Wednesday, November 11, 2009
မှန်ကွဲတစ်ချပ်နှင့် ခြောက်သွေ့သောပြက်လုံး
ဘိုလီမီယံ ဆန်လိုက်တာဟယ်… ဟု သူငယ်ချင်းမတစ်ယောက်က သူ့ကို ကောက်ချက်ချသောအခါ ကျွန်တော်က အံ့သြသင့်ရပါမည်လား။ သူ့ကို ကျွန်တော့်သူငယ်ချင်းမက ဝေဖန်လိုက်သလိုဖြင့် သူက မဟုတ်ပေဘူးလား။ မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး… စသည်ဖြင့် မဟုတ်ဘူးပေါင်းများစွာကို သုံးနှုန်းကာ “ခါလီ” ၏ နောက်လိုက်များဖြေသလို ကျွန်တော်က သူ့ကိုယ်စားဖြေရပါမည်လား။ တစ်ခုခုတော့ ကျွန်တော်က ပြန်ပြောလိုက်ဖို့ကောင်းကြောင်း ကျွန်တော့်ဘာသာ သိလိုက်မိသော်လည်း မည်သူ့ကိုမျှ ကျွန်တော်က ပြန်၍မပြောပြမိခဲ့ပါ။ ပြောပြချင်သောစကားလုံးပေါင်းများစွာကို သုတ်သင်သတ်ဖြတ်ပြီးသည့်အခါတွင်မူ ရည်ရွယ်ရင်း အကြောင်းတစ်စုံတစ်ရာမျှ မရှိဘဲ သီချင်းတစ်ပုဒ်ကို လေချွန်လိုက်မိပါသည်။
ကစဥ့်ကလျား ဖြစ်နေလေ့ရှိသည့်ဟုဆိုသော ကမ္ဘာကြီးသည် အရင့်အရင်ကလိုပင် မဟုတ်ပေဘူးလား။
* * *
အတူတကွ ကြီးပြင်းခဲ့ရသော နေ့ရက်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ပပျောက်ကုန်ဆုံး၍ မသွားနိုင်သေးပါ။ ကလေးဘဝ၏ နေ့ရက်များအတွင်းက ငါးမျှားသွားခဲ့ကြသည့် ချောင်းကမ်းပါးကလေးတွင် ထိုင်ကြရင်း ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ကြသည့်အခါတိုင်းတွင် ရပ်တန့်နေလေ့မရှိသော ကာလတရားကြီးကို ဂရုပြုမိတတ်ကြပါသည်။ မိုးဦးကျတွင် ငရစ်တတ်ကြသော ငါးများကို သတိမရတော့ပါ။ ချောင်း၏ အခြားတစ်ဖက်ရှိ တောစပ်ထဲတွင် ဖမ်းသူမဲ့နေသော တောကြက်များ ခုန်ပေါက်ကစားနေကြသော်လည်း၊ ကျွန်တော်တို့ စိတ်မပါလှတော့ပါ။ နေသာ လေသာသောနေ့တစ်ရက်ရက်တွင် လေတံခွန်လွှတ်ရန်လည်း စိတ်ကူးကလေးများ မရကြတော့ပါ။
ခင်တန်းကလေးထဲက သစ်ပင်အစုံတို့၏ မတူညီသော အစိမ်းရောင်များ၏ အကြောင်းကို သူက စိတ်ဝင်တစား ပြောပြနေသောအခါ ကျွန်တော်က ငြိမ်သက်တတ်သော အရောင်များ၏ ထုံထိုင်းစေမှုဖြစ်စဉ်များအား စဉ်းစားကြည့်နေမိပါသည်။ သူသည် ကျွန်တော်ဆွဲသော ရိုးပြတ်တောများ၊ မြက်ရိုင်းပင်များကို စိတ်မဝင်စားတော့ဘူးဟု ကျွန်တော်က ယတိပြတ် မပြောနိုင်သော်လည်း အင်ဒရူးဝိုင်းယက်၏ကားများကို ကြည့်ကာ ချီးမွမ်းခန်း ထုတ်လေ့ရှိပါသည်။ အကယ်၍နှင့်၊ အကယ်၍သာလျှင် သူသည် ကျွန်တော်ဆွဲသော ကားများကို ကြည့်ကာ စိတ်မဝင်စားတော့ဘူးဟု ဆိုခဲ့ပါလျှင်မူ သူ့တွင် ပြည့်စုံလုံလောက်သော အကြောင်းအရာ အနည်းဆုံး တစ်ခုမျှ ရှိနေမည်ဆိုသည်ကိုမူ ကျွန်တော် တွေးမိပါသည်။ ကျွန်တော် နားလည်သလိုပင် အားလုံးက နားလည်ထားလိုက်ကြစေချင်ပါသည်။
နေတောက်တောက်ပူသော အညာအရပ်က ပန်းချီဆရာများ ခံစားတတ်သော အစိမ်းရောင်မျိုးကို သူ စိတ်ဝင်တစားနှင့် ခံစားကြည့်လေ့ ရှိပါသည်။ ထန်းပင်နှင့် ခြောက်သွေ့နေသော မြေနီများ၊ ဆူးချုံပင်များနျင့် ဆူးလှေ့အခက်များ၊ အစိမ်းရောင် စဉ်းငယ်မျှ မပါသည့် ချောင်းရေများနှင့် ပိန်လှီသော နွားများ… အစရှိသည့် အစရှိသည်တို့ဖြင့် သူရှုမြင်လာပုံမှာ အရင့်အရင်ကာလများစွာက သူနှင့် ကျွန်တော်တို့ တစ်ထပ်တည်းကျခဲ့သော အမြင်များမှ သူသည် ခွဲခွာထွက်စ ပြုနေပြီဖြစ်ကြောင်း ကျွန်တော်သတိထားမိပါသည်။ စိုစိုစိမ်းစိမ်းနှင့် ရှုခင်းများကို ကျွန်တော်သဘောကျနေဆဲ…။ ချစ်ဖွယ်ကောင်းသော အငြိမ့်သမတို့၏အက၊ အလှကို ကျွန်တော် သဘောကျနေဆဲ…။ ဈေးကွက်ကောင်းသော ပန်းချီကားများကို ကျွန်တော်စိတ်ဝင်စားနေဆဲတွင် သူသည် ကာလတရားအသစ်များအတွင်းသို့ တိုးဝှေ့၍ ဝင်ရောက်သွားခဲ့ပါပြီ။
အနောက်ဘက်မှလာသော လေညင်းများကို ခံစားရှုရှိုက်ရင်း သူသည် ဘဝကို ကျေနပ်စပြုခဲ့ပါပြီ။
ဝမ်းသာဖွယ်ကောင်းသော အကြောင်းတစ်ခုမှာ ကျွန်တော်၏ ပန်းချီကားများကိုကြည့်၍ သူသည် ခေါင်းခါရုံမျှသာခါ၍ ပါးစပ်မှ တစ်စုံတစ်ရာ မပြောသေးခြင်းပင် ဖြစ်ပါသည်။
သူမပျော်ဘူးဆိုလျှင်မူ ကျွန်တော့်တွင် ဝမ်းနည်းစရာ မရှိလှပါ။
* * *
နေ့မှာမအိပ်ရဘူးလို့ ဘယ်သူက ပြောသလဲ…။ ညကြီးသန်းခေါင်မှာ ထပြီး ပန်းချီမဆွဲရဘူးလို့ ဘယ်သူကပြောလဲ…။ မိုးလင်းတိုင်း မျက်နှာသစ်ရမယ်လို့ ဘယ်သူက ပြောသလဲ…။ နေစောင်းမှ အရက်သောက် ရမယ်လို့ ဘယ်သူကပြောလဲ…။ ဆံပင်ကို မှန်မှန်ဖြီးရမယ်လို့ ဘယ်သူက ပြောသလဲ…။ သူမြင်သလို၊ ကျွန်တော် မမြင်နိုင်သည့်အတွက် တစ်ယောက်ယောက်က ကျွန်တော့်ကို ခွင့်လွှတ်စေချင်ပါသည်။ တကယ့်ဘဝကြီးကို သူသည် မေ့လျှော့စပြုပါပြီလား၊ သို့မဟုတ် တကယ့်ဘဝကြီးထဲက သူသည် မေ့လျှော့စပြုပါပြီလား၊ သို့မဟုတ် တကယ့်ဘဝကြီးထဲက သူသည် ထွက်ခွာစပြုနေပါပြီလား၊ သို့တည်းမဟုတ် ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းသော လောကကြီးတစ်ခုကို သူ၏ ပုဂ္ဂိုလ်ဘဝ ဖြစ်နေခြင်းထဲတွင် တည်ဆောက်နေပါပြီလား ဆိုသည်ကို ကျွန်တော် မပြောပြနိုင်ပါ။ အခင်အမင် မပျက်ကြသေးသော သူနှင့်ကျွန်တော်တို့၏အကြားတွင် သူက ယခုတိုင် အုတ်နံရ့တစ်ချပ် မကာသေးသည်မှာ အံ့သြစရာမကောင်းပါလား။
စင်စစ် အံ့သြစရာ မကောင်းလှပါ။
သူနှင့် ကျွန်တော်၏ ခင်ပုံမင်ပုံမျိုးကို သူ့နှင့်ကျွန်တော်သာ သိနိုင်ပါသည်။ အဘယ်ကြောင့် ကစဥ့်ကလျား ဖြစ်နေလေ့ရှိသော လောကကြီး၏ ဖြစ်ပျက်များအတွင်း ကျွန်တော်တို့ အခင်အမင် မပျက်နိုင်ကြသည်ကိုမူ ကျွန်တော်တို့ကိုယ်တိုင်လည်း မသိသဖြင့် သင်တို့လည်း ဘယ်တော့မှ သိနိုင်ကြလိမ့်မည် မထင်ပါ။ ငယ်ငယ်ကတည်းက မင်းနဲ့ငါ မခင်ခဲ့၊ မမင်ခဲ့ကြရင် အကောင်းသားဟု သူရော ကျွန်တော်ပါ မကြာမကြာ ပြောဖြစ်ခဲ့ကြသော်လည်း တစ်ခါကမျှ မုန်းတီးပစ်ကြရန် မပြော၊ မဆို၊ မကြံ၊ မစည်ခဲ့ကြပါ။
မုန်းတီးခြင်းတရားများများမှာ သူနှင့်ကျွန်တော်၏အကြားတွင် တွေ့ရခက်ခဲလှပါသည်။ ဒေါသသံပါလှသော အကြောင်းအရာပေါင်းများစွာမှ သူနှင့်ကျွန်တော်၏အကြား၌ ဖြစ်တည်ခဲ့ဖူးသည်မှာ မှန်သော်လည်း အနိစ္စတရားက အမြန်ဆုံး ဖြတ်တောက် သယ်ဆောင်သွားနိုင်ခဲ့သည့်အတွက် ရှည်ကြာစွာ မမြဲခဲ့ပါ။ တစ်ခုတည်းသောပြဿနာမှာ သူယုံသကဲ့သို့ လောကကြီးသည် ကစဥ့်ကလျား ဖြစ်ပေါ်နေပါသည်ဟု ဆိုခြင်းအပေါ် ကျွန်တော်က သံသယရှိနေတတ်ခြင်းပင် ဖြစ်ပါသည်။
အရာရာကို သံသယဖြင့် စတင်ရမည်ဟူသော “ဒေးက” တစ်ယောက်တော့ ကျွန်တော့်ဘက်တွင် ရှိလိမ့်မည်ထင်ပါသည်။ မနက်ဖန် မိုးလင်းလျှင် အရှေ့ဘက်က နေတစ်လုံး ထွက်မလာဘူးဟု ဘယ်သူကမှ မပြောကြဘူးမဟုတ်လား။
* * *
“ဝါရာနီးကား” ကို မကြိုက်သူတွေ အပုံကြီးရှိပါသည် ဟူသော သတင်းတစ်ပုဒ်ကို ဖတ်ရသောအခါက ကျွန်တော်သည် အလွန်ပင် ကျေနပ်ဝမ်းသာသွားမိပါသည်။ သူ့ကိုလည်း ဖတ်ကြည့်စေချင်ပါသည်။ သူက… လောကကြီးမတော့ မင့်လိုလူမျိုးတွေ အပုံကြီးပါကွာ။ ဝမ်းသာစရာ မကောင်းပေးဘူးလားဟု ပြောသောအခါ ကျွန်တော်သည် ဝမ်းသာသလိုလိုနှင့် ဝမ်းနည်းမိလိုက်ပါသည်။
ဝမ်းနည်းခြင်းကို ကင်းပစေနိုင်သည့်နည်းလမ်းများ မရှိဘူးလား။ အကယ်၍ တစ်ယောက်ယောက်က ဝမ်းနည်းခြင်းများကို ကင်းပစေနိုင်သည့်၊ သို့မဟုတ် ရပ်တန့်စေနိုင်သည့်၊ သို့တည်းမဟုတ် ပေါ်ပေါက်မလာစေနိုင်သည့် နည်းလမ်းများ ရှာဖွေတွေ့ရှိပြီဟုဆိုလျှင် ရောက်ရာအရပ်မှ ကျွန်တော့်ထံ အကြောင်းကြားလိုက်စေချင်ပါသည်။ ဆွီဒင်ပြည့်ရှင်မင်းကြီးထံကိုလည်း နိုဗယ်ဆု ရွေးချယ်ရေးအဖွဲ့က ထည့်သွင်းစဉ်းစားနိုင်ရန် အကြောင်းကြားစာတစ်စောင်လောက်လည်း ရေးလိုက်ကြစေချင်ပါသည်။
ဤနေရာတွင် ကျွန်တော်နှင့် သဘောထားခြင်း မတူမျှနိုင်သည့် အကြောင်းတစ်ခု ရှိနေပါသည်။ ရွှေပန်းထိမ်က ရွှေကို အပူပေးလိုက်၊ ရေနှင့်လောင်းလိုက်၊ ဥပက္ခောပြုထားလိုက်… စသဖြင့် လုပ်သလို၊ စိတ်ကိုလည်း ထားသင့်ကြောင်း ယောအတွင်းဝန်မင်း၏ ဥပမာပေးပုံမှာ သဘောကျစရာကောင်းသော်လည်း ကျွန်တော်က သဘောမတူနိုင်ပါ။ ကျွန်တော်သည် ရွှေပန်းထိမ်သည် မဟုတ်ပါ။ ပန်းချီဆရာမှ ပန်းချီဆရာ။ ပန်းချီဆရာမှ အနုပညာသည် ပန်းချီဆရာ။ အနုပညာသည်ပန်းချီဆရာနှင့် ပန်းချီဆရာတို့ မည်သို့မည်ပုံ ကွာခြားပါသလဲဟု ကျွန်တော့်ကိုမေးလျှင် ကျွန်တော်က ယတိပြတ် အဖြေတစ်စုံတစ်ရာကို ပေးနိုင်လိမ့်မည် မဟုတ်သော်လည်း ကျွန်တော့်ကိုယ်ကျွန်တော် အနုပညာသည် ပန်းချီဆရာဟု မှတ်ယူထားသည်မှာ အမှန်ပါ။
သူ့လိုလူများက “ဝါရာနီးကား” ကို ကြိုက်သည်ဟု ဆိုလျှင်လည်း နေရာဒေသ၊ ကာလ အာကာသမရွေး ကျွန်တော် ကြိုက်ပြနိုင်ပါသည်။ ဟစ်တလာ၏ “ဝက်စမင်နစ်စတာတဲလား” ကို ကျွန်တော့်အမြင်ထဲတွင် ရှာမတွေ့နိုင်သော်လည်း သူ့လိုပင် တွေ့အောင် ကြည့်နိုင်ပါသည်။ တကယ်တမ်းပြောရမည်ဆိုလျှင် ဂေါ်ဂင်၏ တောင်သမုဒ္ဒရာထဲက ကျွန်းသူမများထက် တင်လှဝင်းရေးသော ကောင်မလေးလှလှကလေးများကို ကျွန်တော်က ပို၍ သဘောကျမိတတ်ပါသည်။ ရံဖန်ရံခါ “အနိဌာရုံကို မနှစ်မြို့သူများ မလာရ” ဟု ကျွန်တော်၏အခန်းဝတွင် ရေးထားလိုက်ချင်ပါသည်။
သို့သော်လည်း ကျွန်တော်မရေးဖြစ်ပါ။
သူ့ကို အားနာသောကြောင့် မရေးဖြစ်တလား၊ ကိုယ့်ဘာသာကိုယ် မရေးရဲသောကြောင့် မရေးဖြစ်တာလားဆိုသည်ကို ကျွန်တော် မသိပါ။
* * *
မကြာခင်ကမူ ကျွန်တော့်ကို သူက ထိုးစစ်ဆင်ပါသည်။ ကျွန်တော်သည် အလွန်ပျော့ညံ့သော ပန်းချီဆရာ သက်သက်သာ ဖြစ်သည်ဟုထင်ကြောင်း ပြောသောအခါ ကျွန်တော်အလွန်ပင် ဒေါသထွက်မိပါသည်။ ဒေါသ၏ လမ်းကြောင်းများ လွှဲပြောင်းသွားရန် ရည်ရွယ်၍ ကျွန်တော်သည် အနီးတွင်ရှိသော စုတ်တံအဟောင်းတစ်ချောင်းကိုယူ၍ ပါးစပ်ဖြင့် ကိုက်လိုက်ပါသည်။ သူကမူ ကျွန်တော့်ကို… မင်းက ဒေါသတွေကို လမ်းလွှဲပစ်ဖို့ စုတ်တံကိုကိုက်တာတောင် အဟောင်းမှ ရွေးကိုက်ရတယ်လို့ကွာ…၊ အသစ်ကိုကိုက်တော့ကော ဘာဖြစ်မှာမို့လို့လဲဟု ဆက်၍ သရော်လိုက်ပြန်ပါသည်။
တစ်ခုသော သန်းခေါင်ယံကာလကလည်း ကျွန်တော့်ကို အိပ်ရာကနှိုး၍ သူ၏ဆွဲလက်စပန်းချီကားတစ်ချပ်ကို ပြပါသည်။ ညသည် သူ့လို အိပ်မပျော်တတ်သူတို့အဖို့ ချစ်စရာလား၊ မုန်းစရာလား မသိသော်လည်း ကျွန်တော့်အဖို့မှာ ညကို အိပ်စက်အနားယူရန်ကာလတစ်ခုထက် ပို၍တန်ဖိုးမထားနိုင်ပါ။ လေးဆယ်အားမီးသီး၏ အလင်းရောင်ဖြင့်ကြည့်လျှင် ပို၍အရသာ ပေါ်လွင်သည်ဟုဆိုသော သူ၏ပန်းချီးကားသည် ကျွန်တော်၏အိပ်မှုန်စုံမွှားမျက်စိများအား ဖြားယောင်းသွေးဆောင်နိုင်ခြင်းမရှိသည်မှာမူ အမှန်ပင်။ လမ်းသစ်ပေါ်တွင် ရဲရဲတင်းတင်း လျှောက်နေသော သူ၏ ပန်းချီကားများကို ကျွန်တော်က မည်သည့်ပေတံများနှင့် တိုင်းထွာရပါမည်လဲ။ သူ့ကို တန်ဖိုးမဖြတ်နိုင်သဖြင့် ကျွန်တော့်ကို လူညံ့တစ်ယောက် ဟူ၍တော့ သဘောမထားကြပါနှင့်။
ကာလနဲ့ အာကာသတရားနှစ်ပါးရဲ့ ဘောင်ခတ်ထားခြင်းထဲမှာ သာယာနေသရွေ့တော့ မင်းဟာ အနုပညာသည် မဟုတ်ပါဘူးကွာ…၊ အနုပညာနဲ့ စီးပွားရှာစားတဲ့လူပါ။ မင်းဟာ မင်းကိုယ်မင်း ရဲရဲတင်းတင်း ဝန်ခံလိုက်စမ်းပါ… ဟု သူက ကျွန်တော့်ကိုပြောသောအခါတွင်မူ ကျွန်တော်သည် အလွန်ပင် နာကြည်းမိပါသည်။ သူပြောသလိုကော မဟုတ်ပေးဘူးလားဟု တစ်ယောက်ယောက်က ကျွန်တော့်ကို မေးလျှင် ကျွန်တော်က “ဟုတ်ပါတယ်” ဟု ဖြေမည့်အစား “ဟုတ်တော့ဟုတ်ပါတယ်” ဟု ဖြေစမ်းပါရစေ။
“ဟုတ်တယ်” “မဟုတ်ဘူး” နှင့် “ဟုတ်တော့ဟုတ်ပါတယ်” ဟူသော အသုံးအနှုံးများအကြားရှိ တန်ဖိုးကွာခြားမှုနှင့် ပတ်သက်၍ ကျွန်တော့်ကို တစ်စုံတစ်ရာ မမေးကြပါနှင့်။ “ဘာသာစကားအရာမှာ ငါဆရာ” ဟု ကြွေးကြော်လေ့ရှိကြသည့် ကောလိပ်ကျောင်းထဲက တုတ်ကောက်ကလေး တရမ်းရမ်းနှင့် လမ်းလျှောက်လေ့ရှိတတ်ကြကုန်သော နိုင်ငံခြားပြန်ဆရာကလေးများကိုသာ သွား၍ မေးကြပါတော့။
ကနဦးကပင် ရှိခဲ့မိသော သူ့အပေါ် မကျေနပ်မှုအချို့တို့နှင့်အတူ သူက ထပ်မံဖန်တီးလိုက်သော အကြောင်းအရာအချို့တို့သည် ယခုအခါတွင် ပေါင်းစည်းမိသွားပါပြီ။ အကယ်၍နှင့် အကယ်၍သာလျှင် ကျွန်တော်သည် သူ့လို အနုပညာသည်စစ်စစ် မဖြစ်နိုင်ခဲ့ဘူးဟုဆိုလျှင် ထိုအဆိုသည် သူ့၌ တည်ခဲ့ပြီဟု ကျွန်တော်က ဆိုချင်ပါသည်။
သူ၏ ရှိနေခြင်းနှင့် ကျွန်တော်၏မဖြစ်နိုင်ဖြင်းများတွင် တစ်စုံတစ်ရာ ဆက်နွယ်မှုရှိကြောင်း ကျွန်တော်နားလည်သလို အားလုံးကလည်း နားလည်လိုက်ကြစေချင်ပါသည်။
* * *
မျဉ်းတစ်ပြေးတည်းပေါ်တွင် တည်၍မနေခဲ့သော ကာလတရားကို သူက ခုခံ၍မရတော့ဘူးဟု ဆိုသည်ကို ကျွန်တော် သိပါသည်။
အနောက်ဘက်မှလာသော လေအသစ်များကို သူသည် ရှုရှိုက်ရင်း မောပန်းစပြုလာသော်လည်း လေများမှာ ကုန်ဆုံး၍မသွားခဲ့ကြပါ။ သူ၏ ပတ်ဝန်းကျင်မှာမူ အိပ်မောကျနေကြဆဲ။ ခါတောင်အင်္ကျီနှင့် ရင်ကွဲထဘီကို ရိုးရာဝါဒ၏ သင်္ကေတအမြင်ဟု မှတ်ယူသူများ လက်တစ်ကမ်းအကွာမှ စကားပြောနေကြသော မောင်မယ်များ၊ ဆားပုတ်ပြက်သိကာမျှဖြင့် ရောစပ်ထားသော ရိုးရာ လေပုတ်ချဆေးကို စားသုံးနေကြသော ပညာတတ်များ… စသည်တို့ဖြင့် ပြည့်လျှံနေပါသည်။ သူက မျှော်လင့်အားကိုးခဲ့ခြင်းမရှိသော ပရိသတ်များကမူ သူ့ကို အသိအမှတ် မပြုကြပါ။ အနုပညာပစ္စည်းများကို တန်ဖိုးဖြတ်မှုနှုန်းစံမှာ ဂန္တဝင်ခေတ်ကာလကို ကျော်လွန်ခဲ့ပြီးသည့်နောက် တစ်ပုံစံတည်းသာ ဖြစ်ပေါ်ခဲ့တော့ကြောင်းကိုလည်း သူမေ့ခဲ့ပါပြီ။ ဆိုဟိုမှာ ငတ်၍ သေခဲ့သူတွေ၏ သတင်းကိုမူ သူကြားလိုက်ရပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ရပါသည်။ အနုပညာသစ်များ၏ ဖြစ်ပေါ်မှုတွင် တိုး၍တိုး၍ဖြစ်ပေါ်ခြင်း၊ တိုး၍တိုး၍ ပျောက်ဆုံးသွားခြင်းများမှာ ရောထွေးခဲ့ပါပြီ။ တိုး၍ဖြစ်ပေါ်မှုများ၏ အခြေခံကို နိစ္စထာဝရတရားဟု မှတ်ယူထား၍ မဖြစ်တော့ပါ။ ယခုအခါ သူ့၌ စပ်ကြမျိုးဆက်သစ်များတွင် ဖြစ်ပေါ်လေ့ရှိသော ရင်ကျပ်ပန်းနာရောဂါတစ်မျိုး ရရှိခဲ့ပါပြီ။ အမှန်ပင် သူ့တွင် အသက်ကို ဝဝရှူရန်ကိစ္စမှာ ခက်ခဲလာခဲ့ပါပြီ။ ကျွန်တော်ကမူ မျှော်လင့်စောင့်စားခဲ့သော ကာလတရား၏ ပင့်ကူအိမ်အတွင်း တိုးဝင်လိုက်ရန် အချိန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်ပါသည်။ အနုပညာပြောင်မြောက်ခြင်းနှင့် ငတ်မွတ်ခြင်းတို့ကို ရောထွေးမြင်တတ်သော သူ့ကို တစ်စုံတစ်ရာ သင်ပြဖို့ အချိန်သည် ရောက်ရှိလာခဲ့ပြီမဟုတ်ပါလား။
အသုံးဝင်မှု၊ အသုံးကျမှုများနှင့် ကန့်သတ်ထားသော ကိုယ်ကျင့်တရားစံများကို မေ့လျော့ပစ်ရင်း သူ့ကို ကျွန်တော်က သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်ပါပြီ။ သူ့ကို သတ်ဖြတ်ပစ်နိုင်ခဲ့ပြီဆိုလျှင် ကျွန်တော့်ကို ကဲ့ရဲ့ပြစ်တင်မည့်သူ တစ်စုံတစ်ယောက်မျှ ရှိတော့မည်မဟုတ်၍ “စံ” အနုပညာနှင့် အနုပညာ၏ “စံ” များ ရောထွေးသွားပါလိမ့်မည်။ အကောင်းဘက်ကသာ ဝေဖန်မည့် လောကကြီးတွင် ကျွန်တော်သည် ကောင်းကင်မှ တိမ်စိုင်တိမ်ခဲများ ပြေးလွှားနေပုံကိုကြည့်ကာ ပျော်ရွှင်ချမ်းမြေ့စွာ နေပါတော့မည်။
တင်ကူး၍ပြောရန် အကြောင်းတစ်ခုသာ ရှိပါတော့သည်။
နောက်တစ်နေ့မိုးလင်းသောအခါ ကျွန်တော်၏ နာရေးသတင်း ကြားရသူများအဖို့ တစ်စုံတစ်ရာမျှ တွေဝေရောထွေး၍ မသွားကြစေချင်ပါ။ သူ့ကို ကျွန်တော်သည် ယနေ့ည၌ပင် သုတ်သင်သတ်ဖြတ်ခဲ့ပြီ ဖြစ်ပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ မေ့လျော့မထားကြပါနှင့်။ လောကကြီးကမူ အမြဲတစေလိုပင် ကစဥ့်ကလျား ဖြစ်နေခဲ့သည်ကို သင်တို့အားလုံးလည်း သိပြီးသားပါ…။
မှတ်ချက်။ ။သူရေး၍ သူကြိုက်သောဝတ္တုတိုများ မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment