Tuesday, December 29, 2009

အဲဒီလိုနဲ့ သူတို့နှစ်ယောက် . . .

ဒီနေရာတွင် ဇာတ်လမ်းစသည်။ . . .

(၁)
ကောင်းကင်တွင် ကြယ်တစ်လုံး ကြွေသွားသည်။ သူမော့ကြည့်နေမိ၏။ ဆုတောင်းဖို့ကို သတိမရ။ အဖော်တစ်ယောက် ပျောက်ဆုံးသွားသော လမင်းကြီးကို သနားနေမိသည်။ ကိုယ်ချင်းစာမိပါသည်။ ထိုခံစားချက်ကို ကိုယ်သိသည်၊ ကိုယ်ကောင်းကောင်းသိသည်လေ။ ကိုယ့်ကောင်းကင်တွင် ကိုယ်တစ်ယောက်တည်း ရှိနေခဲ့တာ ကြာခဲ့ပါပြီ။ အင်း . . . ။ ကြာခဲ့ပါပြီ။ သူ့စိတ်များက လွန်ခဲ့သော တစ်နှစ်ကျော်အချိန်များဆီသို့ ရောက်ရှိသွား၏။ မှတ်ဥာဏ်ထဲတွင် ရုပ်ရှင်ကားချပ်များ ပေါ်လာခဲ့သည်။ တဖျပ်ဖျပ် လှုပ်ရှားနေခဲ့သော ပုံရိပ်များ၊ မှတ်ဥာဏ်များ၊ ခံစားချက်များ . . .

Thursday, November 26, 2009

ဇာတ်လမ်းတစ်ပိုင်း


ကျွန်တော်နှင့်ကောင်မလေးသည် ငယ်စဉ်ကတည်းကပင် အလွန်ရင်းနှီးသော သူနှစ်ယောက် ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်ချစ်သူများ မဟုတ်ကြပါ။ သို့သော် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါသည်။ ထိုအချစ်အမျိုးအစားကို ကျွန်တော်မသိပါ။ ဤသည်မှာ ထိုစဉ်က ကျွန်တော့်အသက်အရွယ်သည် “ကလေးသူငယ်” ဘဝမှ ကျွတ်လွတ်ပြီးခါစ ဖြစ်သောကြောင့်ဟု ကျွန်တော်ထင်ပါသည်။ ယခုအချိန် ထိုခံစားချက်မျိုး ဖြစ်ပေါ်လာလျှင်ဖြင့် ကျွန်တော်ခေါင်းစဉ်တပ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

ကောင်မလေး၏ မိဘများ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ရမည့်နေ့တွင် သူမက ကျွန်တော့်ကို အရုပ်ကလေးတစ်ရုပ် လက်ဆောင်ပေးခဲ့ပါသည်။ ပြီးနောက် ကျွန်တော့်ကို “ဒီဟာနင့်အတွက်။ ဒီဟာ နင်ပဲ” ဟုပြောပါသည်။ အရုပ်ကလေးသည် ကျွန်တော်နှင့် နည်းနည်းမှ မတူပါ။ သို့သော် ကောင်မလေးက ထိုအရုပ်သည် ကျွန်တော်ဟု ပြောသဖြင့် ထိုအရုပ်ကလေးသည် ကျွန်တော်ဖြစ်သွားပါသည်။

Wednesday, November 25, 2009

ကျန်စစ်မင်းနှင့် တွေ့ဆုံခြင်း

ဒီနေ့တနင်္လာနေ့။ ကျောင်းဖွင့်ရက်ရောက်လာပြန်ပြီ။ ရေချိုး၊ အင်္ကျီလဲပြီးတော့အောင်ထပ်ကိုဆင်း လာခဲ့လိုက်တော့အမေက

`သား မုန့်စားသွားဦးလေ´

စားပွဲပေါ်မှာကြည့်လိုက်တော့ Hot Dog တစ်ခုပဲကျန်တော့တယ်။ ဒါနဲ့ကျွန်တော်လည်းအဲဒါပဲစားပြီး လွယ်အိတ်ကိုသွားယူနေလိုက်တာပေါ့။

`သား ဒီနေ့ဘယ်ကားနဲ့သွားမှာလဲ Marcedes လား Land Cruser လား Prado လား´

`ရတယ်အမေ ကျွန်တော်ဆိုက်ကားပဲစီးသွားလိုက်မယ်´

`မနောက်ပါနဲ့သားရယ်´ အမေကရယ်ရင်းပြောလိုက်တယ်။

`အင်းပါ ကျွန်တော် Super Roof ပဲစီးသွားမယ်´

`မင်းကလေ အဲဒီကားစုတ်ပဲကြိုက်နေတယ်´

`ကောင်းပါတယ် အမေရာ´

`မင်းသဘော မင်းသဘော´

Tuesday, November 24, 2009

လှည်းသမား (Donkey Cart)

waiter ရောက်လာတော့ သောက်လက်စ ရေနွေးကြမ်းကို မှုတ်ရင်းနဲ့ မေးလိုက်သည်။

"ဒီကနေ နောက်တစ်မြို့ကို ဘယ်လိုသွားလဲကွ"

"ဆရာ...။ နောက်တစ်မြို့ကို သွားဖို့ဆိုရင် ရထားစီးသွားမှရမယ်။ ဘူတာရုံက နည်းနည်းဝေးတော့ မြည်းလှည်းငှားပြီး သွားရတယ်ဆရာ။ ကျွန်တော်တစ်စီး သွားငှားပေးရမလားခင်ဗျာ"

"အေးအေး...။ ကျေးဇူးပဲကွာ"

"ရပါတယ် ဆရာ။"

Tuesday, November 17, 2009

အခုတလော လိုချင်နေတာတွေ

-ကော်နက်ရှင်မကျတတ်တဲ့ အင်တာနက်လိုင်းတစ်ခု
-ဘီလ်မဆောင်ရတဲ့ ဖုန်းတစ်လုံး
-မီးမပြတ်တဲ့ရပ်ကွက်က တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခန်း
-ငါးထောင်တန်တစ်အုပ်လောက်
-ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့ လွတ်လပ်ခွင့်
-access denied မပေါ်တဲ့ proxy တစ်ခု
-ဒါဗင်ချီနဲ့ ပီကာဆိုရဲ့ ပန်းချီကားတွေ
-မြင့်သန်းစာအုပ် ဆယ့်နှစ်အုပ်လောက်
-ခံစားချက်မရှိတဲ့ နှလုံးသားတစ်ခု
-ပြီးတော့ ဖြည့်ဆည်းချင်နေတဲ့ မျှော်လင့်ချက်တစ်ခု

အင်း.... ဒီလောက်... ဒီလောက်ပါပဲ...။

နိဒါန်း၌ပင်မှားယွင်းခဲ့သောအတွေ့အကြုံရှေ့အဆိုဝါဒီ၏ဆင်ခြေ


(က)
အသိပညာ နုန့်နဲပုံရသော လူတစ်ယောက်က ရည်ရွယ်ရင်းအကြောင်း တစ်စုံတစ်ရာမရှိဘဲ ကျောက်လမ်းနံဘေးရှိဓာတ်မီးတိုင်ကိုမှီရင်း မိုးကောင်းကင်ကြီးအား ကြည့်နေမိသည့် ကျွန်တော့်ကို “ဘာလုပ်နေတုံး… ကိုယ့်လူ” ဟု ဆိုပါသည်။ ဘယ်အချိန်ကတည်းက ကျွန်တော်သည် သူ၏အသိခံအရာ ဖြစ်နေခဲ့သည်ကို ကျွန်တော်မသိခဲ့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မည်မျှကြာအောင် ဓာတ်မီးတိုင်မှီရင်း မိုးကောင်းကင်ကို ကြည့်နေခဲ့မိသည်မသိ။

ကျွန်တော်သိသည်မှာ မိုးကောင်းကင်ကြီး၏ မည်းမှောင်နေခြင်း၊ ထိုမိုးကောင်းကင်ကြီး၌ ကြယ်များနှင့် လကို မတွေ့ရခြင်း၊ ညသည် ငြိမ်းချမ်းစွာ ငြိမ်သက်လျက်ရှိခြင်း၊ ခပ်လှမ်းလှမ်းတွင်ရှိနေသော မြစ်၏ မျက်နှာပြင်ကို ဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော့်ကိုပါ ခလုတ်တိုက်သွားခဲ့သော မြစ်၏အခြားတစ်ဖက်ကမ်းမှ လေတို့၏ သစ်လွင်နေခြင်းနှင့် မှတ်မှတ်ရရမဟုတ်သော်လည်း ကျွန်တော်သည် လေတချို့တို့ကို ရှူသွင်းပြီးတိုင်း ပြန်လည်၍ ရှူထုတ်လိုက်ခြင်းဖြင့် လေများစွာတို့ကို ဖြုန်းတီးနေခဲ့ခြင်း စသည်တို့ ဖြစ်ပါသည်။

Wednesday, November 11, 2009

မှန်ကွဲတစ်ချပ်နှင့် ခြောက်သွေ့သောပြက်လုံး



ဘိုလီမီယံ ဆန်လိုက်တာဟယ်… ဟု သူငယ်ချင်းမတစ်ယောက်က သူ့ကို ကောက်ချက်ချသောအခါ ကျွန်တော်က အံ့သြသင့်ရပါမည်လား။ သူ့ကို ကျွန်တော့်သူငယ်ချင်းမက ဝေဖန်လိုက်သလိုဖြင့် သူက မဟုတ်ပေဘူးလား။ မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး… စသည်ဖြင့် မဟုတ်ဘူးပေါင်းများစွာကို သုံးနှုန်းကာ “ခါလီ” ၏ နောက်လိုက်များဖြေသလို ကျွန်တော်က သူ့ကိုယ်စားဖြေရပါမည်လား။ တစ်ခုခုတော့ ကျွန်တော်က ပြန်ပြောလိုက်ဖို့ကောင်းကြောင်း ကျွန်တော့်ဘာသာ သိလိုက်မိသော်လည်း မည်သူ့ကိုမျှ ကျွန်တော်က ပြန်၍မပြောပြမိခဲ့ပါ။ ပြောပြချင်သောစကားလုံးပေါင်းများစွာကို သုတ်သင်သတ်ဖြတ်ပြီးသည့်အခါတွင်မူ ရည်ရွယ်ရင်း အကြောင်းတစ်စုံတစ်ရာမျှ မရှိဘဲ သီချင်းတစ်ပုဒ်ကို လေချွန်လိုက်မိပါသည်။

ကစဥ့်ကလျား ဖြစ်နေလေ့ရှိသည့်ဟုဆိုသော ကမ္ဘာကြီးသည် အရင့်အရင်ကလိုပင် မဟုတ်ပေဘူးလား။

* * *

Thursday, October 22, 2009

အသုဘမင်္ဂလာအခမ်းအနားဖိတ်စာ

“ငါသေသွားတဲ့အခါ... ငါ့ကို အသုဘ လုပ်ပေးကြပါ...။”

ငါသေသွားတဲ့အခါ... ငါ့အလောင်းကို မြေမြှုပ်ပေးပါ...။ ကမ္ဘာမြေကြီးနဲ့ တစ်သားတည်း ဖြစ်သွားချင်လို့ပါ...။ ဒါမှမဟုတ် ငါ့အလောင်းကို တိရစ္ဆာန်အစာကျွေးလိုက်ပါ...။ ငါစားခဲ့တဲ့ အသားတွေအတွက် အကြွေးပြန်ဆပ်ချင်လို့ပါ...။ ကျေးဇူးပြု၍... ကျေးဇူးပြု၍ ငါ့ကို မီးမရှို့ကြပါနဲ့...။ အပူကို မုန်းလွန်းလို့ပါ...။ လူတစ်ယောက် မီးလောင်တဲ့အခါ လေထုညစ်ညမ်းတာကိုသိပါ...။ အရမ်းညှော်တာကိုသိပါ..။ ဓာတ်ဆီကုန်တာကိုသိပါ...။ ဒါကြောင့် ငါ့ဆန္ဒကို ဖြည့်ဆည်းပေးပါ...။

Thursday, October 1, 2009

အိပ်မက်ထဲမှာအိပ်မက်မက်နေတဲ့ကောင်လေး

အမှောင်ထဲရောက်နေသူအဖို့ မျှော်လင့်ချက်သည် အလင်းရောင်ဖြစ်ပါသည်။ သူ့ကို တစ်ခါက အလဲထိုးဖူးသော ပန်းတစ်ပွင့်အကြောင်းကို ကောင်မလေးတစ်ယောက်အား ပြောပြဖူးပါသည်။ မုတ်သုန်လာသော်လည်း ပျိုးမကြဲမိပါ။ မိုးကတော့ အချိန်တန်လျှင် ရွာမည်သာ ဖြစ်သည်။ သူတို့ နှစ်ယောက် ကြိုးချင်းထိရန် မနီးကပ်လှပါ။ ဖန်သားပြင်မှ စကားလုံးများမှ တဆင့် နှလုံးသားချင်း ရင်ဖွင့်ဖူးပါသည်။

ထိုကောင်မလေးအား သူက ဒုတိယနှင်းဆီဟု အမည်ပေးကာ တိတ်တိတ်ကလေး ရင်ခုန်ဖူးပါသည်။ သူ၏ ပထမအိပ်မက် အကြောင်းပြောလျှင် နှင်းဆီနားထောင်ပေးသည်။ နှင်းဆီကလဲ သူ့ကို နွေးထွေးစွာ တုံ့ပြန်ပါသည်။ သူ၏ညများ ကြယ်တစ်ချို့ လင်းခဲ့ဖူး၏။ ဒုတိယအိပ်မက်ကို မက်ရင် “ယုတ်မာစွာ” သူကြံစည်ဖူးပါသည်။

Saturday, September 26, 2009

ဖတ်ပြီးရင်မေ့ပစ်လိုက်ပါ

“ကြယ်ဆိုတာ ကြွေတတ်တယ်...။ မျှော်လင့်ချက်ဆိုတာလဲ သေတတ်တယ်...” ကြယ်တွေကို ငေးတတ်တဲ့ ငါ... ကြယ်တွေကိုတောင် မုန်းချင်လာပြီ။ ငါ့ဘဝမှာ.. ကြယ်တွေကြွေတာများပြီ... အတော်လေးတော့ များနေပြီ...။ ဒီလောက်ဆိုရင်တော့ ရပြီ ရပြီ။ ငါ... မျှော်လင့်ရမှာကို ကြောက်လာပြီ...။

“ငါတို့က အသိုင်းအဝိုင်းနဲ့နေတာ။ နင့်အဖေက '........' ။ နင်က ဒီလိုဖြစ်နေလို့ရမလား...။ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်...။ ......................” ရပြီ ရပြီ။ ငါမှားတာပဲ နေမှာပါ...။ maybe ငါက ဒီအသိုင်းအဝိုင်းနဲ့ မထိုက်တန်လို့နေမှာပါ..။ လောကမှာ အဖြူရောင်ဆိုတာ မရှိတော့ဘူးလား..။ ဒါမှမဟုတ် အားလုံးကဖြူပြီး ငါတစ်ယောက်ပဲ မည်းနေတာလား...။ ရပါတယ်လေ..။ ငါပဲမှားပါတယ်..။ အချိန် အတိုင်းအတာတစ်ခုရောက်ရင်...။ အင်း..။ အချိန် တစ်ခုကို ရောက်လာရင်ပေါ့........။

Tuesday, September 8, 2009

အိပ်မက်များ

အိပ်မက်ထဲမှာလေ
ဘုရားသခင်ဆိုတဲ့လူကြီးနဲ့တွေ့တယ်
မင်းကငါ့ကို ဘာလို့မယုံတာလဲတဲ့
ကျွန်တော်ခေါင်းခါမိတယ်
ခင်ဗျားကကျွန်တော့်ကိုယုံကြည်လို့လား
ခင်ဗျားကောတကယ်ရှိလို့လား
သူကတော့ ရယ်ကျဲကျဲနဲ့ ခေါင်းကုတ်တယ်..။ (လှလည်းမလှဘူး)

အိပ်မက်ထဲမှာလေ
အချိန်ဆိုတဲ့ဟာနဲ့တွေ့တယ်
မင်းကငါ့ကို ဘာလို့မလေးစားတာလဲတဲ့
ကျွန်တော်ခေါင်းခါမိတယ်
ခင်ဗျားကောကျွန်တော့်ကိုလေးစားလို့လား
"အချိန်နှင့်ဒီရေသည်လူကိုမစောင့်" တဲ့
ကျွန်တော်ကခင်ဗျားကိုဘာလို့ လေးစားရမှာလဲ..။

အိပ်မက်ထဲမှာလေ
ချစ်သူနဲ့တွေ့တယ်
နင်ကငါ့ကိုဘယ်လောက်ချစ်လို့လဲတဲ့
ကျွန်တော်ခေါင်းခါမိတယ်
သမီးရည်းစားထက်နည်းနည်းလေးပိုမိတာပါ
ဒါပေမယ့်ရလာဒ်ကစိတ်မကောင်းစရာ
ဒီလိုမျိုးလေးပေါ့...။

၁၅၀၀ + ၁ = zero

Sunday, September 6, 2009

------xxxxxxx----------

တကယ်တော့ သူသည် လည်ဆံမွှေးကောင်းကောင်းနှင့် လှောင်အိမ်ထဲမှ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ (အနည်းဆုံးတော့ ဖြစ်ခဲ့ဖူးသည်)။ သာမန်ကလေးများနှင့် ယှဉ်လျှင် တော်သည်၊ ဥာဏ်ရည်မြင့်သည်၊ ကြိုးစားသည်။ တစ်ချိန်ကသူလိုချင်ခဲ့သော ဆုတစ်ခုအတွက် အိပ်မနေ ကြိုးစားခဲ့ဖူးသည်။ (ယခုပြန်တွေးရင်း ရယ်နေပါသည်)။ သူ့ကိုမွေးသည့် နေ့သည်ပင်လျှင် သာမန်ထက်ထူးခြားသော နေ့ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ နှစ်ပေါင်း 20 အတွင်း အအေးလွန်ကဲ ဆုံးနေ့ဟု စံချိန်တင်သောနေ့၏ ညဆယ့်နှစ်နာရီ တိတိတွင် လူ့လောကသို့ ရောက်ရှိခြင်းဖြစ် သည်။ ထို့ကြောင့်ပင်လျှင် သူ့ကိုယ်သူ့ တစ်ခါတစ်ရံ အေးချမ်းခြင်းကို သယ်ဆောင်လာသော ကောင်းကင်တမန်ဟု မရှက်ဘဲပြောတတ်လေသည်။

သူ့ဘဝ၏အစပိုင်းသည် မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်း နှင့်ပင် လုံးချာလည်လိုက်ခဲ့သော နေ့များပင်ဖြစ်သည်။ လှောင်အိမ်ထဲမှ ခြင်္သေ့တစ်ကောင်ဖြစ်သည်။ အများက ချီးကျူးကြသည်။ အထင်ကြီးကြသည်။ သူ့မိဘများက ဂုဏ်ယူကြသည်။ ပျော်ကြသည်။ သို့သော် သူမပျော်ခဲ့။ ရုံသွင်းပြခံထားရသော အကောင်တစ်ကောင်လို ခံစားနေရသည်။ သူ ငြီးငွေ့လှပါပြီ။