Thursday, October 1, 2009

အိပ်မက်ထဲမှာအိပ်မက်မက်နေတဲ့ကောင်လေး

အမှောင်ထဲရောက်နေသူအဖို့ မျှော်လင့်ချက်သည် အလင်းရောင်ဖြစ်ပါသည်။ သူ့ကို တစ်ခါက အလဲထိုးဖူးသော ပန်းတစ်ပွင့်အကြောင်းကို ကောင်မလေးတစ်ယောက်အား ပြောပြဖူးပါသည်။ မုတ်သုန်လာသော်လည်း ပျိုးမကြဲမိပါ။ မိုးကတော့ အချိန်တန်လျှင် ရွာမည်သာ ဖြစ်သည်။ သူတို့ နှစ်ယောက် ကြိုးချင်းထိရန် မနီးကပ်လှပါ။ ဖန်သားပြင်မှ စကားလုံးများမှ တဆင့် နှလုံးသားချင်း ရင်ဖွင့်ဖူးပါသည်။

ထိုကောင်မလေးအား သူက ဒုတိယနှင်းဆီဟု အမည်ပေးကာ တိတ်တိတ်ကလေး ရင်ခုန်ဖူးပါသည်။ သူ၏ ပထမအိပ်မက် အကြောင်းပြောလျှင် နှင်းဆီနားထောင်ပေးသည်။ နှင်းဆီကလဲ သူ့ကို နွေးထွေးစွာ တုံ့ပြန်ပါသည်။ သူ၏ညများ ကြယ်တစ်ချို့ လင်းခဲ့ဖူး၏။ ဒုတိယအိပ်မက်ကို မက်ရင် “ယုတ်မာစွာ” သူကြံစည်ဖူးပါသည်။


“ယုတ်မာစွာ” ၏ နောက်ကွယ်တွင် အဓိပ္ပါယ်အချို့ တည်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်... နှင်းဆီတွင် သက်ဆိုင်သူ၊ နှင်းဆီ၏သက်ဆိုင်သူ၊ သို့မဟုတ် သူငယ်ချင်း၊ သူငယ်ချင်း၏ နှင်းဆီအား ရင်ခုန်မိခြင်းကြောင့် ဖြစ်သည်။ ထိုအမှုသည် ရှင်းပါသည်။ သုံးပွင့်ဆိုင် ဇာတ်လမ်း၏ ဗီလိန်သည် သူဖြစ်သည်။ နောက်ဆုံးတွင် ပုဒ်မ ၁၅၀၀ နှင့် ပြစ်ဒဏ်စီရင် ခံရသည်။ သူက လျှော့ပေါ့ရန် တောင်းဆိုသောအခါ သူ့နှင့်ထိုက်တန်သော ၅၂၈ သာယူ၍ ပြန်ခဲ့ရပါသည်။

ကောင်မလေးသည် နှင်းဆီဖြစ်သော်လည်း ဆူးမရှိပါ။ အဝေးကကြည့်လည်း လှပါသည်။

2 comments:

တေလေ said...

ဝိုး ငါညီမိုက်တယ်ဟ တကယ်ပြောတာ ခေါင်းစဉ်မှာ ကောင်လေးဆိုတာထက် ကောင်လို.တစ်လုံးတည်းထည့်လိုက်ရင် ပိုဂွတ်မလားလို. စဉ်းစားမိတာပါ

Anonymous said...

စာသားတွေကတော့လန်ထွက်ပြီးပျံတတ်နေတာပဲ မှောင်လေးရေ အရမ်းမိုက်တယ် (မလင်းဘူး)