Tuesday, November 17, 2009

နိဒါန်း၌ပင်မှားယွင်းခဲ့သောအတွေ့အကြုံရှေ့အဆိုဝါဒီ၏ဆင်ခြေ


(က)
အသိပညာ နုန့်နဲပုံရသော လူတစ်ယောက်က ရည်ရွယ်ရင်းအကြောင်း တစ်စုံတစ်ရာမရှိဘဲ ကျောက်လမ်းနံဘေးရှိဓာတ်မီးတိုင်ကိုမှီရင်း မိုးကောင်းကင်ကြီးအား ကြည့်နေမိသည့် ကျွန်တော့်ကို “ဘာလုပ်နေတုံး… ကိုယ့်လူ” ဟု ဆိုပါသည်။ ဘယ်အချိန်ကတည်းက ကျွန်တော်သည် သူ၏အသိခံအရာ ဖြစ်နေခဲ့သည်ကို ကျွန်တော်မသိခဲ့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မည်မျှကြာအောင် ဓာတ်မီးတိုင်မှီရင်း မိုးကောင်းကင်ကို ကြည့်နေခဲ့မိသည်မသိ။

ကျွန်တော်သိသည်မှာ မိုးကောင်းကင်ကြီး၏ မည်းမှောင်နေခြင်း၊ ထိုမိုးကောင်းကင်ကြီး၌ ကြယ်များနှင့် လကို မတွေ့ရခြင်း၊ ညသည် ငြိမ်းချမ်းစွာ ငြိမ်သက်လျက်ရှိခြင်း၊ ခပ်လှမ်းလှမ်းတွင်ရှိနေသော မြစ်၏ မျက်နှာပြင်ကို ဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော့်ကိုပါ ခလုတ်တိုက်သွားခဲ့သော မြစ်၏အခြားတစ်ဖက်ကမ်းမှ လေတို့၏ သစ်လွင်နေခြင်းနှင့် မှတ်မှတ်ရရမဟုတ်သော်လည်း ကျွန်တော်သည် လေတချို့တို့ကို ရှူသွင်းပြီးတိုင်း ပြန်လည်၍ ရှူထုတ်လိုက်ခြင်းဖြင့် လေများစွာတို့ကို ဖြုန်းတီးနေခဲ့ခြင်း စသည်တို့ ဖြစ်ပါသည်။


ရှူထုတ်လိုက်သောလေနှင့် ရှူသွင်းလိုက်သောလေ၏ မတူညီကြပုံများကို သိချင်လျှင် နောင် တွေ့ကြသည့်အခါတွင် ကျွန်တော်ရှင်းပြပါမည်။ ယခုသော် ကြယ်များနှင့်လ ကင်းပလျက်ရှိသော ကောင်းကင်ကြီးနှင့် အစရှိသည်တို့အကြောင်းကို သင့်အား ပြောပြစမ်းပါရစေ။

သူ့ကို ကျွန်တော်က မည်သို့ ရှင်းပြရပါမည်လဲ။ “ကျုပ်ဘာသာကျုပ် ဘာလုပ်လုပ် ခင်ဗျားအပူလား” ဟု ပြောသင့်ပါသလား။ အကယ်၍ သူက “ကျုပ်အပူတော့ မဟုတ်ပေဘူး။ သို့ပေတဲ့ သိချင်လို့ပါ” ဟုဆိုလျှင် ကျွန်တော်က မည်သို့မည်ပုံ စကားဆက်ကြရပါမည်လဲ။ “သိချင်လို့ပါ” ဟု ဆိုသော သူ့ဆန္ဒကို ကျွန်တော်က တားဆီးသင့်ပါသလား။ သင်ကမည်သို့ ထင်ပါသလဲ။

သူသိချင်သည်ကို ကျွန်တော်က တားမြစ်လိုက်ခြင်းဖြင့် သင့်အဖို့ ကျွန်တော့်အား မြို့ပြလူ့အဖွဲ့အစည်း၏ သို့မဟုတ် မြို့ကြီးသားတို့၏ ရိုင်းစိုင်းမှု မျိုးတူစုအတွင်း ထည့်ထားလိုက်ရန် အခွင့်အရေးတစ်ရပ် ရလိုခဲ့သည်မဟုတ်ပါလား။ ကျွန်တော်သည် ထိုမျှ အသိပညာအရာတွင် နုံနဲ့လှသည်မဟုတ်ပါ။ ကျွန်တော်တို့သည် သူကဲ့သို့ အသိပညာအရာတွင် ညံ့ဖျင်းခဲ့ကြသည်မဟုတ် ဆိုခြင်းကိုမူ သင်ကပါ သဘောတူသည် မဟုတ်ပါလား။ ဤနေရာတွင် ကျွန်တော်တို့အကြား သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့သည်ဟု ယာယီလက်ခံထားကြပါစို့။

သို့ဖြစ်လျှင်.. ကျွန်တော်က “ကျွန်တော်သည် ကျောက်လမ်းဘေးက ဓာတ်မီးတိုင်ကိုမှီကာ မိုးကောင်းကင်ကြီးကို ကြည့်နေပါသည်” ဟု ဖြေလိုက်ပါမည်။ ဤသည်ကို အဖြေဟု ခေါ်ပါသည်။ ကျွန်တော်၏အဖြေမှာ သင်၏ကျေနပ်မှုနှင့်သော်လည်းကောင်း၊ သဘောထားချင်း တိုက်ဆိုင်မှုနှင့်သော်လည်းကောင်း၊ မသက်ဆိုင်သကဲ့သို့ သူ၏ကျေနပ်မှုနှင့်သော်လည်းကောင်း၊ သဘောထားချင်း တိုက်ဆိုင်မှုနှင့်သော်လည်းကောင်း ဆိုင်လိမ့်မည်မဟုတ်လှပါ။

မိုးကောင်ကင်ကြီးတွင် ကြယ်များနှင့်လ,တို့ မရှိကြပါ။ ဓာတ်မီးတိုင်တွင် မီးလုံးမရှိပါ။ ခပ်လှမ်းလှမ်းတွင် မြစ်၏ရှိနေခြင်းကို သိရပါသည်။ အလုံးစုံမှာ အမှောင်မည်းနေသဖြင့် မြင်ရသည်မဟုတ်ပါ။ မြင်၍သိရသည် မဟုတ်ပါ။ သိရှိထားခဲ့၍ သိရှိနေခြင်းသာ ဖြစ်သည်။ မြစ်၏အခြားတစ်ဖက်ကမ်းက တောင်ရိုးပေါ်တွင်မူ သူတော်စင်များ နေကြပသည်။ မြစ်ဘက်မှ လေအချို့တို့က တိုက်ခိုက်လေတိုင်း စေတီတို့မှ ဆွဲလည်းတို့၏ နာချင့်စဖွယ် သာယာသံတို့ကို ကြားရတတ်ပါသည်။ လေပြင်းပြင်း တိုက်ခတ်လိုက်သည့်အခါတိုင်း ရင်ပြင်ပေါ်တွင် ကျကြွေနေခဲ့သော ဥသျှစ်သီးများ လှုပ်သွားတတ်သည်ကို မြင်ရ၍မဟုတ်သော်လည်း တွေ့ခဲ့ရဖူး၍ အမှတ်ရနေမိပါသည်။ ယခုလောလောဆယ်တွင်မူ ပြုတ်ကျနေခဲ့သော ဥသျှစ်သီးများ ရင်ပြင်ပေါ်တွင် ရှိ,မရှိ ဆိုခြင်းကို ကျွန်တော်က ပြောပြနိုင်လိမ့်မည်မထင်ပါ။

ကျွန်တော့်အနေဖြင့် ပြောပြနိုင်မည်ဖြစ်သော အကြောင်းအရာတစ်ခုမှာ မှောင်သောညတစ်ခုအတွင်း ပစ်ချထားခြင်း ခံထားရသော ကျွန်တော်သည် မီးလုံးမရှိသော ဓာတ်မီးတိုင်ကိုမှီရင်း ကြယ်များနှင့်လ,တို့ မရှိသည့် ကောင်းကင်ယံကိုကြည့်ကာ ငြင်းပယ်ရန် မဖြစ်နိုင်သည့် ဖြစ်နေခြင်းတစ်ခုအတွင်း တည်ရှိနေခြင်းသာ ဖြစ်ပါသည်။ မြစ်နှင့် တောင်ရိုးတို့အကြောင်းကို တိတိပပမပြောနိုင်သည့်အကြောင်းမှာ အမှောင်ထု ခြားနားထားသဖြင့် ကျွန်တော့်အနေဖြင့် သိရုံသာ သိနိုင်ပြီး မျက်မြင် တွေ့ကြုံခံစားနိုင်ခြင်းမရှိ၍ ဖြစ်ပါသည်။

ညမှာမူ မှောင်၍သာ ရှိပါသည်။

ယခုအခါ ကျွန်တော်၏အလှည့်ကို ရောက်ခဲ့ပါပြီ။ ကျွန်တော်က သူ့ကိုမေးရပါလိမ့်မည်။ “ခင်ဗျားကော အချိန်မတော်ကြီး ဒီမှာ ဘာလုပ်နေသတုံး”။ ကျွန်တော့်တွင် အဖြေတစ်စုံတစ်ရာကို ဖြေနိုင်သည့် အခွင့်အရေး ရှိသည်သာမက အမေးတစ်စုံတစ်ရာကိုလည်း လုပ်နိုင်ခွင့်ရှိသည် မဟုတ်ပါလား။ ထိုအခါ အသိပညာအရာတွင် နုံနဲ့ပုံရသော ထိုလူက “အိပ်မပျော်တာနဲ့ပဲ ကျုပ်လည်း လမ်းထွက်လျှောက်တာပါ” ဟု ဆိုပါသည်။

ထို့နောက် သူ၏အခွင့်အရေးတစ်ရပ်ကို သုံးစွဲရင်း ကျွန်တော့်အား “ဒါထက်… ခင်ဗျားပြောတဲ့ အချိန်မတော်ဆိုတာ ဘာတုန်း။ အချိန်ဆိုတာကို ခင်ဗျားက ဆုံးဖြတ်လို့ရသတဲ့လား။ ခင်ဗျားက ကာလတရားအတွင်းထဲမှာ နေတာလား။။ ကာလတရားက ခင်ဗျားလုပ်တာ ခံရသတဲ့လား” ဟု မေးပါသည်။

သင်းတို့ကဲ့သို့ ဥာဏ်ပညာအရာတွင် နုံနဲ့သူများတွင် အမြဲတစေ ဆင်ခြေတစ်ခုခု ရှိတတ်သည်ကို ကျွန်တော် သိပြီးသား။ ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာ ပြန်ရှင်းပြရမှလြား။ ကျွန်တော်က ရှင်းပြသော်လည်း သင်းကဲ့သို့ အတွေါ်အခေါ်ကို စနစ်တကျ မတည်ဆောက်နိုင်သူတစ်ယောက်အဖို့ မည်သို့ နားလည်ပါမည်လဲ။ အကယ်၍ သူက နားလည်လိမ့်မည် ဖြစ်သည့်တိုင် ကျွန်တော်က သူ့ကို နားလည်လောက်မည့်သူတစ်ယောက် မဟုတ်ဟု သတ်မှတ်ခဲ့ပြီဖြစ်၍ သင်ကလည်း ကျွန်တော်နှင့် တစ်သဘောတည်းဖြစ်ရန် လိုပါသည်။ သင်ကော ကျွန်တော်နှင့် တစ်သဘောတည်းမဟုတ်ပေဘူးလား။

ကျွန်တော်တို့အကြားတွင် ဘာသာစကား တစ်စုံတစ်ရာအားဖြင့် ဆက်သွယ်ခဲ့ကြခြင်းမရှိဘဲ စက္ကန့်နှင့် မိနစ်အချို့ကို စားသုံးလိုက်ကြပါသည်။ ထို့နောက် သူက “လာပါဗျာ။ ကျုပ်တို့ ပန်းခြံထဲ သွားထိုင်ကြရအောင်” ဟု ဆိုပါသည်။ ယခုကာလမှာ ညတစ်ခု ဖြစ်နေခဲ့သည်ကို အားလုံးက အမှတ်ရနေစချင်သည်။ ညမှ သာမန်ညတစ်ခုမဟုတ်။ ကြယ်များနှင့် လ,တို့ မလင်းသည့်ည။ မှောင်၍မည်းသောည။ ထိုသို့ည၏ စြဖ်ရှိနေသော ကာလနှင့် အာကာသအတွင်း ကျွန်တော်တို့သည် ပန်းခြံအတွင်း သွားရောက်ထိုင်ကြခြင်းဖြင့် ပန်းခြံ၏ တင့်တယ်စွာရှိနေခြင်းကို လည်းကောင်း၊ မျိုးတူစု ကွဲပြားကြလျက်ရှိကုန်သော်လည်း မက်မောစဖွယ် ပွင့်နေကြသည့် ပန်းအသီးသီးတို့၏ ရှိနေခြင်းကိုလည်းကောင်း တစ်စုံတစ်ရာ ကျွန်တော်တို့ ခံစားနိုင်ကြမည်ဟု သင် ထင်ပါသလား။ ပန်းခြံ၏ သာယာတင့်တယ် မက်မောစဖွယ်ရှိနေခြင်းကို ကျွန်တော်တို့သည် အမြင်တစ်စုံတစ်ရာအားဖြင့် ခံစားနိုင်ခြင်း မရှိပါဘဲလျက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့ ညအမှောင်အတွင်း ပန်းခြံထဲသွားကာ ထိုင်ချင်ရပါမည်နည်း။ သူ့ကို မေးကြည့်ရလိမ့်မည်။
“ညအချိန်မတော်ကြီးဗျာ။ ပန်းခြံထဲ သွားထိုင်လို့ ခင်ဗျားဟာ အဓိပ္ပာယ်ရှိပါ့မလား” ဟု ကျွန်တော်က မေးမိပါသည်။ ထိုအခါ သူက “ဘာတဲ့၊ ခင်ဗျားရဲ့ အချိန်မတော်ဆိုတာ” ဟု သူက ဆိုပါသည်။

“အချိန်၏ တော်၏မတော်၏လို့ ခင်ဗျားက ပြောလို့ရသတဲ့လား။ ကာလတရားကို ခင်ဗျားလိုလူတစ်ယောက်က ဆုံးဖြတ်လို့ရသတဲ့လား။ ခင်ဗျားလိုပ ဓာတ်မီးတိုင်မှီပြီး ငေးချင်ရာငေးနေတဲ့ လူတစ်ယောက်က ကာလတရားကို ဆုံးဖြတ်နိုင်သတဲ့လား။ ကာလတရားကို တကယ်တမ်း အသုံးချတတ်တဲ့သူများမှသာ ကာလတရားကို တော်၏သင့်၏လို့ တန်ဖိုး ဖြတ်နိုင်တာ မဟုတ်လား” ဟု သူက မေးခွန်းများ ထုတ်ကာ ဆက်၍ပြောပါသည်။

သူ၏မေးခွန်းများကို ကျွန်တော်က မဖြေတော့ပါ။ သူ့မေးခွန်းများကို ကျွန်တော်က မဖြေနိုင်၍ မဖြေသည်လား၊ သို့မဟုတ် မဖြေချင်၍ မဖြေသည်လားဆိုသည်ကို နောင် သင်နှင့် အေးအေးဆေးဆေး တွေ့သည့်အခါမှ ရှင်းပြပါမည်။ ယခုသော် အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်ရန် ရည်ရွယ်၍ ကျွန်တော်သည် သူနှင့်ပန်းခြံအတွင်းသို့ လိုက်သွားပါဦးမည်။ သင်ကော လိုက်ခဲ့ပါလား။



(ခ)
ပန်းခြံကို သူရော ကျွန်တော်ပါ မကြာမကြာ ရောက်လေ့ရှိပါသည်။ သို့မဟုတ် ရောက်လေ့ရှိခဲ့ပုံရပါသည်။ ပန်းခြံအနီးသို့ရောက်သော် ပန်းတို့၏ရနံ့အချို့ကို ရလိုက်မိပါသည်။ မြစ်ဘက်မှ တိုက်ခတ်လာသော လေအတွင်း၌ ဒိုက်အနံ့၊ နွံအနံ့ စသည်တို့နှင့်အတူ ပန်း၏ရနံ့များ ပါလာပါသည်။ ဆောင်းဦးကို ကျော်ခဲ့ပြီးဖြစ်၍ ပန်းများစွာတို့ ပွင့်ခဲ့ပြီးဖြစ်သည်ကို သိရှိထားခဲ့သည့်အတွက် ထူးခြားစွာ ပါနေသည့်ရနံ့တို့ကို ကျွန်တော်က ပန်းရနံ့ဟု ဆိုရခြင်းသာ ဖြစ်ပါသည်။ ပန်းများ၏ အမှန်တကယ် ရှိနေခြင်းကိုလည်းကောင်း၊ ပွင့်နေခြင်းကိုလည်းကောင်း ကျွန်တော်က သိရှိထားခဲ့သည် မဟုတ်ဆိုခြင်းကိုမူ တင်ကူး၍ ဝန်ခံထားစမ်းပါရစေ။

အိပ်မှုန်စုံမွှားဖြင့် ထ,လာသော ပန်းခြံအစောင့်သည် ကျွန်တော်တို့ကို အထူးအဆန်းသဖွယ် ကြည့်လိုက်ပါသည်။ ထို့နောက် “ကိုယ့်ဆရာ… ညကြီးမင်းကြီး တစ်ယောက်တည်း ဘယ်လိုဖြစ်လာတာတုန်း။ ပန်းခြံထဲ ထိုင်ချင်လို့လား” ဟုဆိုရင်း အမှောင်ထဲ ကြည့်နေသည်ကို ကျွန်တော် သတိထားလိုက်မိပါသည်။

ပန်းခြံအစောင့်သည် သူ၏ခါးတွင် ချိတ်ထားသောသော့ကို ဖြုတ်ကာ ပန်းခြံ၏ ဂိတ်တံခါးကိုဖွင့်ရင်း “မိုးကလေး တစ်ပြိုက်နှစ်ပြိုက်လောက်ရခဲ့ရင် ပန်းတွေ ခုထက်ပိုလှမယ်ဗျ” ဟု ဆိုပါသည်။

သူသည် ပန်းခြံအစောင့် စကားအဆုံးတွင် ခပ်တိုးတိုး ရယ်လိုက်ကြောင်း ကျွန်တော်က ဂရုတစိုက် နားမထောင်နေသည့်တိုင် ထင်ထင်ရှားရှား ကြားလိုက်ရပါသည်။ ပန်းခြံအစောင့်ကမူ သတိထားမိလိုက်ပုံ မပေါ်ပါ။ ရယ်ခြင်းရယ်လျှင် ကျွန်တော်သာ ရယ်သင့်သည် ထင်ပါသည်။ သင်လည်း စဉ်းစားကြည့်စမ်းပါ။ သင်းတို့နှစ်ယောက်စလုံးမှာ ဥာဏ်ပညာ နုံနဲ့ကြရာတွင် တူလှသည်မဟုတ်ပါလား။

ကျွန်တော် ရှင်းပြစမ်းပါရစေ။ ခုနက ပန်းခြံအစောင့် ပြောခဲ့သော စကားကို ပြန်၍ စဉ်းစားကြည့်စမ်းပါ။ “မိုးကလေး တစ်ပြိုက်နှစ်ပြိုက်လောက် ရခဲ့ရင် ပန်းတွေ ခုထက်ပိုလှမယ်ဗျ” ဟု ဆိုခဲ့သည်မဟုတ်ပါလား။ မည်မျှ ဆီလျော်ဆက်စပ်မှုမရှိသော စကားဖြစ်သည်ကို စနစ်တကျ အတွေးအခေါ် ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ ပြက်သိကာမျှ သိသူများပင် သိကြပါလိမ့်မည်။ မိုးရွာခြင်းနှင့် ပန်းများလှပခြင်းများအကြားတွင် ခရီးတစ်သောင်းမက ဝေးကွာနေခဲ့ကြောင်း သင်လည်း သိသည်မဟုတ်ပါလား။ မိုးရွာခြင်းမှာ မိုးရွာခြင်းသာဖြစ်ပြီး မိုးရွာခြင်းမှာ လှပခြင်း၏ ဖန်ဆင်းရှင်မဟုတ်သည်ကို သင်းသိဖို့ ကောင်းပါသည်။
ပန်းခြံအစောင့်ကိုမူ ကျွန်တော်က အပြစ်များစွာ မတင်ချင်လှပါ။ သူသည် ပန်းခြ့အစောင့်သာဖြစ်ပြီး ဥယျာဉ်မှူးမဟုတ်ပါ။ သူသည် သူပြောချင်သည်ကိုသာပြော၍ လူအထင်ကြီးရန် မေးခွန်းထုတ်တတ်သူမျိုး မဟုတ်ပါ။

“ခင်ဗျားအနေနဲ့ ပြောဖို့ကောင်းတာက မိုးရွာရင် အပင်တွေ သန်လိမ့်မယ်လို့ ဖြစ်သင့်တယ်မဟုတ်လား” ဟု ကျွန်တော်က ပြောလိုက်သောအခါ ပန်းခြံအစောင့်သည့် ကျွန်တော့်ကို အထူးအဆန်းသဖွယ် ကြည့်နေကြောင်း ကျွန်တော် သတိထားမိလိုက်ပါသည်။ ထိုအခါ ကျွန်တော်နှင့် ပါလာသော (ထို) သူက “ခင်ဗျားအလုပ်လား။ မိုးရွာလို့ အပင်ပဲသန်သန်၊ ပန်းပဲလှလှ ခင်ဗျားနဲ့ ဘာဆိုင်သလဲ” ဟု ဆိုရင်း ကျွန်တော့်ရှေ့ကို ကျော်တက်တာ ပန်းခြံထဲသို့ ဝင်သွားပါတော့သည်။

ကျွန်တော့်အနေဖြင့် တစ်စုံတစ်ရာမျှ ပန်းခြံအစောင့်အား မပြောတော့ဘဲ သူလျှောက်သွားရာဘက်ဆီသို့ လျှောက်လိုက်ခဲ့မိပါသည်။ သူ့ကို မီလာသောအခါတွင်မူ “ခင်ဗျားတို့တစ်တွေဟာ အတူတူချည်းပဲ။ အင်မတန်ခက်တဲ့လူတွေ” ဟု ကျွန်တော်က ပြောလိုက်မိပါသည်။ သူသည် လှေကားထစ်များသဖွယ် ဖြစ်နေသော အုတ်ကွက်များပေါ်တွင် ထိုင်လိုက်ရင်း.. “ဘာတဲ့.. ခင်ဗျားရဲ့ ခက်တယ်ဆိုတာ။ ခက်တာနဲ့ လွယ်တာရဲ့ ကြားမှာ စည်းရိုးမရှိဘူးဆိုတာ ခင်ဗျား မသိဘူးလား” ဟု ကျွန်တော့်ကို မေးပါတော့သည်။ ယခုအခါတွင်မူ နှောင်းခဲ့ပြီဖြစ်သော အသိတရားအသစ် တစ်စုံတစ်ရာ ကျွန်တော့်၌ ဖြစ်ပေါ်ခဲ့ပါပြီ။

အကယ်၍နှင့် အကယ်၍သာလျှင် ကျွန်တော်သည် ထိုအသိပညာအရာတွင် နုံနဲ့ပုံရသူနှင့် လိုက်ပါမလာခဲ့ဘဲ ရည်ရွယ်ရင်း အကြောင်းတစ်စုံတစ်ရာမရှိဘဲ ကျောက်လမ်းနံဘေးက ဓာတ်မီးတိုင်ကိုမှီရင်း မိုးကောင်းကင် ကြီးအား ကြည့်နေခဲ့ပါက ယခုကဲ့သို့ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာနှင့်မျှ ကြုံတွေ့ရလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် ကျွန်တော်သည် “ဖြစ်သင့်ခြင်း” နှင့် “ဖြစ်နေခြင်း” တို့ကို ရောယှက်ကာ စားသုံးမိခဲ့ပြီဖြစ်၍ ယခုအခါတွင် အသိတရား၏ ဝမ်းပျက်ခြင်းဝေဒနာကို ခံစားနေရပါပြီ။

သို့အတွက် သူ၏နံဘေးတွင် အသာထိုင်ချလိုက်ရင်း ဝေဒနာ၏ ဖြစ်ခြင်းနှင့် တည်နေခြင်းကို မှတ်ယူခံစားနေလိုက်မိပါသည်။ ပန်းခြံ၏ လှပစဖွယ် ရှိနေလိမ့်မည်ဟူသော အသိတရားမှာ ည၏အမှောင်အောက်တွင် အသိတရား တစ်စုံတစ်ရာအား သိရှိနေခြင်းထက် မပိုတော့ပါ။

အချိန်အတော်ကြာ သူနှင့် ကျွန်တော်တို့အကြား၌ ဘာသာစကားတစ်စုံတစ်ရာအားဖြင့် ဆက်သွယ်ခဲ့ကြခြင်း မရှိခဲ့ကြပြီးနောက် သူက “ကျုပ်တို့ မြစ်ဘက် လျှောက်ကြရအောင်လား” ဟု ဆိုပါသည်။ ယခုအခါတွင်မူ ကျွန်တော့်တွင် အသိတရားနှင့် သတိတရားတို့ ရှိနေခဲ့ပါပြီ။

ထို့ကြောင့် ကျွန်တော်က သူ့ကို “မြစ်ရှိနေတာကို ခင်ဗျားရော ကျုပ်ပါ သိပြီးသားပဲ။ မြစ်ဘက်ကိုလည်း ရောက်ဖူး၊ တွေ့ဖူးပြီးသားပဲ။ ခုလို ညမှောင်မှောင်ကြီးထဲမှာ မြစ်ဘက်သွားလို့ ဘာအကျိုးတရား ဖြစ်ထွန်းမှာလဲ။ ခင်ဗျားမှာ ပြည့်စုံလုံလောက်တဲ့ ဆင်ခြေရှိလို့လား” ဟု မေးလိုက်မိပါတော့သည်။

သူသည် အတော်ကြာအောင် တစ်စုံတစ်ရာကိုမျှ မဆိုဘဲ ကျွန်တော့်ကို စူးစူးဝါးဝါး ကြည့်နေပုံမှာ သားကောင်တွေ့သော ကျားသစ်တစ်ကောင်၏ မျက်လုံးများနှင့် တူလှပါသည်။ အတန်ကြာမှ ည၏ ငြိမ်သက်လျက် ရှိနေခြင်းကို ဖောက်ခွဲလိုက်ရင်း သူက ဤသို့ဆိုပါသည်။

“ဘာဆင်ခြေလဲ။ ဆင်ခြင် နည်းလမ်းတကျနဲ့ တည်ဆောက်ထားတဲ့ ဆင်ခြေတွေလား။ အရာရာဟာ ဆင်ခြေတစ်စံတစ်ရာနဲ့ တည်ဆောက်ထားတယ်လို့များ ထင်လို့လား။ ဒီမှာ ကိုယ့်လူ၊ လောကကြီးဟာ စနစ်တကျ တည်ဆောက်ထားတာ ဖြစ်ချင်ဖြစ်မယ်။ ကစဥ့်ကလျား တည်ဆောက်ထားတာဖြစ်ချင်ဖြစ်မယ်။ ဒါပေတဲ့ ဘဝရဲ့ ဖြစ်နေခြင်းဟာ ဆင်ခြင်နည်းလမ်းတကျ ဆင်ခြေပုံစံများနဲ့ တည်ဆောက်ထားတာလို့များတော့ မထင်လိုက်လေနဲ့ ကိုယ့်လူ”

သူ့အသံထဲတွင် မာနသံမပါတော့ပါ။ ကျွန်တော်နှင့် ပြောဆိုဆက်ဆံရသည်ကို သူ ငြီးငွေ့စပြုခဲ့ပြီ ထင်၏။ အသိပညာအရာတွင် သူနှင့်ကျွန်တော် မည်သူကသာသည်ကို သူက စဉ်းစား၍နေပေပြီလားဟူ၍ထား ကျွန်တော်က တွေးလိုက်မိပါသည်။

သူက “ခင်ဗျားဟာ စာအုပ်ထဲက လူပဲ။ ဘဝကို သီဝရီတွေနဲ့ တည်ဆောက်ချင်တဲ့လူပေပဲ။ တစ်ပတ်ရစ် အတွေးအခေါ်တွေကို ဘာဖြစ်လို့ပြန်ပြီး မြေတောင်မြှောက်ချင်နေရတာလဲ။ နောင် ခင်ဗျားနဲ့ ကျုပ် တွေ့ကြတဲ့အခါမတော့ ခင်ဗျားကို ကျုပ် တကယ့်ဘဝထဲမှာ တွေ့ချင်တယ်ဗျာ။ တကယ့်ဘဝထဲ ခုန်ထွက်ခဲ့စမ်းပါ” ဟု ပြောရင်း ကျွန်တော့်ပခုံးအား ပုတ်လိုက်သည်ကို ကျွန်တော် သတိထားမိလိုက်ပါသည်။

ထို့နောက် သူနှင့်ကျွန်တော်တို့အကြား ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပါသည်။

(ဂ)
ကောင်းကင်ကြီးတွင် အလင်းရောင်၏ အခန်းကဏ္ဌ ကျယ်ပြန့်လာသည်ကိုကြည့်နေရင်း များမကြာမီ မိုးလင်းတော့မည်ဟူသော အသိကို ရရှိလိုက်ပါသည်။ မည်မျှကြာအောင် ကျွန်တော်သည် မှောင်သော၊ မည်းသော ညတစ်ခု၏အတွင်း၌ ရည်ရွယ်ရင်းအကြောင်း တစ်စုံတစ်ရာ မရှိပါဘဲ ပန်းခြံတစ်ခု၏ အတွင်းတွင်ထိုင်ရင်း မိုးကောင်းကင်ကြီးအား ကြည့်နေခဲ့မိသည်မသိ။ အသိပညာတွင် နုံနဲ့ပုံရသော (ထို)လူမှာ မည်သည့်အခါကကျွန်တော့်နားမှ ထ,သွားခဲ့သည်ကိုပင် မသိ။ အလင်းရောင် အတော်အတန် ရရှိလာသောအခါ ကျွန်တော်၏ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်သော်လည်း သူ့ကို မတွေ့ရ။ အသိတရားထဲတွင်မူ သူသည် ကျွန်တော့်ကို တစ်နေရာရာမှ စောင့်ကြည့်နေပေမည်ဟု သိရှိခံစားမိသဖြင့် ဘဝင်မကျမိသော်လည်း ကျွန်တော့်အတွေးထဲတွင် ပိုမိုကောင်းမွန်သော စိတ်ကူးများ ပေါ်မလာတော့ချေ။

အလင်းရောင် အားကောင်းလာသောအခါ ခပ်လှမ်းလှမ်း၌ နှင်းဆီပန်းတစ်ခင်းကို ထင်လင်းစွာ မြင်တွေ့လာရတော့သည်။ အခြားအခြားသော ပန်းအသီးသီးတို့၏ အရောင်စုံနေခြင်းအဖြစ်သည် သိရှိထားသဖြင့် သိရသော အဖြစ်ကို ကျော်လွန်ကာ အတွေ့အကြုံ၏ ပံ့ပိုးပေးခြင်းကိုပါ ရရှိခဲ့ပေပြီ။ မြစ်၏ ရေပြင်ကို မြင်ရတွေ့ရသည်သာမက မြစ်၏အခြားတစ်ဖက်မှ တောင်ရိုးကိုလည်းကောင်း၊ တောင်ရိုးပေါ်ရှိ စေတီဖြူဖြူ ကလေးများကိုလည်းကောင်း တွေ့ရမြင်ရပေပြီ။

ညမှာ ပြိုးပျက်စပြုခဲ့ပြီ။ ည၏ ဖြစ်ခဲ့ရှိခဲ့ခြင်းများမှာ များမကြာမီ အတိတ်ကာလတစ်ခုအဖြစ် ပြောင်းသွားတော့မည်ဖြစ်သော်လည်း ၎င်း၏ ရှိနေခဲ့ခြင်းများကိုမူ မငြင်းဆိုနိုင်။ ညတစ်ခုအတွင်း၌ ပစ်ချထားခြင်း ခံခဲ့ရသော ကျွန်တော်သည် ယခုအခါ နေ့ကာလတစ်ခုအတွင်း ပစ်ချထားခြင်းခံရရန် ဖြစ်လာခဲ့ပါပြီ။

ကာလတရား၏ ပြောင်းလဲခြင်းအတွင်း၌ ကျွန်တော်သည် ကျွန်တော်သာ ဖြစ်ခဲ့ပါပြီ။ ပန်းခြံအစောင့်သည်ပင် ပန်းခြံဂိတ်တံခါးများကို ဖွင့်နေသည်ကို တွေ့ရသောအခါ ကျွန်တော် အိမ်ပြန်ရန် သင့်ပြီဆိုသည်ကို ရိပ်စားမိလိုက်ပါပြီ။ ကျွန်တော် အိမ်သို့ပြန်ပါတော့မည်။ (ထို) အသိပညာအရာတွင် နုံနဲ့ပုံရသော လူတစ်ယောက်က ပြောခဲ့သလို ကျွန်တော်၏အိမ်မှာ စာအုပ်ကြီးများအထဲမှာသာဖြစ်ခဲ့လျှင် ယခု ကျွန်တော် အိမ်ပြန်၍ အိပ်တော့မည်ဆိုခြင်းနှင့် ပတ်သက်၍ အချင်းများဖွယ် တစ်စုံတစ်ရာ ရှိလိမ့်မည်မထင်ပါ။

သင့်ကို ပြောပြမည်ဟု ဝန်ခံခဲ့သော ကြယ်များနှင့် လ,တို့ ကင်းပလျက်ရှိသော ကောင်းကင်ကြီး၏ အကြောင်းမှာ ယခုအခါတွင် အတိတ်ကာလ၌ တည်ခဲ့ပါပြီ။ သင် နားထောင်ချင်သေးသည်ဟုဆိုလျှင် ကျွန်တော်က ပစ္စုပ၌န်ထဲမှ ရပ်၍ ပြောရပါလိမ့်မည်။ သင်ကမူ မိုးလင်းခဲ့ပြီဖြစ်၍ မအိပ်ရတော့ဘူးဟု ယုတ္တိဗေဒ တစ်စုံတစ်ရာအားကိုးဖြင့် တစ်ခုခု ပြောချင်ပါသေးသလား။

No comments: