၏ လိမ်လည်မှုတစ်ရပ်သာ ဖြစ်ကြောင်းကို သင်သိသလို ကျွန်တော်လည်း သိပါသည်။ စင်စစ် “မသိစိတ်ကို သိနေသည်” ဟူသော ဝါကျမှာ ဝိရောဓိအဆိုတစ်ခုသာ ဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍ ကျွန်တော်သာ မသိစိတ်ဖြင့် ဤစာကြောင်းများကို ရေးနေသည် ဆိုပါလျှင် ထိုအကြောင်းကို ကျွန်တော်သည် မည်သို့မျှ မသိနိုင်ပါ။ ဤစာသားများကိုလည်း မည်သို့မျှ ရေးသားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ် မသိသောအရာကို ကျွန်ုပ်က မည်ကဲ့သို့ ဖော်ပြနိုင်မည်နည်း။ ထို့ကြောင့် ဤ အရေးအသား တစ်ခုလုံးမှာ ဝိရောဓိအဆိုသင့်နေသော အရေးအသားများသာ ဖြစ်ပါသည်။
မနက်ဖြန် သတင်းစာကို ယနေ့ဖတ်ခြင်း မှစ၍ ဝိရောဓိအဆိုသင့်နေသော အကြောင်းအရာပေါင်းများစွာ ရှိပါသည်။ ဥပမာ ဆိုရလျှင် သင်မရေးတတ်သော စာလုံးကို ရေးကြည့်ပါ။ သင် မသိသောအရာ အကြောင်းကို ပြောပြပါ။ ထိုသို့သော ကိစ္စများသည် ကိုယ့်တံတောင်ဆစ်ကိုယ် လျှာဖြင့်လျှက်ကြည့်သလို အပြောလွယ်၍ လက်တွေ့မကျသော ကိစ္စများသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဝိရောဓိများကို ကျွန်တော် ချစ်သည်။ ဝိရောဓိများတွင် တစ်နည်းတစ်ဖုံဖြင့် သူတို့၏ အလှအပများ တည်ရှိနေသည်။ အနည်းဆုံး ၎င်းတို့အကြောင်း စဉ်းစားရခြင်းသည် စိတ်ကျေနပ်မှု တစ်စုံတစ်ရာကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်နိုင်ပေသည်။
ကျွန်တော်မသိသော စာလုံးကို ကျွန်တော် မရေးတတ်ပါ။ ကျွန်တော့် ကီးဘုတ်မှ ရိုက်မရသော စာကြောင်းများကို ရိုက်ကြည့်ချင်သည်။ သူမကို ကျွန်တော် မေ့လိုက်နိုင်ပြီ ဆိုပါက သူမအား ဆက်ဆက် အကြောင်းကြားလိုက်ပါမည်။ ဒီမိုကရေစီရပြီ! ယခင် ဝန်ကြီးများဖြင့် အစိုးရအသစ် ဖွဲ့စည်းလိုက်သည်။ ကျွန်တော် အပေါ်ထပ်သို့တက်ရန် အဆင်းလှေကား ရှာမတွေ့ပါ။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းနိုင်သော်လည်း ဘုရားသခင်နောက်တစ်ခု (တစ်ယောက်?) မဖန်ဆင်းနိုင်ချေ။ ခြင်ဆေးခွေပေါ်တွင် ခြင်နှစ်ကောင် လိင်ဆက်ဆံနေကြသည်။ ကျွန်တော်၏ မဝယ်ရသေးသော ဂစ်တာ(ဂီတာ?) တစ်လက်(တစ်ခု?) ပျောက်ဆုံးသွားကြောင်း ရဲစခန်းမှ စခန်းမှူးကြီး ဦးစောရ က ထောက်ခံလွှာ ရေးပေးလိုက်သည်။ ကျွန်တော်သည် ကျွန်တော်နှင့် သံသရာတွင် သားအဖ တော်စပ်ခဲ့ဖူးကြောင်း ဝန်ခံပါသည်။ ဤ စာသားများကို ကျွန်တော့် မသိစိတ်ဖြင့် ရေးသားနေပါသည်။
တကယ်တော့ စာရေးသားခြင်းသည် မသိစိတ်ဖြင့် ပြုလုပ်၍ ရနိုင်ကောင်းသာ အရာမဟုတ်ပါ။ “ကျုပ်ဖြင့် အဲဒီတုန်းက မသိစိတ်က ရေးသွားတာလေ။ ဒီကဗျာကို။ ဘယ်လိုရေးသွားမှန်းတောင် မသိလိုက်ပါဘူး။ ပြီးသွားတော့မှ တစ်ခေါက် ပြန်ဖတ်ကြည့်ရတယ်” ဆိုတာမျိုး ကြားရလျှင် “အာလူးလာပေးနဲ့ လေတွေနည်းနည်းလျှော့” ဟုသာ သီချင်း ဆိုပြလိုက်ပါ။ တကယ်တမ်း သတိမရှိဘဲ စာလုံးတွေ ရေးခဲ့လျှင်လည်း ဒါဟာ ကဗျာ မဟုတ်နိုင်ပါ။ ထင်ရာစိတ်ကူး ငမူးအိပ်မက် တောင်ခြစ်မြောက်ခြစ်သာ ဖြစ်ပါလိမ့်မည်။ စာရွက်ပေါ်က လုံးလုံးဝိုင်းဝိုင်း မင်စွန်းရာများသာ ဖြစ်လိမ့်မည်။ မသိစိတ်ဖြင့် အနုပညာ ဖန်တီးနိုင်သော ပုဂ္ဂိုလ်ထူးမျိုး ဘဒ္ဒကမ္ဘာတွင် မမွေးသေးပါ။ (သိလျှင်လည်း လက်တို့ပါ။ မြင်ဖူးချင်လို့ပါ)
Stream of consciousness ကို လုံးကောက်အဓိပ္ပာယ် အနက်ဖြင့် သိစိတ်အလျှင်ရေးနည်းဟု ဘာသာပြန်သော ဆရာများ၏ စာများကို တစ်လုံးစ နှစ်လုံးစ ဖတ်မိခဲ့ကြပြီး စိတ်ထဲပေါ်လာသမျှ စာလုံးတိုင်းကို ရေကဲ့သို့ အလျှင်မပြတ် အထိန်းအကွပ်မရှိ ချရေးကာ ကဗျာဟု ခေါင်းစဉ်တပ် လက်မှတ်ထိုးနေသော ပေါတောတော ကဗျာဆရာ (ယောင်ယောင်) များလည်း ရှိပါသေးသည်။ Stream of consciousness မှာ interior monologue သဘောပင် ဖြစ်သည်။ အထိန်းအကွပ် ရှိသည်။ အရူးလွယ်အိတ်လို စာလုံးပေါင်းစုံ စာမျက်နှာပေါ် ဗျောက်သော ရေးချနေတာမျိုး မဟုတ်ပါ။ အဲဒါ အနုပညာ မဟုတ်ပါ။
အနုပညာရှင်တစ်ယောက် အနုပညာတစ်စုံတစ်ရာကို ဖန်တီးရာတွင် သတိလက်လွှတ် ဖန်တီးရသည် မဟုတ်ပါ။ သတိ/အသိ ရှိပါသည်။ မသိစိတ်ဖြင့် အနုပညာတစ်စုံတစ်ရာ ဖန်တီး၍ မရပါ။ Stream of consciousness သည် မသိစိတ်ကို အရင်းခံသောလည်း စင်စစ် မသိစိတ်မှလာသော စာလုံးများသည် သိစိတ်ကို ဖြတ်ပြီးမှသာ စာရွက်ပေါ်တွင် ချရေးလို့ရသည်သာ ဖြစ်သည်။ ဘောပင်ဖြင့် စာရေးသော်လည်း လက်က ထိန်းချုပ်ပေးမှသာ ရေးနိုင်မည် ဖြစ်သည်။ မသိစိတ်ဖြင့် ဖန်တီးသော်လည်း သိစိတ်က ထိန်းချုပ်ထားပေးမှသာ အနုပညာပစ္စည်း တစ်စုံတစ်ရာဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် မသိစိတ်ဖြင့် စာရေးခြင်းမှာလည်း ဝိရောဓိအဆို တစ်ခုသာ ဖြစ်ပါသည်။
အာကာကျော်
March 8, 2011
1:00 AM
1 comment:
မသိစိတ်ဖြင့် ဖန်တီးသော်လည်း သိစိတ်က ထိန်းချုပ်ထားပေးမှသာ အနုပညာပစ္စည်း တစ်စုံတစ်ရာဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ထောက်ခံတယ်ဗျ။ အနည်းဆုံးတော့ ချရေးအပြီးမှာ အဲဒီ့လူတွေက ဒါ အနုပညာပစ္စည်းဆိုပြီး သတိရှိရှိနဲ့ သတ်မှတ်လိုက်ကြ တာပဲ။
Post a Comment