waiter ရောက်လာတော့ သောက်လက်စ ရေနွေးကြမ်းကို မှုတ်ရင်းနဲ့ မေးလိုက်သည်။
"ဒီကနေ နောက်တစ်မြို့ကို ဘယ်လိုသွားလဲကွ"
"ဆရာ...။ နောက်တစ်မြို့ကို သွားဖို့ဆိုရင် ရထားစီးသွားမှရမယ်။ ဘူတာရုံက နည်းနည်းဝေးတော့ မြည်းလှည်းငှားပြီး သွားရတယ်ဆရာ။ ကျွန်တော်တစ်စီး သွားငှားပေးရမလားခင်ဗျာ"
"အေးအေး...။ ကျေးဇူးပဲကွာ"
"ရပါတယ် ဆရာ။"
နာရီကိုကြည့်တော့ လေးနာရီထိုးပြီ။ ဒီအတိုင်းဆို တစ်စီးစီးရမှဖြစ်မည်။ သူရေးထားပြီးသော စာမူကို နောက်တစ်မြို့သို့ နောက်တစ်နေ့မကူးမီ အရောက်ပို့ရမည်ဖြစ်သည်။ နောက်ကျသွားခဲ့ပါက သူကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ပေတော့မည်။ သူ၏ စိတ်မရှည်နိုင်ပဲ စားပွဲထိုးလေးကို တမျှော်မျှော်ဖြစ်နေသည်ကို ဆိုင်ရှင်က ရိပ်မိ၍လားမသိ။
"စိတ်မပူပါနဲ့ဗျာ...။ တစ်စီးစီးတော့ ရမှာပါ"
"စိတ်ပူရမှာပဲဗျ...။ အခုပဲ လေးနာရီထိုးနေပြီ။ ငါးနာရီမထိုးခင်လောက် ဒီမြို့ကထွက်မှဖြစ်မယ်။ နို့မို့ဆို အကုန်လုံးသွားပြီ"
"ဒါပေမယ့် အခုတလောက ရာသီဥတုသာယာပါတယ်။ ညဘက်သွားလို့လည်း ရပါတယ်။"
ပြောရင်းနှင့်ပင် စားပွဲထိုးလေး ပြန်ရောက်လာသည်။ မျက်နှာကတော့ အခြေအနေမကောင်း။
"ဆရာ...။ စိတ်မကောင်းပါဘူး။ ဒီမြို့မှာရှိတဲ့ မြည်းလှည်းတွေအားလုံး ထွက်သွားကြပြီ။ မနက်ဖြန်မနက်လောက်အထိ ပြန်လာကိန်းမရှိဘူး"
"သေရော...။ လုံးဝကို တစ်စီးမှ မရှိတော့တာလား"
"... တစ်စီးတော့ ရှိတယ်ဆရာ။ ဒါပေမယ့် အဲဒါက Lin Ng ရဲ့ လှည်းဖြစ်နေတယ်ဆရာ"
"Lin Ng? သူကဘာဖြစ်လို့လဲ" ထိုအချိန်တွင် ဆိုင်ရှင်က
"မင်းက ခရီးသွားဆိုတော့ သူ့အကြောင်းကို ဘယ်သိမလဲ။ သူက အသက်ငယ်တုန်းက လူဆိုးဂိုဏ်းဝင်တစ်ယောက်ကွ။ အစိုးရက လိုက်နှိမ်နင်းတော့ ထွက်ပြေးရင်းနဲ့ ဒီမြို့ကို ရောက်လာတာ။ မြည်းလှည်းမောင်းတဲ့ အလုပ်ကိုလုပ်တာ ကြာပြီ။ တစ်နေ့ကျတော့ တော်တော်ပိုက်ဆံချမ်းသာတဲ့ ကုန်သည်တစ်ယောက်ကို ဘူတာရုံကို လိုက်ပို့ရတယ်။ သူတို့ထွက်သွားပြီး နောက်တစ်နေ့ကျတော့ အဲဒီကုန်သည်ကို မြို့နဲ့ နည်းနည်းဝေးတဲ့ တူးမြောင်းထဲမှာ ဒဏ်ရာတွေနဲ့ သေနေတာတွေ့ရတယ်။ တစ်မြို့လုံးက Lin Ng ရဲ့ လှည်းနဲ့ ထွက်သွားတာကို သိကြတော့ သူ့ကိုပဲ စွတ်စွဲတာပေါ့။ သူကတော့ ငြင်းပါတယ်။"
"တာဝန်ရှိသူတွေ စုံစမ်းတော့ Lin Ng ရဲ့ လက်မောင်းပေါ်က ဒဏ်ရာကလွဲရင် တခြားဘာသက်သေမှ ရှာမတွေ့ခဲ့ဘူး။ တစ်မြို့လုံးကလဲ သူ့ကို တရားခံလို့ပဲ သတ်မှတ်ထားတော့ သူ့ရဲ့ လှည်းကို တတ်နိုင်သလောက်ရှောင်ကြတယ်။ ဟိုနားဒီနားက လွဲရင်…“
ဆိုင်ရှင်ပြောနေရင်းနှင့်ပင် ငါးနာရီထိုးသံ ကြားလိုက်ရသည်။ ရထားမှီရန် အချိန်မရှိတော့...။ မတတ်သာတဲ့အဆုံး...။
"Lin Ng ကို အခုသွားရင် 9း45 ရထားကိုမှီနိုင်လားလို့ မေးကြည့်လိုက်စမ်းပါ"
ဆိုင်ရှင်ကတော့ သူ့ကို စိတ်မကောင်းသလိုကြည့်ပြီး သွားမေးလိုက်သည်။ Lin Ng က သူ့ရဲ့ ဟောင်းနွမ်းတဲ့ ဦးထုပ်ကို ကိုင်ပြီး ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
"ရပါတယ်ဆရာ...။ ကျုပ် ရထားကိုအမှီပို့လို့ ရပါတယ်။ ဒါပေမယ့် အခုချက်ချင်း ထွက်မှ ဖြစ်မယ်"
သူ ဆိုင်ရှင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နည်းနည်းတော့ သွားရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ သို့သော်...
သူတို့ ခရီးထွက်လာတာ သုံးနာရီခန့် ကြာပြီဖြစ်သည်။ လွင်တီးခေါင်ပြင်ကြီးကို ညဘက်အမှောင်ထဲမှာ ဖြတ်သန်းခဲ့ကြသည်။ ခွေးဟောင်သံအချို့နှင့် လေတိုးသံတို့ကိုသာ တခါတခါ ကြားနေရသည်။ ကန္တာရကတော့ ညနှင့်အတူ အိပ်စက်လျှက်ရှိသည်။ လှည်း၏အရှေ့တွင် မီးအိမ်တစ်ခုသာ ရှိသောကြောင့် လှည်း၏အရိပ်သည် လှည်းနောက်ပိုင်းတွင် ခပ်ဖျော့ဖျော့ ကျရောက်နေ၏။ လှည်းမောင်းသမား၏ ကြာပွတ်ရိုက်သံကို မြည်းများ၏ ညည်းသံနှင့် စည်းချက်ညီစွာ ကြားနေရသည်။ ခရီးသည်ကတော့ လှည်းပေါ်မတက်မီက ဘေးတွင်ရှိသော ကျောက်တုံးတစ်တုံးကို ကောက်ယူခဲ့သည်။ မိမိကိုယ်ကို ကာကွယ်ရန် အဆင်သင့်ဖြစ်နေစေရန် ဖြစ်သည်။
Lin Ng က မီးအိမ်ကလေးကိုကြည့်ပြီး ကြယ်တွေစုံလင်သော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခရီးသည်ဘက်ကို လှည့်လိုက်သည်။ လက်ထဲမှ ကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိလိုက်သည်။
“ဆရာ…။ အိပ်ငိုက်နေပြီလား“
“မ… မဟုတ်ပါဘူး“
မြည်းလှည်းကလေးသည် တဖြည်းဖြည်းနှင့် နှေးလာပြီး လှည်းသမား၏ ရိုက်ချက်က ပိုမိုပြင်းထန်လာသည်။ သူတို့ တောင်ကုန်းကလေးတစ်ခုကို တက်နေကြခြင်းဖြစ်သည်။ သနားစရာသတ္တ၀ါလေးတွေကတော့ လည်ပင်းကိုဆန့်ပြီး ရုန်းရှာသည်။ “လုပ်စမ်းပါကွ…။ ရုန်းထားစမ်းပါ“ Lin Ng ပြောနေရင်းနှင့်ပင် လှည်းပေါ်ကဆင်း၍ လှည်း၏ အနောက်သို့ရောက်သွားသည်။ သူကြောက်သွားသည်။ ဒါ… ဒါ… တမင်တကာ အကွက်ဆင်ပြီး ငါ့အနောက်ရောက်အောင် လုပ်တာလား…။
“ဆရာ…။ တစ်ဆိတ်လောက် မြည်းတွေကို မောင်းပေးထားပါလား…။ ကျုပ်အနောက်ကတွန်းတင်ပေးထားမယ်“
“လှည်းပေါ့သွားအောင်လို့ ကျုပ်အောက်ဆင်းပေးရမလား“
“မလိုပါဘူးဆရာ…။ ရပါတယ်…။ အဲဒီမှာပဲ ထိုင်နေပါ“
“ဆင်းလိုက်ပါမယ်…။ အညောင်းပြေ အညာပြေပေါ့“
သူခုန်ဆင်းပြီး လှည်းအနောက်သို့ လျှောက်သွားသည်။ လှည်းသမားကတော့ သူတို့ တောင်ကုန်းထိပ်သို့ ရောက်သည်အထိ တွန်းတင်သည်။
“ကျေးဇူးပါပဲဗျာ…။ ဒီမြည်းတွေက အသက်လဲ ကြီးနေပြီ။ ပြီးတော့ ဒီလမ်းကို မသွားတာကလဲ တော်တော်ကြာပြီလေ။ ဟိုနားဒီနား ခရီးတွေလောက်ပဲ သွားနေကျဖြစ်နေတော့ ဒီတောင်ကုန်းကို မေ့နေကြပြီ“
သူ ထိုင်ခုံပေါ်တွင်ပြန်ထိုင်လိုက်သည်။ ညကပို၍ မှောင်လာပြီးနောက် လမ်းကလည်း ပိုမိုကြမ်းတမ်းလာသည်။ လှည်းဘီးများ ကျွတ်ထွက်မတတ် မောင်းနှင်နေရသော လမ်းကြမ်းဖြစ်သည်။ ရုတ်တရပ် လှည်းသမားသည် ကြာပွတ်ကို အောက်ချလိုက်ပြီး လက်ကောက်ဝတ်ကို အကြောဖြေသလို ပွတ်နေသည်။
“သူ ငါ့ကို တစ်ခုခု လုပ်တော့မှာလား“ ခရီးသည် ခြေထောက်တစ်ဖက်ကို ထိုင်ခုံပေါ်တင်၍ လက်တစ်ဖက်က ကျောက်တုံးကို ကိုင်ထားသည်။ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အဆင်သင့် အနေအထားပင်ဖြစ်သည်။ ညက တိတ်ဆိတ်နေသည်။ သစ်ရွက်လှုပ်သံ အချို့ကိုသာ ကြားနေရသည်။ လှည်းသမားက သူ့ဘက်ကို ကိုယ်တစ်ခြမ်းလှည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်ကာ ဆေးလိပ်မီးငြိ လိုက်သည်။
“ဆရာ…။ ဆေးလိပ်သောက်မလား“
“နေပါစေ…။ ကျုပ်မသောက်တတ်ပါဘူး“
“ကျုပ် မြို့ကနေ ဒီလောက်ဝေးဝေး မထွက်ရတာ တော်တော်တောင် ကြာပြီ“ Lin Ng ကပြောသည်။
“ဟုတ်လား။ ဘာလို့လဲ“ သူမသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။
“ကျုပ်ဘာလို့ မထွက်ရလဲဆိုတော့ မြို့ကလူတွေက ကျုပ်ကို ကြောက်ကြတယ်လေ။ ကျုပ်က ဓားပြတစ်ယောက်လို့ သူတို့ပြောကြတယ်“
“ဟုတ်လား…။ အဲလို ကောလဟာလမျိုး ရှိလို့လား“
“ကောလဟာလဆိုတာ မြွေဟောက်ထက်တောင် ကြောက်ဖို့ကောင်းပါတယ်။ တစ်ခါအကိုက်ခံပြီးသွားရင် ပြန်ကောင်းဖို့ တော်တော်လေး ခဲယဉ်းတယ်။ ကျုပ် လူငယ်တုန်းက အလုပ်မျိုးစုံ လုပ်ခဲ့ဖူးတယ်။ စစ်သားလည်း လုပ်ခဲ့တယ်။ ပြီးတော့ စပျစ်ခြံမှာ လုပ်တယ်။ ဒါပေမယ့် အဲဒီမှာ မပျော်လို့ အိမ်ကိုပြန်လာခဲ့တယ်။ မြို့ကို ပြန်မရောက်ခင်ကလေးမှာပဲ ဓားပြဂိုဏ်းတစ်ခုကို မြို့နားမှာ ဖမ်းမိခဲ့ကြတယ်။ လူတွေက ကျုပ်ကို ဓားပြဂိုဏ်းကနေ ထွက်ပြေးလာတယ်လို့ ထင်ကြတာပေါ့“
“ဒါပေမယ့် သက်သေမရှိပဲ ဘယ်လိုလုပ် ပြီးတော့…“
“လူတိုင်းမှာ နှုတ်ခမ်းတစ်စုံရှိကြပါတယ်။ ကျုပ်တို့ အဲဒီနှုတ်ခမ်းတွေကို လိုက်ပိတ်လို့မှ မရတာ။ ဆရာ…။ ပြီးတော့ ဒီထက် ဆိုးတဲ့ ကောလဟာလကိုလည်း မြို့မှာ ကြားခဲ့ရမှာပါ“
“အင်း…။ ၀ိုးတ၀ါးပဲ“ သူပြန်ဖြေလိုက်သည်။
“ကျုပ် အမှန်အတိုင်းပြောပြမယ်။ အဲဒီညမှာ ကုန်သည်ကို ကျုပ် ရထားဘူတာရုံကို ဒီလမ်းအတိုင်းပဲ သွားပို့ခဲ့တယ်။ သူက ဆရာ့လိုပါပဲ…။ ခင်ဖို့ကောင်းတယ်။ သူက စီးပွားရေးအကြောင်းတွေကို စီးကရက်တစ်လိပ်ပြီးတစ်လိပ် သောက်ရင်းပြောပြနေတယ်။ လမ်းတစ်ဝက်ရောက်တော့ ခရီးသည်မပါတဲ့ မြည်းလှည်းတစ်ခုကို ဒီလမ်းအတိုင်း သွားနေတာ တွေ့ရတယ်။ လှည်းသမားကို ကျုပ်သိပါတယ်။ Ngau Lo Tsun ကို ကျုပ်က အရမ်းပင်ပန်းနေလို့ ကျုပ်ခရီးသည်ကို ကျန်တဲ့ လမ်းတစ်ဝက် ပို့ပေးနိုင်မလားလို့ မေးကြည့်တယ်။ သူက သူ့ကြာပွတ်ပျောက်နေပြီးတော့ မီးအိမ်ကလဲ ဆီကုန်နေတယ်တဲ့။ အဲဒါကြောင့် ကျုပ်ကြာပွတ်ကို ပေးပြီး မီးအိမ်ကိုတောင် ဆီဖြည့်ပေးခဲ့သေးတယ်။ ခရီးသည်က ကျုပ်ကို တစ်ဝက်ခ ပေးပြီး ကျုပ်လဲ အိမ်ကို ပြန်လာခဲ့တယ်။“
“နောက်တစ်နေ့ကျတော့ အဲဒီကုန်သည် တူးမြောင်းထဲမှာ သေနေတယ်ဆိုတဲ့ သတင်းကို ကြားရတာပဲ။ မြို့က လူတွေက သူဟာ ကျုပ်နဲ့ အတူတူ ထွက်သွားတာကိုပဲ သိကြတယ်။ ကျုပ် အဖမ်းခံရသေးတယ်။ ဒါပေမယ့် သက်သေမခိုင်လုံလို့ ပြန်လွတ်လာခဲ့တယ်။ ကျုပ် Lo Tsun ကိုသွားမေးကြည့်တော့ သူက လမ်းမှာ ဓားပြတိုက်ခံရတယ်တဲ့။ သူက ပိုက်ဆံမပေးလို့ ဓားပြတွေက ၀ိုင်းရိုက်ကြတာ သူက ထွက်ပြေးလာနိုင်ခဲ့တယ်။ ဒါပေမယ့် ဆရာ…။ ဘယ်သူမှ ကျုပ်ကို မယုံကြပါဘူး“
“အဲဒါဆို ခင်ဗျားက Lo Tsun ရဲ့ လှည်းဆီကို လွှဲပေးခဲ့တယ်လို့ ပြောလိုက်ပေါ့။ ဒါဆို ခင်ဗျားကို သံသယ ဘယ်ဖြစ်တော့မလဲ“
“အဲလိုဆို ကျုပ်ကို သံသယ မဖြစ်တော့ပဲနဲ့ Lo Tsun ကို စွပ်စွဲကြတော့မှာပေါ့။ သူနဲ့ ကျုပ်က အလုပ်အတူတူလုပ်တဲ့ သူငယ်ချင်းတွေပါ။ ကျုပ်အဲလို ဘယ်နည်းနဲ့ မှ မလုပ်နိုင်ဘူး။ ကျုပ်ကို သံသယ ရှိရင်လည်း ရှိကြပါစေ။“
လှည်းသမား၏ စိတ်ဓာတ်ကို ချက်ချင်းလေးစားသွားသည်။ ကမ္ဘာပေါ်မှာ သူလိုလူမျိုး အများကြီးလိုအပ်ပေသည်။ ထို့နောက် ခရီးသည်က ပြောသည်။
“ကျုပ်ခင်ဗျားကို ယုံပါတယ်“
“ဆရာ မယုံရင်လည်း ကျုပ်က အပြစ်မတင်ပါဘူး။ ကောလဟာလဆိုတာ စပြီးသွားရင် ရပ်အောင်လုပ်ဖို့ ခက်တယ်“
“Lin Ng ကျုပ်က စာရေးဆရာတစ်ယောက်ပါ။ ကျုပ် ဟိုမြို့ကိုရောက်တာနဲ့ ဒီမြို့က လူတွေဆီကို ခင်ဗျားအကြောင်း အဖြစ်မှန်အတိုင်း စာရေးပေးမယ်။ ဒါဆို ခင်ဗျားလည်း အခုလို ခရီးဝေးတွေ သွားနိုင်ပြီပေါ့“
“ကျေး… ကျေးဇူးတင်ပါတယ်ဆရာ“
သူလက်ထဲမှ ကျောက်တုံးကို လွှတ်ချလိုက်သည်။ စိတ်ထဲမှလည်း ပေါ့ပါးသွားသလို ခံစားရသည်။ လူနှစ်ယောက် သံသယ ကင်းရှင်းလျှင် ပို၍ပင် ခင်ဖို့ကောင်းလာပါသည်။
“ဆရာ…။ တစ်ခုခု ပြုတ်ကျသွားတာလား“
“ဟင့်အင်း။ မကျပါဘူး…“ သူတို့ ခရီးဆက်ခဲ့ကြလေသည်…။

1 comment:
ဘာသာပြန်မှန်းမသိတော့ စစဖတ်လာတာ လင်းနိုင်ကို ဘာလို့ မြန်မာလိုမရေးလဲပေါ့... နောက်နာမည်တစ်ခုပေါ်လာမှ lynn ngက လင်းနိုင်မဟုတ်ဘဲ လင်းအွန် ဖြစ်နေမှန်းသိတော့တယ်.. မြန်မာနာမည်တွေပြောင်းပြီး ရေးရင် ပိုဖတ်လို့ကောင်းမယ်နော်...
Post a Comment