Wednesday, December 8, 2010

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်းရင်း (မြင့်သန်း)

Download Here ---> ဒီနေရာကို click ပါ


"...ကိုယ်ပိုင်အမှန်တရားဆိုတာကို လာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့နည်းလမ်းတကျ အမှန်တရားဆိုတာကို ရှင်းပြလိုက်ရုံပဲ။..."

"...မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော်လာလို့ ကမ္ဘာကြီး ပိုမိုပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့် ဆောင်းမှာ စောင်ထပ်ဝယ်စရာ မလိုဘူးပေါ့လို့ပဲ သူက ပြောလေ့ရှိတယ်။..."

"...လူကြီးတွေပြောပြောနေတဲ့ အသက်အားဖြင့် တစ်ရက် တစ်မွန်းတည့် တစ်မနက်၊ တစ်နာရီ၊ တစ်စက္ကန့်ကြီးတဲ့လူကို ရိုသေရမယ်ဆိုတာ တရားတာပဲ။ အထူးသဖြင့် ကိုယ်က အသက် ပိုကြီးနေရင် ပိုပြီး တရားသေးတယ်။..."

"...မင်း မှတ်ထား။ ရိုသေပြတယ်ဆိုတာတို့ ဘာတို့က လူ့အဖွဲ့အစည်းကြီးက ဖန်တီးထားတာ။ လူ့အဖွဲ့အစည်းတိုင်းမှာ အဲဒီထွင်လုံးတွေ ရှိတယ်။ အရင်လူက နောက်လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ရအောင် ထွင်ထားခဲ့တာ။ အစဉ်အဆက် စားလို့ကောင်းအောင်၊ ဝါးလို့ကောင်းအောင် စားကြော ထွင်ထားတာ.."

"...တီဗွီက လာတာတွေဟာ ဖြေဖျော်မှုပေးတာတော့ မှန်တယ်။ အဲဒီဖြေဖျော်မှုကြောင့် လူရဲ့ သိနိုင်တဲ့ အတိုင်းအတာတွေ ပျင်းရိသွားတတ်တယ်ဆိုပဲ။ သူများရဲ့ အားထုတ်မှုနဲ့ ကိုယ့်ရဲ့ ပျင်းရိမှုဟာ အခိုက်အတန့်ပဲ ပျောက်မှာ။ ဖြေဖျော်မှု ပြီးသွားရင် ပိုတောင် ပျင်းရိငြီးငွေ့သွားဦးမှာတဲ့။ ဥပမာ ဘောလုံးပွဲ ထိုင်ကြည့်တာမျိုး..."

What is Philosophy? ဖှီလော်ဆော်ဖီ ဘာလဲ ဘယ်လဲ

ကျွန်တော့်ကို ဘာတက်နေသလဲလို့ မေးတဲ့အခါ Philosophy လို့ ဖြေလိုက်ရင် ဘာမှန်းသေချာမသိကြဘူး။ ပြန်မေးကြတယ်။ အဲ့ဒါ ဘာတွေ သင်ရတာလဲတဲ့။ တစ်ချို့ကျတော့ Philosophy နဲ့ Psychology ကို မသဲကွဲကြဘူး။ ဂေါက်တောက်တောက် ဘာသာရပ်လို့ပဲ ရောပြီး မှတ်ထားကြတယ်။ တကယ်တော့ အဲ့ဒီ နှစ်ခုဟာ မတူကြပါဘူး။ စိတ်ပညာက လူရဲ့ စိတ်ကိုပဲ လေ့လာတယ်။ စိတ်ရဲ့ ပြုမူပုံတွေကို လေ့လာတယ်။ စိတ်ရောဂါဝေဒနာတွေကို ကုသတယ်။ ဆရာဝန်တွေနဲ့ သိပ်မကွာဘူး။ ပြောရရင်တော့ သုတေသီတွေက တွေ့ရှိပြီးသားတွေကို လေ့လာရုံသက်သက်ပဲ။ ဒဿနိကဗေဒဟာ ဘာလဲဆိုရင်တော့ ရှင်းရမှာ တော်တော်ရှည်တယ်။

Philosophy ဟာ ဘာလဲလို့ အတိအကျပြောဖို့က သိပ်မလွယ်ဘူး။ သူ့မှာ ပါဝင်တဲ့ အကြောင်းအရာတွေကလည်း စုံတယ်။ စုံတယ်ဆိုတာထက် အကုန်လုံး (everything) လို့ပဲ ပြောရမယ်ထင်တယ်။ စကြဝဠာကြီး ဘယ်လိုစဖြစ်လာသလဲဆိုတာက အစ ပုရွက်ဆိတ်ဆိုတာ ဘယ်လိုကောင်လဲ၊ ပုရွက်ဆိတ်တစ်ကောင် ကို ဘယ်လိုအဓိပ္ပါယ် ဖွင့်မလဲဆိုတာအထိ ပါတယ်။ အကုန်လုံးအကြောင်းပဲ။ အခြေခံအားဖြင့်တော့ Philosophy ဟာ အဓိပ္ပာယ်တွေနဲ့ ဆော့ကစားတဲ့ ဘာသာရပ်လို့ ပြောကြတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို "စနစ်တကျ" ရှာဖွေကြည့်တာပဲ။ Philosopher တစ်ယောက်ကို လူ့ဘဝရဲ့ အဓိပ္ပာယ်ဟာဘာလဲလို့ သွားမေးကြည့်ရင် သူက ပြန်မေးလိမ့်မယ်။ မင်းပြောတဲ့ အဓိပ္ပာယ်ဆိုတာက ဘာကိုပြောချင်တာလဲ။ What do you mean by meaning?

Monday, November 29, 2010

ကာတီရေးနဲ့မိန်းမ (မြင့်သန်း)

ဧည့်ခံပွဲလုပ်တဲ့လူက ကျွန်တော်တို့အပေါ်မှာ ကောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ လောကမှာ အပြန်အလှန်ကူညီတာ၊ စောင့်ရှောက်ရတာဟာ ရေးသားမထားတဲ့ မူတစ်ခု။ ဒီတော့လည်း ကျွန်တော်တို့ အနေနဲ့ သူ အကူအညီလိုနေတာကို ကူညီရမယ့်သဘော။ သူကတော့ တည့်တည့်ချည်း ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့မှာ တင်နေတဲ့ ကြွေးကို ချေပစ်ချင်တာ မဟုတ်ဘူး။ ကျွန်တော်တို့အပေါ်မှာ ထပ်ပြီး သူ အကြွေးတင်လာအောင် လုပ်ထားချင်နေကြတာ။ ဒီတော့မှ ကျွန်တော်တို့လည်း သူ့ကို အသုံးချလို့ ရမှာကိုး။ တစ်နေ့ကတော့ ဂေါက်သီးရိုက်ရင်း သူ့ကိစ္စကိုပြောတယ်။ မင်းလိုချင်တဲ့ အဖြေရဖို့ဆိုရင်တော့ အကူအညီပေးနိုင်တယ်။ ဒါပေတဲ့ တို့ လုပ်ခိုင်းတာကိုတော့ မင်းက လုပ်။ တို့ ဘာလုပ်မယ်ဆိုတာကို အသေးစိတ် မင်းသိစရာမလိုဘူးလို့ သူ့ကိုပြောတော့ သူက သဘောတူတယ်။ ဒီလိုနဲ့ သူ့အိမ်မှာ ဧည့်ခံပွဲကလေးတစ်ခု လုပ်ဖြစ်သွားတယ်။ အကြောင်းပြချက်ကတော့ အသစ်ရောက်လာတဲ့ သံတမန် တစ်ယောက်ကို ကျန်လူတွေနဲ့ မိတ်ဆက်ပေးတဲ့ ကောက်တေး(လ်)ပွဲပဲ။ ဒါကလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါ။

ဒီလိုနဲ့ ကျွန်တော်တို့ လေးယောက်သား သူ့ဧည့်ခံပွဲကို ရောက်လာခဲ့တာပဲ။ ကျွန်တော်တို့ဆိုတာက အေဒရီယံရယ်၊ ပက်ဒီရယ်၊ လူးရယ်၊ ကျွန်တော်ရယ်။ ပက်ဒီနဲ့ လူးတို့ နှစ်ယောက်က မှတ်တမ်းတင် ရုပ်သေ၊ ရုပ်ရှင်ရိုက်တဲ့သူတွေရဲ့ လက်ထောက် လုပ်နေကြတယ်။ အမှန်မတော့ လူးက ကျွန်တော်တို့ ကြည့်ချင်တဲ့လူတွေရဲ့ ပုံတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာ တကယ်ရိုက်တဲ့လူတွေကို ကပ်ပြီး ညွှန်ကြားနေကြတာ။ ကျွန်တော်တို့ကတော့ ဧည့်သည်တော်တွေအဖြစ် လာပေတဲ့ အခန်းထောင့်တစ်နေရာမှာ လိမ္မော်ရည်ခွက်ကိုင်ရင်း မိုးတိုးမတ်တပ်ပဲ။ ယမကာမှီဝဲလို့ မဖြစ်သေးဘူး။ ဒီတော့လည်း ပျင်းလာတယ်။ သူတို့ အသိုင်းအဝိုင်းက ဟန်များကြတယ်။ ဟန်များတယ်ဆိုတာ ဟန်လုပ်နေကြရတာ များတာ။ လုံးလုံးချည်းမသိတာကို သိသလိုလုပ်ပြီး လိမ်နေတဲ့ လူတွေပါသလို သိနေတာကို မသိသလိုလုပ်ပြီး ညာနေတဲ့လူတွေလည်း ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့လူတွေတော့လည်း မဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့ နှစ်ယောက်သား အခန်းထောင့် တစ်နေရာက ရပ်ကြည့်ရင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပျင်းပြေအောင် လုပ်နေကြရတယ်။ တခြားတော့ မဟုတ်ဘူး။ တတိယကမ္ဘာက လာကြတဲ့ သံအမတ်ကတော်တွေရဲ့ လူပုံစံ၊ ဝတ်ပုံစားပုံဆိုတာတွေကြည့်ပြီး ပြက်လုံးထုတ်နေမိကြတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ တတိယကမ္ဘာက သံအမတ်ကတော်တွေဟာ ဆယ်ယောက်မှာ ကိုးယောက်လောက်က မဝတ်တတ် မစားတတ်တာများတယ်။ မစားတတ်ဘူးဆိုတာကလည်း မဟုတ်လောက်ဘူး။ အစားကောင်းလို့ ကျားကိုစီး စားလို့မကုန် ပုံကြီးတွေ များတယ်။

Friday, October 1, 2010

အချစ်၊ ဘာလဲ ဘယ်လဲ

ရည်ညွှန်း - မော်မော်သင်း။ ။ သူရဲကောင်း၏ မိုးစက်ပွင့်များ၊ ရှုမ၀မဂ္ဂဇင်း၊ ၁၉၈၂၊ မေလ၊

ဆိုရှယ်လစ် သရုပ်မှန်စာပေ။ ရေးသောခုနှစ်မှာ ၈၂ ခုနှစ်ဖြစ်သောကြောင့် ဆိုရှယ်လစ်ခေတ်အတွင်းတွင် ဇာတ်အိမ်တည်ထားသည်။ ထို့ကြောင့် “ပြည်သူ”၊ “ပစ္စည်းမဲ့လူတန်းစား”၊ “ဘဝမဆန်ဘူး” စသည့် အသုံးအနှုန်းတွေကို တွေ့ရသည်။ ဆိုရှယ်လစ်စနစ် အတွင်းမှာ ဖြစ်တည်နေသော ချစ်ခြင်းမေတ္တာအကြောင်းကို အဓိက ဖော်ကျူးထားသည်။ ရသအပိုင်းမှာ ပြောစရာမရှိ။ သာမန်ရိုးကျ အချစ်ဇာတ်လမ်းတွေကို သဘောကျသော ချာတိတ်တွေ၊ ချာတိတ်မတွေ အကြိုက်ဖြစ်ပါလိမ့်မည်။ တစ်ခါတစ်ရံ စာရေးဆရာ၏ ခေတ်ကို လှောင်နေသော အသံကို ကြားရသည်။ “သူတို့သည် ရုပ်ရှင်ကြည့်လျှင်လည်း ငါးကျပ်တန်းကမှ၊ ဟင်းမကောင်းလျှင် ထမင်းမစားချင်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း အချိန်မှန်သမျှကို ရေရာသောအလုပ် ဘာမျှမရှိဘဲ ပစ္စည်းမဲ့လူတန်းစားအတွက်ဟုဆိုကာ ဖြုန်းနေကြလေသည်။” စသည့် စာကြောင်းများတွင် တွေ့ရသည်။

Thursday, September 30, 2010

ကြောင်ကလေးကို ရေချိုးပေးသူ

ကျွန်တော်ဟာ ကြောင်ကလေးကို ရေမှန်မှန်ချိုးပေးတယ်။ အချိန်ရတိုင်းပဲ။ သူငယ်ချင်းတွေက အလုပ်မရှိ ကြောင်ရေချိုးတဲ့အကောင်လို့ ပြောကြတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျွန်တော်ကိုယ်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတာကိုး။ ကြောင်ကို ရေချိုးပေးရတာလည်း လွယ်တာတော့ မဟုတ်ဘူး။ ကြောင်ဆိုတာက ရေကြောက်တဲ့ သတ္တဝါမှတ်လား။ ဒါကြောင့် အလုပ်မရှိတိုင်း ကြောင်ကို ရေချိုးပေးဖို့ကလည်း လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။

ကြောင်ကို ရေချိုးပေးတယ် ဆိုပေမယ့် သာမန်ကာလျှံကာ မဟုတ်ဘူး။ ကြောင်ကို ရေချိုးပေးတဲ့ နည်းစနစ်တွေကို သေချာလေ့လာရသေးတယ်။ ကိုယ်တိုင် ချိုးပေးဖို့ကိုလည်း စိတ်ရှည်ရသေးတယ်။ အခြေအနေနဲ့ အချိန်အခါကိုလည်း လေ့လာရသေးတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်က ကြောင်ကလေးကို ရေချိုးပေးရတာ ဝါသနာပါနေတော့ ကြိုးစားရတာပဲ။ အစပိုင်းတော့ ခက်တယ်။ ကြောင်ကလေးကို ရေချိုးပေးတဲ့ နေရာမှာ အစက မကျွမ်းကျင်သေးတော့ အလုပ်မဖြစ်လှဘူး။ ဒီအလုပ်ဟာ စိတ်ရှည်ဖို့လည်း လိုသေးတယ်။ အစပိုင်း မအောင်မြင်တာနဲ့ စိတ်ဓာတ်ကျနေလို့ မဖြစ်သေးဘူး။ ကြောင်ကလေးကို ရေမှန်မှန်ချိုးတတ်အောင် လေ့လာ၊ လေ့ကျင်ရသေးတယ်။ နောက်ပိုင်းမှ အသားကျသွားတယ်။ ကြောင်ကလေးကို ရေချိုးပေးဖို့ အလုပ်မရှိရုံနဲ့ မလုံလောက်သေးဘူး။

Wednesday, September 29, 2010

ရုံးတော်မှတစ်ဆင့် ကာ(ဖ)ကာကို ချဉ်းကပ်ခြင်း

ဗျို့ ဦးတေဇာ,

ဦးလေး ဘာသာပြန်တဲ့ ကာ(ဖ)ကာရဲ့ ဝတ္ထုကို ဖတ်ရတယ်။ သဘောလည်းကျတယ်။ တကယ်တော့ အဲဒီ အရေးအသားကို ဖတ်ဖူးတာ ပထမဦးဆုံးတော့ မဟုတ်ဘူး။ တခြားသူတွေ ဘာသာပြန်တာ ဖတ်ဖူးသေးတယ်။ မူရင်းလည်း ဖတ်ဖူးတယ်။ အဲ့ဒီ အရေးအသားဟာ သီးသန့်တော့ မဟုတ်ဘူး။ မှတ်မှတ်ရရ The Trial ဝတ္ထုထဲမှာ ပါတယ်။ အဲ့ဒီထဲက ပုံပြင်လေးကို ပြန်ပြီး ကောက်နုတ်ထားတာလို့တော့ ထင်တယ်။ ထားပါတော့။ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး။

ကာ(ဖ)ကာ ဆိုတာက စာရေးဆရာတွေထဲမှာ အလွန်သိမ်မွေ့ပြီး နားလည်ရခက်တဲ့ စာရေးဆရာတစ်ယောက်ပဲ။ သူ့အရေးအသားတွေကို တစ်ခေါက်ဖတ်ရုံနဲ့ နားမလည်ဘူး။ သုံးလေးငါးခေါက် သေသေချာချာ ဖတ်ရတယ်။ ပြီး သေသေချာချာ ဆက်တွေးရတယ်။ ကာ(ဖ)ကာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားခဲ့တဲ့ ဝေဖန်ရေးဆရာတွေလည်း အများကြီးပဲ။ တစ်ယောက်တစ်မျိုးနဲ့ ကာ(ဖ)ကာကို ချဉ်းကပ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ဟာလည်း ကာ(ဖ)ကာရဲ့ အနီးအနားကို ရောက်လာနိုင်စွမ်း မရှိခဲ့ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်လည်း ဥာဏ်စွမ်းသလောက် ကာ(ဖ)ကာရဲ့ တရားခွင်ကို ချဉ်းကပ်ကြည့်မယ်။

Monday, September 27, 2010

အသက်အရွယ်

ကျွန်တော် မကျေနပ်တဲ့ စကားလုံးတွေထဲမှာ အသက်အရွယ် ဆိုတဲ့ စကားလည်း ပါတယ်။ တကယ်တော့ အသက်နဲ့ အရွယ်ကို ခွဲခြားထားရင် ကောင်းမယ်။ လူတစ်ယောက်ရဲ့ အသက်နှင့် အရွယ်ကို ဘယ်လိုသိနိုင်သလဲ။ အသက်ဆိုတာဘာကို ပြောတာလဲ။ အရွယ်ဆိုတာတော့ လူတစ်ယောက်ရဲ့ အိုမင်းရင့်ရော်မှုကို ပြနေတဲ့ ဆိုင်းဘုတ်တစ်ခုပဲ။ အသက်ဆိုတာနဲ့ အရွယ်ဆိုတာ သက်သက်စီလို ပြောရင် ရမလား။ အသက်ကြီးပြီး အရွယ်ငယ်တဲ့ လူတွေရှိတယ်လို့ ပြောလို့ရတယ်ဆို လက်ခံနိုင်မလား။ နုပျိုတာကို ပြောတာမဟုတ်ဘူး။ အရွယ်ကြီးပြီး အသက်ငယ်ငယ်လေးပဲ ရှိသေးတဲ့လူတွေလည်း ရှိတယ်။ သူငယ်ပြန်တာကို ပြောတာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ အသက်ဆိုတာ လူတစ်ယောက် အသက်ရှင်ခဲ့တဲ့ အချိန်အတိုင်းအတာကို ပြောနေတာမဟုတ်ဘူး။ အရွယ်ကို သိချင်ရင်တော့ လူရဲ့ ပုံပန်းသဏ္ဍာန် အိုမင်းရင့်ရော်မှုကို ကြည့်ရင်ရတယ်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဒီလိုဆိုရင်တော့ အသက်နဲ့ အရွယ်ဆိုတဲ့ စကားလုံးတွေကို သေချာ ပြန်စဉ်းစားဖို့ လိုလာပြီ။

လူတစ်ယောက်ရဲ့ အသက်ကို ဘယ်လို တိုင်းတာနိုင်မလဲ။ နေ့စဉ်ဘဝမှာ ပြောနေကြတဲ့ အသက်ဘယ်လောက်ရှိပြီလဲ  ဆိုတာ သူအသက်ရှင်ခဲ့တဲ့ အချိန်အတိုင်းအတာကို ပြောတာပဲ။ ကျွန်တော်ပြောချင်တဲ့ အသက်။ ဒါဆိုရင် ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ပြန်စဉ်းစားကြည့်ရမယ်။ အသက်ဆိုတာ ဘာကို ပြောချင်တာလဲ။ လူတစ်ယောက်ရဲ့ ရင့်ကျက်မှု၊ ဆုံးဖြတ်ချက်ချတတ်မှု၊ လေးနက်မှု စတာတွေကိုပဲ အသက်လို့ သတ်မှတ်ချင်တယ်။ ဟုတ်တယ်။ ဒါတွေက လူတစ်ယောက်ရဲ့ တကယ့်အသက်ပဲ။ ဒါကြောင့် လူတစ်ယောက်ရဲ့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာကို လွယ်လွယ်မသိနိုင်ဘူး။ ကုန်ကုန်ပြောရရင် တိတိကျကျ မသိနိုင်ဘူး။ အသက်ဆိုတာ ကိန်းဂဏန်း မဟုတ်ဘူး။ အသက်ဆိုတာ စိတ္တဇနာမ်ပဲ။ တိုင်းတာလို့မရဘူး။

Sunday, September 19, 2010

အိမ်သာအကြောင်း သိကောင်းစရာ

သူဟာ လူ့သမိုင်းကို အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့လည်း နေ့စဉ် အသုံးပြုနေကြပါတယ်။ သူဟာ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ သင် ယခုတောင် သူ့အပေါ် တက်ထိုင်ကောင်း ထိုင်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေအတွက် သူဟာ လမ်းမညစ်ပတ်အောင်၊ ကိုယ့်ပြဿနာကိုယ်ရှင်းဖို့ တွင်းမတူးနေရအောင် ကူညီပေးတာထက်ပိုပြီး သူ့အကြောင်းကို သိကြရဲ့လား။

လူသားတွေ ကမ္ဘာကို စတင်ကြီးစိုးတဲ့ အချိန်ကစပြီး လူတွေဟာ သဘာဝရဲ့ စိန်ခေါ်မှုကို ဖြေရှင်းရန် သက်တောင့်သက်သာရှိမယ့် နေရာလေးကို ရှာဖွေခဲ့ကြပါတယ်။  “၇ ရက်မြောက်သောနေ့ ကိုယ်တော် အနားမယူမီတွင် လူသားအတွက် ပြဿနာဖြေရှင်းရန် နေရာတစ်ခုအား ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် ချုံပုတ်တစ်ခုကို ဖန်ဆင်းပြီးသကာလ အာဒမ်သည် ထို သစ်ရွက်နန်းတော်ထဲသို့ တမဟုတ်ချင်း ဝမ်းသာအားရ ပြေးဝင်သွားလေတော့သည်။” ဒီလိုအဖြစ်မျိုး တကယ်ဖြစ်ခဲ့ချင် ဖြစ်ခဲ့မှာပါ။

Thursday, September 16, 2010

သင်ဘယ်လိုလူလဲ

Men, though they look, fail to see what is well-being, what is the good in life.
Aristotle, Eudemian Ethics

ရှေးဂရိဒဿနဆရာကြီး အရစ္စတိုတယ်သည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဒဿနိကဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှု အများအပြားကို ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ ဆောင်ရွက်ချက်များတွင် လောကကို ခွဲခြမ်းစိတ်ဖြာခြင်း၊ (တစ်နည်း) အမျိုးအစားခွဲခြင်း (categorization) မှာ နှောင်းလူတို့အပေါ် အကျိုးသက်ရောက်မှု အများအပြားရှိခဲ့သည်။ သူသည် လူနှင့်ပတ်သက်၍လည်း စရိုက်လက္ခဏာ လေးမျိုးကို ယုတ္တိနည်းကျ ခွဲခြားသတ်မှတ်ခဲ့သည်။ (တကယ်တမ်း ခွဲခြားခဲ့သည်မှာ ခြောက်မျိုးဖြစ်သော်လည်း အစွန်းရောက်နှစ်မျိုးဖြစ်သည့် လူလွန်မသား (superhuman) နှင့် မိစ္ဆာ (bestial) တို့မှာ အင်မတန့် အင်မတန် ရှားပါးသောကြောင့် ချန်လှပ်ထားခဲ့ပါသည်။)

အရစ္စတိုတယ် ခွဲခြားပြခဲ့သော လူစရိုက်လေးမျိုးတို့မှာ လူကောင်း (the virtuous)၊ ရောင့်ရဲလွယ်သူ (the continent)၊ ရောင့်ရဲမလွယ်သူ (the incontinent) နှင့် လူဆိုး (the vicious) တို့ဖြစ်ကြသည်။ စရိုက်တစ်ခုခြင်းစီကို နားလည်လွယ်စေရန် ဥပမာပုံဆောင်၍ ပြသပါမည်။

Wednesday, September 15, 2010

အမြင့်ပျံခြင်း

အနီရောင်နှင်းဆီပွင့်ချပ်တွေ အဖြူရောင်လွှမ်းသွားတဲ့အချိန်မှာ ကိုယ် ဆိတ်ဆိတ်ကလေး ငြိမ်သက်နေတယ်...။

ကိုယ့်အတွက်တော့ ကမ္ဘာမြေကြီးက ထာဝရရပ်တန့်သွားခဲ့ပေါ့..။

လောကမှာ မိဘမောင်ဘွားအပြင် လူပေါင်းများစွာနဲ့ တွေ့ဆုံဆက်ဆံဖူးခဲ့အတွက် ပေလေးဆယ် ပေခြောက်ဆယ် တိုက်ခန်းက ကျဉ်းတယ်လို့ မခံစားခဲ့ရဘူး...။

ဖားငယ်ကလေးအတွက်တော့ နွားခြေရာခွက်ဟာ ကြီးနေခဲ့တာပဲ..။ အပြင်လောကကို အတတ်နိုင်ဆုံး လေ့လာခဲ့တယ်..။ Alexander McQueen ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်း၊ အပိုလို (၁၃)၊ ရန်ကင်းဈေး၊ ဝင်းဦး၊ ချစ်ခြင်းမေတ္တာ၊ ဗီလိန်...။

ဒါပေမယ့် မြန်မာဗီဒီယို ဇာတ်ကားတွေကိုတော့ မကြိုက်ခဲ့မိပြန်ဘူး။

Monday, September 6, 2010

အမှန်တရား၊ အမှားတစ်ရံ

တကယ်တော့ အမှန်တရားဟာ အမှားတစ်ရံ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အမှန်တရားဆိုတာဘာလဲ။ အမှန်တရားရဲ့ ဂုဏ်သတ္တိတွေကဘာလဲ။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှ အမှန်တရားလို့ ခေါ်ဆိုနိုင်တာလဲ။ အမှန်တရားဟာရော တကယ့်အစစ်အမှန်တရား ဟုတ်ပါရဲ့လား။ ကျွန်တော်တို့ မြင်နေရသမျှ၊ ကြားနေရသမျှ အားလုံးဟာ အမှန်တရားပဲလား။ ဘယ်ဆင်ခြေတွေနဲ့ ကျွန်တော်တို့ရဲ့ အာရုံငါးပါးကို ယုံကြည်ကြရမှာလဲ။ ဒါတွေကို အတွေးအခေါ်ပညာရှင်တိုင်း သိချင်ခဲ့ကြတာချည်းပဲ။ ကျွန်တော်ကတော့ ဆိုပါရစေ၊ အမှန်တရားဆိုတာ တကယ်တော့ အမှားတစ်ရံပါ။ ဘာကြောင့် ဒီလိုပြောနိုင်တာလဲ။ ကျွန်တော်တို့ လက်တွေ့စမ်းသပ်မှု (experiment) တစ်ခု လုပ်ကြည့်ကြပါမယ်။ လက်တွေ့စမ်းသပ်မှုလုပ်ဖို့ တွဲဘက်အဖြစ်နဲ့ ကျွန်တော့်ရဲ့ ချစ်ခင်လှစွာသော ဦးလေးတေဇာ(လရောင်လမ်း) ကို ဖိတ်ခေါ်ပါတယ်။

Friday, August 20, 2010

ချစ်ခြင်း၊ မုန်းခြင်းနှင့် အရက်ဆိုင်မှ ပြန်သောည

အရက်ဆိုင်မှာ သူငယ်ချင်းက အသဲကွဲပြီး ခံစားနေရတာ မြင်ရတော့ စိတ်မကောင်းဘူး။ သူ့ကို ကြည့်ရတာတော့ အမှန်အကန် ကြေကွဲနေတဲ့ ပုံပဲ။ သူ့ရဲ့ အလွန်အရေးပါတဲ့ အရာတစ်ခု ဆုံးရှုံးသွားတဲ့ ခံစားမှုပဲ။ ကိုယ်တိုင်လည်း ခံစားခဲ့ဖူးတော့ နားလည်မိတယ်။ ပြီးတော့ သူနဲ့က ငယ်ပေါင်းတွေ။ တစ်ယောက်နဲ့ ပြတ်လိုက်၊ အသဲကွဲလိုက်၊ နောက်တစ်ယောက် ရလိုက်နဲ့ မထူးဆန်းတော့ဘူး။ ဒါကြောင့် ကျွန်တော်လည်း ဘာမှ သိပ်မပြောပဲ အင်းလိုက်နေတယ်။ အသဲကွဲတဲ့လူကို စကားပြောရတာလည်း အတိမ်းအစောင်းမခံဘူး။ သူက လိုရာဆွဲတွေးပြီး စွတ်စွတ် ခံစားပစ်လိုက်တတ်တာ။ ဒီတော့လည်း တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်၊ အမြည်းစားလိုက်နဲ့ သူပြောတာကိုပဲ လိုက်နားထောင်နေလိုက်မိတယ်။

အိမ်ပြန်ရောက်တော့ မအိပ်ခင်ပြန်ပြီး စဉ်းစားနေမိတယ်။ ကျွန်တော့် သူငယ်ချင်းကို ကြည့်ရတာတော့ အတော်ကလေး ခံစားနေရတဲ့ပုံပဲ။ အင်းပေါ့။ သူ့အတွက် အရေးကြီးတဲ့အရာတစ်ခု ဆုံးရှုံးလိုက်ရတာကိုး။ ဆက်တွေးကြည့်မိတယ်။ လူတွေမှာ ချစ်ခြင်း၊ မုန်းခြင်းဟာ အရေးပါသလား။ ဘယ်လောက်ထိ အရေးပါနေသလဲ။ ကျွန်တော်လည်း အရင်က အသဲကွဲ ခံစားခဲ့တာပဲ။ အဲဒီတုန်းကတော့ ကိုယ့်အတွက် အတော်အရေးပါခဲ့တယ်။ အရေးအကြီးဆုံးအရာတစ်ခုလို့တောင် ပြောလို့ရမယ်ထင်ရဲ့။ လူတစ်ယောက်ကို ချစ်ခြင်း၊ လူတစ်ယောက်ရဲ့ အချစ်ကိုခံရခြင်းတို့ဟာ ဘဝပျော်ရွှင်မှုကို အဆုံးအဖြတ်ပေးနေသလိုပဲ။