Thursday, October 22, 2009

အသုဘမင်္ဂလာအခမ်းအနားဖိတ်စာ

“ငါသေသွားတဲ့အခါ... ငါ့ကို အသုဘ လုပ်ပေးကြပါ...။”

ငါသေသွားတဲ့အခါ... ငါ့အလောင်းကို မြေမြှုပ်ပေးပါ...။ ကမ္ဘာမြေကြီးနဲ့ တစ်သားတည်း ဖြစ်သွားချင်လို့ပါ...။ ဒါမှမဟုတ် ငါ့အလောင်းကို တိရစ္ဆာန်အစာကျွေးလိုက်ပါ...။ ငါစားခဲ့တဲ့ အသားတွေအတွက် အကြွေးပြန်ဆပ်ချင်လို့ပါ...။ ကျေးဇူးပြု၍... ကျေးဇူးပြု၍ ငါ့ကို မီးမရှို့ကြပါနဲ့...။ အပူကို မုန်းလွန်းလို့ပါ...။ လူတစ်ယောက် မီးလောင်တဲ့အခါ လေထုညစ်ညမ်းတာကိုသိပါ...။ အရမ်းညှော်တာကိုသိပါ..။ ဓာတ်ဆီကုန်တာကိုသိပါ...။ ဒါကြောင့် ငါ့ဆန္ဒကို ဖြည့်ဆည်းပေးပါ...။


ငါသေပြီးတော့ နှစ်ဆယ့်လေးနာရီအတွင်း အသုဘချပါ...။ ဖြစ်နိုင်ရင် ချက်ချင်းအသုဘချပါ...။ လူတစ်ယောက် ဖြစ်တည်မှုမရှိတော့တဲ့ အခါ... အပိုပစ္စည်းသက်သက်မို့ပါ...။ ငါ့အသုဘကို လာချင်မှလာပါ...။ တစ်ယောက်မှမရှိလဲ ငါဝမ်းမနည်းပါ...။ လာမယ့်လူများအားလုံး အင်္ကျီအမည်းတော့ ဝတ်လာပေးပါ...။ လျှို့ဝှက်ခြင်းနဲ့ လေးနက်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ပါ...။ အသုဘပို့မည့်လူများ မျက်ရည်မကျရပါ...။ မျက်ရည်နဲ့ ဓာတ်မတည့်လို့ပါ...။ ငါ့ကိုချစ်တဲ့သူ... ငိုချင်ငိုပါ...။ မျက်ရည်မကျပါနဲ့...။

နောက်ဘဝမှာ ပြန်လည်မွေးဖွားမလား ငရဲပြည်ရောက်မလား ငါမသိပါ...။ အသုဘပြီးသွားတဲ့အခါမှာတော့ လက်ခုပ်တီးပေးကြပါ...။ လူတစ်ယောက် အောင်မြင်စွာ ရှင်သန်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ပါ...။

No comments: