Thursday, November 26, 2009

ဇာတ်လမ်းတစ်ပိုင်း


ကျွန်တော်နှင့်ကောင်မလေးသည် ငယ်စဉ်ကတည်းကပင် အလွန်ရင်းနှီးသော သူနှစ်ယောက် ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်ချစ်သူများ မဟုတ်ကြပါ။ သို့သော် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါသည်။ ထိုအချစ်အမျိုးအစားကို ကျွန်တော်မသိပါ။ ဤသည်မှာ ထိုစဉ်က ကျွန်တော့်အသက်အရွယ်သည် “ကလေးသူငယ်” ဘဝမှ ကျွတ်လွတ်ပြီးခါစ ဖြစ်သောကြောင့်ဟု ကျွန်တော်ထင်ပါသည်။ ယခုအချိန် ထိုခံစားချက်မျိုး ဖြစ်ပေါ်လာလျှင်ဖြင့် ကျွန်တော်ခေါင်းစဉ်တပ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

ကောင်မလေး၏ မိဘများ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ရမည့်နေ့တွင် သူမက ကျွန်တော့်ကို အရုပ်ကလေးတစ်ရုပ် လက်ဆောင်ပေးခဲ့ပါသည်။ ပြီးနောက် ကျွန်တော့်ကို “ဒီဟာနင့်အတွက်။ ဒီဟာ နင်ပဲ” ဟုပြောပါသည်။ အရုပ်ကလေးသည် ကျွန်တော်နှင့် နည်းနည်းမှ မတူပါ။ သို့သော် ကောင်မလေးက ထိုအရုပ်သည် ကျွန်တော်ဟု ပြောသဖြင့် ထိုအရုပ်ကလေးသည် ကျွန်တော်ဖြစ်သွားပါသည်။


ကောင်မလေးတို့မိသားစု ပြောင်းရွှေ့သော ကားကိုကြည့်ရင်း ကျွန်တော်၏စိတ်ထဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဝမ်းနည်းခြင်းကို ခံစားမိပါသည်။ ဘာကြောင့်လဲ… ကျွန်တော်မသိပါ။ ကျွန်တော် အရုပ်ကလေးကို ကိုင်ထားပါသည်။ နောက်တစ်ကြိမ် ပြန်တွေ့ရန်နေ့သည် မသေချာသော အနာဂတ်တွင်ရှိသည့် အကြောင်းကိုတွေးမိရင်း ကျွန်တော်ဝမ်းနည်းလာမိဟန် တူပါသည်။ အရုပ်ကလေးကတော့ ဝမ်းနည်းမလား ကျွန်တော်မသိပါ။ အရုပ်ကလေးသည် အရုပ်ဖြစ်၍ ခံစားချက်မရှိနိုင်သော်လည်း အရုပ်ကလေးသည် ကျွန်တော်ဖြစ်နေ၍ ဝမ်းနည်းမည်ဟု ယူဆရပါသည်။ ထိုအချိန်က ကောင်မလေးလည်း ကျွန်တော့်လိုပင် မျက်ရည်ဝဲနေလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ကျွန်တော်အရုပ်ကလေးကို စာအုပ်စင်၏ အပေါ်ဆုံးအထပ်တွင် နေရာပေးထားပါသည်။ စာအုပ်စင်၏ ထိုအထပ် တစ်ခုလုံးကို အရုပ်ကလေး၏ နေရာအဖြစ် သတ်မှတ်ပြီးနောက်တွင် အခြားစာအုပ်များကို ထိုအထပ်မှ နေရာရွှေ့လိုက်ပါသည်။ ကျွန်တော်စာကျက်ချိန်တွင် အရုပ်ကလေးက စာအုပ်စင်၏ အပေါ်ဆုံးအထပ်မှနေ၍ ကျွန်တော့်ကို စောင့်ကြည့်နေပါသည်။ ကျွန်တော်နှင့် အရုပ်ကလေး မကြာခဏ အကြည့်ချင်းဆုံပါသည်။

တစ်ခုရှိပါသည်။ ကောင်မလေးက ကျွန်တော့်ကို အရုပ်ကလေးပေးရာတွင် အဘယ်ကြောင့် “ဒါနင်ပဲ” ဟု ပြောခဲ့ခြင်းသည် စဉ်းစားစရာ ဖြစ်နေပါသည်။ တကယ်ဆို ကျွန်တော့်ကိုပေးရာတွင် “ဒါငါပဲ” ဟု ပြောပြီးပေးလျှင် ပိုမိုအဓိပ္ပါယ်ရှိမည်ဟု ထင်ပါသည်။ သူ့ကို ကိုယ်စားပြုသော အရုပ်ကလေးကိုတွေ့တိုင်း ကောင်မလေးကို ကျွန်တော်သတိရနိုင်သေးသည်။ သို့သော် ကျွန်တော့်ကိုကိုယ်စားပြုသော အရုပ်ကလေးကို ယခုတွေ့သောအခါ အရုပ်ကလေး၏ ဖန်ဆင်းရှင်ကို သတိရမိပါသည်။

ကျွန်တော် ကောင်မလေးကို အကြိမ်ကြိမ်လွမ်းခဲ့ဖူးပါသည်။ “လွမ်းသည်” ဟူသော စကားသည် သမီးရည်းစားများအကြား၌သာ သုံးရန် သင့်တော်သော်လည်း ကျွန်တော်ကောင်မလေးကို လွမ်းပါသည်။ ကောင်မလေးနှင့် ကျွန်တော်သည် သမီးရည်းစားများ မဟုတ်ကြသည်ကို သင် သိရှိပြီးဖြစ်ပါသည်။ ကောင်မလေးကို လွမ်းသည့်အခါတိုင် သူမ၏ လက်ရှိပုံသဏ္ဏာန်ကို ကျွန်တော်မှန်းဆကြည့်နေမိပါသည်။ ယခုဆိုလျှင် သူမ အပျိုကြီးဖားဖား ဖြစ်နေလောက်ပါပြီ။ မျက်နှာတွင် နှုတ်ခမ်းနီ၊ မိတ်ကပ်များဖြင့် အလှဆင်ထားလိမ့်မည်။ ဆံပင်အရှည်ထားကောင်း ထားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကောင်မလေးနှင့် တစ်ကြိမ်တစ်ခါတော့ ပြည်လည်ဆုံတွေ့ချင်ပါသေးသည်။

ကောင်မလေးနှင့် ကျွန်တော်တို့ အိပ်မက်ထဲတွင်တော့ ရံဖန်ရံခါ တွေ့ဖြစ်ကြပါသည်။ အိပ်မက်ထဲတွင် ကောင်မလေး၏ အသက်အရွယ်သည် လွန်ခဲ့သော ငါးနှစ်က အတိုင်းပင်ရှိနေပါသေးသည်။ ကောင်မလေးနှင့် ကျွန်တော် ကမ်းခြေတွင် ငယ်စဉ်ကသကဲ့သို့ သဲများနှင့် ဆော့ကစားကြပါသည်။ ထိုအိပ်မက်မှ နိုးထလာသော အခါတိုင်း လျှတတ ခံစားချက်တစ်ခုကို ကျွန်တော်ခံစားမိပါသည်။

သိပ်မကြာသေးခင် အချိန်အတွင်းမှာတော့ ကောင်မလေးနှင့် ကျွန်တော် အပြင်လောက၌ ခရီးသွားဟန်လွှဲ ဆုံတွေ့ခဲ့ကြပါသည်။ မမြင်တာ ငါးနှစ်ခန့်ရှိပြီ ဖြစ်သော်လည်း ရင်ထဲ၌ရှိသော ပုံရိပ်များဖြင့် တစ်ယောက်ကို တစ်ယောက် ချက်ချင်းမှတ်မိကြပါသည်။ ကောင်မလေးလှ လာပါသည်။ အခြားတိုင်းပြည်တွင် နေထိုင်သောကြောင့်လားမသိ အသွင်အပြင်မှာလဲ အတော်ပင် ပြောင်းလဲလာခဲ့ပါသည်။

ကောင်မလေးနှင့် ကျွန်တော်တို့ ပြောခဲ့သော စကားများတွင် ချစ်ကြောင်း၊ ခင်ကြောင်း၊ လွမ်းဆွေးကြောင်း၊ ပိုင်ဆိုင်လိုကြောင်း စသည်ဖြင့် ဒြပ်မဲ့သော အနှစ်သာရစကားလုံးများ မပါဝင်ခဲ့ပါ။ နှစ်ဘက်မိဘများ၏ အကြောင်းများ၊ နေရာဒေသတို့၏အကြောင်း၊ မိမိတို့၏ ချစ်သူကိုယ်စီတို့ အကြောင်း၊ ကာလတရား၏ ခန္တီပါရမီ နည်းပါးမှုများ စသည်တို့ပင် ဖြစ်ပါသည်။ လေယာဉ်ထွက်ချိန် နီးလာသောအခါတွင်မှ စကားစသိမ်းရင်း လောယာဉ်ဘက်ဆီသို့ သွားရန် ပြင်လိုက်ပါသည်။ ကျွန်တော်ကမူ ခေါင်းညိတ်ပြခဲ့ပါသည်။ ထိုအခါမှ ကောင်မလေးက ကျွန်တော့်ကို သေချာကြည့်ကာ “ဘုရားသခင် နင့်ကို စောင့်ရှောက်ပါစေ…” ဟုပြောလိုက်ရာ ကျွန်တော်က ပြုံး၍ “.. ငါ့မှာ အရုပ်ကလေးရှိသားပဲ” ဟုပြောလိုက်ပါသည်။ ကောင်မလေးက တစ်စုံတစ်ရာ ပြန်မပြောသော်လည်း ငါသိသားပဲဟူသော အကြည့်ဖြင့် အတန်ကြာအောင် ကျွန်တော့်အားကြည့်ပြီးနောက် လေယာဉ်ဘက်ဆီသို့ ထွက်ခွာသွားပါတော့သည်။

2 comments:

နေ့အိပ်မက် said...

မိုက်ပါ့.... ဒါနင်ပဲလို့ ပြောပြီး အရုပ်ပေးထားခဲ့ကတည်းက ကောင်မလေးက ဘေးနားမှာ ရှိမပေးနိုင်ဘူးဆိုတာ ကောင်လေး သဘောပေါက်ဖို့ကောင်းတယ်

ရှတတကို လျှနဲ့ တမင်ရှထားတာလားဟင်

Arkar Kyaw said...

အဟဲ.... စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါခင်ဗျ...။