Monday, December 28, 2015

amor fati



ဆောင်းတွင်းမှာ
ဒီအချိန်ဆို ပန်းတွေပွင့်တယ်
ထာဝရမောင်းနှင်နေတဲ့ မြို့ပတ်ရထား
ဒီဘူတာရောက်တိုင်း ငါခုန်ဆင်းမိတယ်။
ရေခဲပန်းတွေ တလှပ်လှပ်
အအေးဓာတ်ကို ငါရှုရှိုက်လို့
မှောင်ထဲဆက်လက်တိုး
ငါ့ ခြေလက်တွေ ထိန်းမရအောင် ကခုန်လျှက်
ရယ်မောခြင်းကို ငါတပ်မက်တယ်။
မနက်ဖြန်မှာ အပျော်တွေရှိမယ်
နွေဦးမှာ အားလုံးတည်ငြိမ်
နောက်ကို ပြန်လှည့်ကြည့်တိုင်း
ရင်ခုန်ခြင်းကို မြင်ရလိမ့်မယ်။
ကြောက်ရွံ့ခြင်းကင်းမဲ့
ထာဝရမောင်းနှင်နေတဲ့ မြို့ပတ်ရထားပေါ်
ငါတို့ လက်ဖက်ရည်အတူသောက်ရင်း
ကံတရားကို ရယ်ရယ်မောမောနဲ့
ပွေ့ဖက်ကြမယ်။

28 December 2015
အာကာကျော်

Tuesday, May 26, 2015

ပုဂံခေတ်နိုင်ငံရေးသမိုင်း စာအုပ်သုံးသပ်ချက်

ပုဂံခေတ်နိုင်ငံရေးသမိုင်း
သန်းထွန်း M.A., B.L., Ph.D., D.Lit. (London)
Plastic Rainbow Book Publication
ဇူလိုင် ၂၀၀၅
၁၅၀၀ ကျပ်

စာအုပ်အဖုံးက လှတယ်။ အနီ၊ အပြာ၊ နဲ့ အဖြူရောင် သုံးထားလို့ ၂၀၀၅ ခုနှစ်တုန်းက ရှိနေသေးခဲ့တယ် ဗမာနိုင်ငံအလံဟောင်းကို ထင်ဟပ်တယ်။ ပြောချင်တာက ပုဂံသမိုင်းဟာ နောက်ပိုင်းဗမာပြည်မှာ ကြီးစိုးလာမယ့် မြန်မာလူမျိုးတွေရဲ့ အကြောင်းပဲ။ စာအုပ် အရွယ်အစားနဲ့ တန်ဖိုးကလည်း သင့်တင့်တယ်။ အပေါ်ယံတွေ အသာထားပြီး အတွင်းက အရေးကြီးတာတွေ ပြောပါမယ်။ ပုဂံအကြောင်း အထက်တန်းကျောင်းမှာကတည်းက ထပ်ခါတလဲလဲ ကြားဖူးနေပြီးသားပဲ၊ နောက်ထပ် ဖတ်စရာ လိုသေးလို့လား။ ပျူစောထီး ပုဂံမှာရှိတဲ့ ရန်သူကြီးတွေကို နှိမ်နင်းပြီး ပုဂံမင်းဆက် တည်ထောင်တဲ့ အကြောင်းတွေ သိပြီးသားပဲ၊ ဒီစာအုပ်ထဲမှာ ဘာများ ထွေထွေထူးထူးဖတ်စရာ ရှိလို့လဲ။

မနေ့က ပို့စ်မှာ ရေးထားတဲ့အတိုင်း ဒီကိစ္စကို အမှာစာကတည်းက ဒေါက်တာသန်းထွန်းက ရှင်းထားတယ်။ သမိုင်းသုတေသနဆိုတာ အမြဲတမ်း အသစ်တွေ ရှာနေတာမဟုတ်၊ "သူများ မှားနေတာကို ပြင်မယ်၊ သူများ မသိလို့ချန်ခဲ့တာကို ဖြည့်မယ်" လို့ ပြောပါတယ်။ ဒါဆိုရင် ကိုယ်တွေ သိထားတဲ့ ပုဂံသမိုင်းက မှားနေလို့လား။ လုံးဝ တက်တက်စင်အောင် လွဲနေတာတော့ မဟုတ်ပါ။ အရေးကြီးတာက သမိုင်းနဲ့ ပုံပြင်ကို ခွဲခြားနိုင်ဖို့ပါပဲ။ "တွေ့တဲ့အတိုင်းရေးမယ်။ ဂတိမလိုဖို့ အားမနာဖို့ပဲ အရေးကြီးတယ်။ အကြွားအဝါတွေ၊ ပေါတောတောတွေထည့်မပြောဖို့ အရေးကြီးတယ်" လို့ ပြောထားပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ ပုဂံအကြောင်း စာအုပ်တွေသာမက သမိုင်းစာအုပ်တွေမှာပါ အထောက်အထားမရှိဘဲ ရမ်းသန်းရေးနေကြတာတွေ များတယ်၊ ဒါတွေကို ပြင်ဖို့လိုအပ်တယ် ထင်လို့ ဒီစာအုပ်ကိုထုတ်တယ်လို့ ယူဆပါတယ်။

Monday, May 25, 2015

ပုဂံခေတ်နိုင်ငံရေးသမိုင်း၊ ဒေါက်တာသန်းထွန်းနဲ့ သုတေသနလုပ်ငန်း

နွေရာသီကျောင်းပိတ်လို့ ရန်ကုန် ပြန်ရောက်ရောက်ချင်းပဲပထမဆုံးကိုင်ဖြစ်တဲ့ စာအုပ်ကဒေါက်တာသန်းထွန်းရဲ့ ပုဂံခေတ် နိုင်ငံရေးသမိုင်း ပဲ။ သုံးခဲ့ဖူးသမျှ ၁၅၀၀ ကျပ်ထဲမှာအတန်ဆုံးပဲလို့ ပြောချင်တယ်။ ၂၀၁၂ လောက်တုန်းကပုဂံကိုလေ့လာရေးခရီးမသွားခင် တစ်ခေါက်ဖတ်ခဲ့ဖူးပေမယ့် ဒီစာအုပ်ရဲ့ တန်ဖိုးကိုအသေအချာနားမလည်ခဲ့ဘူးလို့ ဆိုနိုင်တယ်။

အမှာစာက ဒီစာအုပ်ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးအပိုင်းဖြစ်မယ်။ အမှာစာထဲမှာဒေါက်တာသန်းထွန်းဒီစာအုပ်ကိုဘာကြောင့် ရေးသလဲ၊ သူ့ရဲ့ သုတေသနခံယူချက်ကဘာလဲ၊ သုတေသနဘယ်လိုလုပ်သလဲဆိုတာတွေကိုတွေ့ရတယ်။ အမှာစာအဖွင့်မှာကတည်းကဦးကိုကိုကြီးကဒေါက်တာသန်းထွန်းကိုပြောတဲ့ မှတ်ချက် “ဟေ့ ကိုသန်းထွန်းခင်ဗျားကံကောင်းတယ်။ ပုဂံကိုနောက်တစ်ခေါက်သွားဖို့ မလိုတော့ဘူး” ဆိုတဲ့ စကားနဲ့ စထားတယ်။ ဦးကိုကိုကြီးသူ့ကိုဒီစကားဘာကြောင့် ပြောသလဲ။ ဒီအပိုင်းဟာသုတေသနလုပ်ငန်းကိုစိတ်ဝင်စားတဲ့ သူတိုင်းစဉ်းစားစရာ ဖြစ်တယ်။ တစ်နည်းအားဖြင့် ဦးကိုကိုကြီးရဲ့ မှတ်ချက်ဟာဒေါက်တာသန်းထွန်းတစ်ယောက်ထဲကိုဦးတည်တာမဟုတ်၊ သမိုင်းနဲ့လူမှုဗေဒဆိုင်ရာသုတေသနလုပ်ငန်းတစ်ခုလုံးကိုပါ ဦးတည်တာဖြစ်တယ်။ ပြောချင်တာကပုဂံငလျှင်ကြီးလှုပ်တာသုတေသီတွေအတွက် ကံကောင်းတယ်၊ ပုဂံကိုနောက်တစ်ခေါက်သွားမလိုတော့ဘူးလို့ ပြောချင်တာ။ ဒီစကားထွက်လာတဲ့ မူလအကြောင်းအရင်းကိုဒေါက်တာသန်းထွန်းစဉ်းစားကြည့်ထားတဲ့ အကြောင်းငါးချက်ကိုအောက်မှာ ကြည့်ပါ။

Saturday, July 19, 2014

ကမ္ဘာမြေမှ ပေးစာများ (၂)

စေတန်၏ ပေးစာ

ဒီနေရာ(ကမ္ဘာမြေ)က သိပ်ထူးခြားတယ်။ စိတ်ဝင်စားဖို့လည်း သိပ်ကောင်းတယ်။ အိမ်(ကောင်းကင်ဘုံ) နဲ့ တူတာ နည်းနည်းလေးတောင် မရှိဘူး။ လူတွေ၊ အခြားတိရစ္ဆာန်တွေ၊ ကမ္ဘာကြီးတစ်ခုလုံး၊ သဘာဝတရားကြီးတစ်ခုလုံးက သွပ်သွပ်ခါပဲ။ လူသားကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ။ အတော်ဆုံးဆိုရင် ကြေးတံဆိပ် တမန်တော်လောက်ရှိတယ်။ အညံ့ဆုံးကတော့ ပြောချင်စရာ၊ တွေးချင်စရာတောင် မကောင်းဘူး။ အတော်ဆုံးရော အညံ့ဆုံးရော အားလုံးက ဟာသချည်းပဲ။ အဲဒါတောင်မှ သူက ခပ်တည်တည်နဲ့ "ဘုရားသခင်ရဲ့ အမွန်မြတ်ဆုံးလက်ရာ" သူ့ကိုယ်သူ ခေါ်သေးတယ်။ ကျုပ်ပြောနေတာ အမှန်တွေချည်းပဲ။ အဲသလိုခေါ်ကြတာလည်း အခုမှ မဟုတ်ဘူး။ ဟိုးရှေးကတည်းက ခေတ်အဆက်ဆက် အဲသလိုပြောပြီး အဲသလိုယုံကြည်ခဲ့တာ။ ဘယ်သူမှလည်း ရယ်စရာကောင်းတယ်လို့ မထင်ကြဘူး။

နောက်ပြီးတော့ ထပ်ပြောရရင် သူက သူ့ကိုယ်သူ ဖန်ဆင်းရှင်ရဲ့ အချစ်တော်လို့ ထင်နေတယ်။ ဖန်ဆင်းရှင်က သူ့အတွက်နဲ့ ဂုဏ်ယူတယ်လို့ ယုံကြည်ထားတယ်။ ဖန်ဆင်းရှင်က သူ့ကို ချစ်တယ်လို့တောင် ထင်နေသေးတယ်။ တစ်ညလုံးသူ့ကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေတယ်လို့တောင် ထင်နေတာ။ ညတိုင်း ဖန်ဆင်းရှင်ကို ဝတ်ပြုတယ်၊ ဟိုက ကြားရတယ်လို့လည်း ထင်နေတယ်။ အူကြောင်ကြောင် မနိုင်ဘူးလား။ ဝတ်ပြုရင်လည်း ရွံဖို့ကောင်းလောက်အောင် ဖန်ဆင်းရှင်ကို ဖားပြီး ချွဲတယ်။ ဖန်ဆင်းရှင်က အဲဒါမျိုးကြီးကို သဘောကျတယ်လို့ ထင်နေတာ။ အကူအညီတောင်းတယ်၊ နားပူနားဆာလုပ်တယ်၊ စောင့်ရှောက်ဖို့ပြောတယ်။ နေ့တိုင်းပဲ။ သူဆုတောင်းသမျှ တခါမျှ မပြည့်တာတောင်မှဘဲ မျှော်လင့်ချက်အပြည့်နဲ့ ယုံယုံကြည်ကြည်နဲ့လုပ်တာ။ နေ့တိုင်း နေ့တိုင်း မအောင်မြင်တာတောင်မှ အရင်လိုပဲ ဆက်ပြီး ဝတ်ပြုနေတုန်းပဲ။ ဒီဇွဲကိုတော့ တော်တယ်လို့တောင် ပြောရလောက်တယ်။ နောက်တစ်ခု ပြောလိုက်ဦးမယ်။ သူက သူ့ကိုယ်သူ ကောင်းကင်ဘုံ ရောက်မယ်လို့ ထင်နေတာဗျား။

သူ့ကို အဲဒါတွေပြောတဲ့ ခလစား ဆရာတွေ ရှိတယ်။ အဲဒီဆရာတွေက ငရဲပြည်ဆိုတာတွေ၊ ထာဝရ လောင်နေတဲ့ မီးဆိုတာတွေ ရှိတယ်လို့ သူ့ကိုပြောတယ်။ ပြီးတော့ ပဥာတ်ချက်တွေကို မလိုက်နာရင် အဲဒီကို သွားလိမ့်မယ်လို့ ပြောတယ်။ ပဥာတ်ချက်ဆိုတာ ဘာတွေလဲ။ သူတို့က စိတ်ဝင်စားဖို့ သိပ်ကောင်းတာပဲ။ ကျုပ်နောက်မှ သူတို့အကြောင်း နည်းနည်းချင်း ထပ်ပြောဦးမယ်။

(ဆက်ရန်)
* Mark Twain ၏ Letters From The Earth ကို ဘာသာပြန်သည် *

Friday, July 18, 2014

ကမ္ဘာမြေမှ ပေးစာများ (၁)

ဖန်ဆင်းရှင် ပလ္လင်ပေါ်မှာထိုင်ပြီး စဉ်းစားနေတယ်။ သူ့နောက်မှာက အဆုံးမရှိတဲ့ ကောင်းကင်ဘုံ၊ အရောင်တွေ လင်းလက်လို့။ သူ့ရှေ့က အမှောင်မည်းမည်း အာကာသ ဟင်းလင်းပြင်က နံရံတစ်ခုလို။ သူ့ရဲ့ မြင့်မားလှတဲ့ မျှော်စင်ကြီးက တောင်ကမ်းပါးရံတစ်ခုလို အပေါ်ကို ထိုးဖောက်လျှက်။ သူ့ရဲ့ ဦးခေါင်းတော်က အဝေးက မြင်နေရတဲ့ နေမင်းကြီးကို အလျှံငြီးငြီးနဲ့။ သူ့ခြေထောက်နားမှာတော့ ဧရာမ မြင့်မားလှတဲ့ တမန်တော်ချုပ် သုံးဦး။ သူနဲ့ယှဉ်လိုက်ရင်တော့ အမြင့်က ခြေမျက်စိလောက်ထိပဲ ရှိတယ်။

ဖန်ဆင်းရှင် စဉ်းစားလို့ ပြီးသွားတာနဲ့ "ငါကိုယ်တော် စဉ်းစားလို့ပြီးပြီ၊ ရှုစားလော့!" လို့ ပြောလိုက်တယ်။

သူ့လက်ကို မြှောက်လိုက်တယ်။ အဲဒီကနေ နေမင်းတစ်သောင်းစာလောက်ရှိတဲ့ မီးတောက်တွေ ရေပန်းလို ထွက်ကျလာပြီး အမှောင်ထုကို လွှမ်းချုံသွားတယ်။ အလင်းရောင်က တဖြည်းဖြည်းနဲ့ ဟိုးအဝေးကြီးကို ပျံ့နှံ့သွားလိုက်တာ အမှောင်ထုဆိုတာ စကြာဝဠာရဲ့ မျက်နှာကြက်မှာ လက်နေတဲ့ စိန်ပွင့်ကလေးတွေလောက်ပဲ ကျန်တော့တဲ့ အထိပဲ။

တစ်နာရီအကြာမှာတော့ ဘုရားသခင်ရဲ့ ညီလာခံကို ရပ်နားလိုက်တယ်။

တမန်တော်ချုပ် သုံးယောက်လုံး ညီလာခံကနေ တအံ့တသြဖြစ်ပြီး စဉ်းစားစရာတွေနဲ့ ပြန်လာကြတယ်။ လွတ်လွတ်လပ်လပ် ရှိမယ့်နေရာကိုပေါ့။ တစ်ယောက်ယောက်ကတော့ စပြီး စကားပြောစေချင်ကြပေမယ့် ဘယ်သူမှတော့ စပြီး မပြောချင်ကြဘူး။ အားလုံးက ဒီဖြစ်ရပ်ကို အင်မတန်ဆွေးနွေးချင်ပေမယ့် တခြားသူတွေ ဘယ်လိုထင်သလဲဆိုတာ မသိရသေးဘဲနဲ့တော့ ဘာမှမပြောချင်ကြဘူး။ ဒီတော့ ဘာမျှ မသက်ဆိုင်တဲ့ ရောက်တတ်ရာရာတွေ လျှောက်ပြောနေကြရင်း ဘယ်မျှမရောက်ဘဲ အချိန်ကုန်လာတယ်။ နောက်ဆုံးကျမှ တမန်တော် စေတန်က (သူ့မှာ အများကြီးရှိတဲ့) သတ္တိမွေးပြီး စပြောလိုက်တယ်။ "ကျုပ်တို့အားလုံး ဘာပြောချင်နေကြမလဲဆိုတာ အားလုံးအသိဘဲ။ ဒီတော့ အားလုံးသဘောတူရင် ဘာမှ ဟန်ဆောင်မနေဘဲ စလိုက်ကြရအောင်။" လို့ ပြောတယ်။

Thursday, July 17, 2014

လူ့အဖွဲ့အစည်း၏ ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သေးသော အမှန်တရား (မြင့်သန်း)

ဘရှင်အောင်သေတယ်။ ဒါကပြသနာမဟုတ်ဘူး။ လူအားလုံးသည် သေမျိုးဖြစ်သည်လို့ အယ်ရစ်တော်တလ်က မနေနိုင်မထိုင်နိုင်နဲ့ ယုတ္တိဗေဒရယ်လို့ဆိုပြီး၊ ခိုင်မာတဲ့အဆိုတစ်ရပ် ထုတ်ပြလိုက်ကတည်းက ဘယ်သူကမျှ အချိန်ကုန်ခံပြီး မငြင်းခဲ့လေတော့ လူမှန်ရင် သေချင်သည်ဖြစ်၊ မသေချင်သည်ဖြစ်စေ၊ သေတော့ သေနေကြရသေးတာပဲ။ သေတာဟာ ကိုယ်နဲ့မဆိုင်သလိုနေတဲ့သူတွေ၊ မသိချင်ယောင်ဆောင်နေတဲ့လူတွေ၊ သံသရာကိုမျှော်ကိုးပြီး ထီထိုးနေကြတဲ့လူတွေ။ ဘယ်လိုမျိုးဖြစ်ဖြစ်။ လူရယ်လို့ ပစ်ချခံထားလိုက်ကြရကတည်းက အကုန်သေကြရတော့တာချည်းပဲ။ ဒီတော့ ဘရှင်အောင်လည်း လူ့အဖြစ်ကနေ မတားနိုင် မဆည်းနိုင်နဲ့ သေလိုက်ရတော့တယ်။ ပြောခဲ့ပြီးတဲ့အတိုင်း ဒါက ပြသနာမဟုတ်ဘူး။ ပြသနာက သင်းရဲ့ အသုဘကိုလာတဲ့လူတွေက ပြသနာ။ မသေနိုင်ကြသေးတဲ့ လူတွေကသာ ပြသနာ။

ဘရှင်အောင်က မကြောင့်မကျနဲ့ သေရတာပါ။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့နဲ့ သေရတယ်ဆိုရင်တော့ သနားစရာလို့ ပြောရမှာပဲ။ ပြောလည်းပြောကြတယ်။ ဒီတော့လည်း မကြောင့်မကြနဲ့သေရတဲ့ ဘရှင်အောင် သေတာဟာ ဝမ်းနည်းစရာ သိပ်မရှိဘူး။ သိပ်မရှိဘူးဆိုလို့ နည်းနည်းသနားစရာလို့လည်း ပြောမဖြစ်ပြန်ဘူး။ သနားတာဟာ သနားတာပဲ။ သနားတယ်ဆိုတာက ပဲကြီးလှော်ဝယ်သလို အနည်း၊ အများ တွက်လို့ရတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မပြောချင်ဘူး။ ဘရှင်အောင်က သနားစရာကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ တကယ်တမ်းမှာတော့ သနားတယ်ဆိုတာက ပျော့ညံ့တဲ့လူတွေမှာ ဖြစ်တတ်တဲ့စိတ်မျိုး။ ကျွန်တော့်ကိုယ် ကျွန်တော်က ပျော့ညံ့စိတ်မထားမိအောင် နေတယ်။ သနားစိတ်မရှိအောင်နေတယ်။ ဘရှင်အောင်နဲ့ကြတော့ သနားသလိုဖြစ်မိတယ်။ မင်းဆွေကတော့ သနားစိတ်ပေါ်ပုံမရဘူး။ ဘရှင်အောင်အကြောင်း ပြောကြတိုင်း ဒီကောင်က ညံ့လည်းညံ့ပါတယ်လို့ပြောတယ်။ တစ်ခါတလေတော့ ဘရှင်အောင်ဘက်က တွေးမိပြီး စိတ်နာနာနဲ့ မင်းဆွေက ပြောသေးတယ်။ ဒီကောင်မှ သူ့အဖေ ခြေရာနင်းတဲ့အကောင်လို့ပြောတယ်။ အဖေခြေရာနင်းတဲ့သား မြတ်တယ်၊ ဘာတယ် ညာတယ်လို့ လူတွေကတော့ ပြောတာပဲ။ ဒီနေရာမှာတော့ မဖြစ်နိုင်ဘူး။ သူ့အဖေလည်း သူ့လိုပဲ။ ဒီတော့လည်း မင်းဆွေစကားနဲ့ ပြောရရင်၊ ဘရှင်အောင်က ခပ်ညံ့ညံ့ပဲလို့ ပြောရရုံပဲ။

Friday, July 12, 2013

PHAEDO / ပလေတို၏ ဖိဒလ ဇာတ်ထုပ် (၁)

ပလေတိုရဲ့ ဖီဒိုကို ဒုတိယအကြိမ်မြောက် ဖတ်ဖြစ်တယ်။ ပထမတစ်ခေါက်နဲ့ တစ်နှစ်တိတိ ခြားတယ်။ ကျွန်တော့်အထင် ပလေတိုရဲ့ စာမျိုးဟာ နှစ်တိုင်းနှစ်တိုင်း ပြန်ဖတ်ကြည်သင့်တဲ့ စာအုပ်မျိုးတွေလို့ ထင်တယ်။ ပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက် နားလည်ပုံချင်းသာကွာတာမဟုတ်ပဲ အသိသစ်တွေပါ ပိုပြီးရတာ တွေ့ရတယ်။ ဖီလိုဆိုဖီမှာ တခြားဘာသာရပ်တွေလို စာအများကြီး ဖတ်စရာမလိုဘဲ တစ်အုပ်ထဲကို အကြိမ်ကြိမ်ဖတ်ပြီး ထပ်ကာထပ်ကာစဉ်းစားလို့ရတာ ပျော်စရာတစ်ခုလို့ထင်တယ်။ အခု ဖီဒိုကို ဒုတိယအကြိမ် ဖတ်ပြီး ကိုယ်နားလည်မိသလောက် ပြန်ရေးကြည့်ထားတယ်။ အခုလိုရေးတာဟာ မဖတ်ရသေးတဲ့သူတွေကို ဒီဟာဒီလိုရှိတယ်ကွ ဆိုပြီး ဆရာလုပ်ချင်တာမဟုတ်ဘဲ ဖတ်ပြီးသားသူတွေနဲ့ နားလည်ပုံချင်း ဖလှယ်ချင်တာ ဖြစ်တာကြောင့် ဖီဒို မဖတ်ရသေးတဲ့သူတွေ အရင် ဖတ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


ဖီဒိုကို 360 ဘီစီလောက်မှာ ရေးတယ်လို့ ယူဆရတယ်။ ပလေတို ဒီစာတွေရေးတဲ့အချိန်မှာ ဆိုခရေးတီးက သေပြီးသွားပြီ။ ဇာတ်လမ်းက အေသင်သား မောင်ဖီဒို Phlius မြို့ရောက်နေတုန်း သူ့ကို ဆိုခရေးတီး သေသွားတဲ့အကြောင်း ဝိုင်းမေးကြလို့ ဖီဒိုက နောက်ကြောင်းပြန်တာပဲ။ ဆိုခရေးတီး မသေခင် နောက်ဆုံးအချိန်မှာ သူလည်းရှိနေတယ်။ ပြောရရင် ဒီ ဇာတ်ထုပ်က ဆိုခရေးတီးရဲ့ နောက်ဆုံးစကားတွေပဲ။ ဒီတော့လည်း ပြောကြတဲ့ အကြောင်းအရာက သေခြင်းတရားနဲ့ဆိုင်တဲ့ အကြောင်းတွေပဲ။ သေရတော့မယ် ဆိုတာတောင် သူငယ်ချင်းတွေနဲ့ သေခြင်းတရားအကြောင်း ဆွေးနွေးနေနိုင်တဲ့ ဆိုခရေးတီးဆိုတာ စံပြတွေးခေါ်ရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ ဆိုခရေးတီးရဲ့ စိတ်ဓာတ်နဲ့ ပညာအပေါ်ထားတဲ့ သဘောထားကို Apology မှာ ပိုပြီးတွေ့ရတယ်။ ထားတော့။ ဖီဒို အကြောင်းပဲ ပြောရအောင်။

Monday, July 8, 2013

ဖျားနေတယ်

ဖျားနေတယ်။ အခုလိုဖျားနာနေတော့လည်း ကိုယ့်မှာ ခန္ဓာကြီးကို လွယ်ထားရလို့ ဒုက္ခဆိုတာ လိုက်လာတာပါလားဆိုပြီး သဘာဝတရားကြီးကိုတောင် အပြစ်ဖို့ချင်သေးရဲ့။ အမှန်ကတော့ ကိုယ့်ဘာသာ မဆင်မခြင် သောင်းကျန်းပြီး ဖြစ်တာပါ။ သောက်စားမူးယစ်တာတွေ များတော့လည်း ဘယ်ခံနိုင်တော့မလည်း။ အခုလို ဖျားတိုင်း နောက်ဆို ကျန်းမာအောင် နေတော့မယ်ဆိုတဲ့ စိတ်ကူးဝင်မိတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမှာလည်း ကြောက်သေးတာကိုး။ အို၊ နာ၊ သေ ဘေး ပြေးမလွတ်ဘူးလို့ ပြောကြတယ် မဟုတ်လား။ သေပြီး ပြီးတာပဲကွာလို့ ကိုယ်တွေ တွေးကြည့်ထားသလို မှန်နေရင်တော့ အကြောင်းမဟုတ်၊ (သေတယ်ဆိုတာကလည်း တွေးကြည့်လို့ပဲရတာမျိုး) အဘိဓမ္မာဆရာများ ပြောသလို နောက်ဘဝဆိုတာတွေ ရှိနေမှ အခက်။ မသကာ လက်ဖက်ရည်ဆိုင်အိမ်သာမှာ ပက်ကျိသွားဖြစ်နေ ဘယ့်နှယ့် လုပ်မတုန်း။ ဖျားတဲ့ နာတဲ့အချိန် အဲဒါတွေ တွေးကြည့်ပြီးတော့လည်း ပူမိတတ်သေးတယ်။ ဒီတော့လည်း ငါ နောက်ဆို ဆင်ခြင်မှဆိုတဲ့ အတွေးမျိုးက ဝင်လာပြန်ရော။

ဆင်ခြင်တယ်ဆိုလို့ နောက်ဘဝ ပက်ကျိဖြစ်မယ့်အရေး တွေးပူပြီး ဝိပဿနာဥာဏ်စဉ်တွေ ဆင်ခြင်လိမ့်မယ်လို့ မထင်လိုက်နဲ့ဦး။ ဒါမျိုးက ပါရမီထက်သန်ပြီး ပညာဥာဏ်သမ္ဘာ အင်မတန်ရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုးမှ နားလည်နိုင်တာမျိုး။ ကိုယ်တွေ တတ်ထားတဲ့ ဆိုကရေးတီးသည် သေမျိုးဖြစ်သည် ဆိုတဲ့ လော့ဂျစ်လောက်နဲ့ ဘယ်ရမှာတုန်း။ ဒီတော့ကာ ကိုယ်ဆိုလိုတဲ့ ဆင်ခြင်ခြင်းဆိုတာ ဘာလဲ၊ ထပ်ရှင်းရပြန်တော့တယ်။

Monday, March 18, 2013

မြစ်

Immigration က ထွက်လာမလို့လုပ်တော့ သူကလက်လှမ်းပြတယ်။ ကျွန်တော်လည်း လက်ထောင်ပြလိုက်ပြီး ခဏစောင့်လို့ပြောလိုက်တယ်။ ကျွန်တော်နဲ့အတူတူ လေယာဉ်စီးလာတဲ့ တစ်ယောက်ကို နှုတ်ဆက်နေတာ။ ယဉ်ကျေးတဲ့ တိုင်းပြည်ကလူတွေက တစ်ယောက်ကိုတစ်ယောက် မနှုတ်ဆက်ပဲ လမ်းမခွဲကြဘူးမဟုတ်လား။ လေးစားတဲ့သဘော၊ အသိအမှတ်ပြုတဲ့သဘော၊ ယဉ်ကျေးမှုဆိုတာကို နားလည်ပါတယ်လို့ ပြတဲ့သဘောပဲ။ နှုတ်ဆက်ပြီးတော့ ထွက်လာတော့ သူက လမ်းလျှောက်လာပြီး ပြုံးစိစိနဲ့ပြောတယ်။ နင်ဒီအင်္ကျီဝတ်တုန်းပဲလားတဲ့။ သူပြောတော့မှပဲ သတိထားမိတယ်။ အခုဝတ်လာတာ မနှစ်က သူလက်ဆောင်ဝယ်ပေးတဲ့ အင်္ကျီ။ ငါကနင့်လို သူဌေးသမီးမဟုတ်တော့ ဒီလိုဈေးကြီးတဲ့ အင်္ကျီမျိုး အများကြီးမဝယ်နိုင်ဘူး။ ခဏခဏ ပြန်ပြန်ဝတ်ရတယ်။ လို့ ပြောလိုက်တော့ သူက ရယ်တယ်။ နောက် ကျွန်တော်ကပဲ နင်အရပ်ရှည်လာတယ် လို့ပြောလိုက်တယ်။ သူက မျက်စောင်းထိုးကြည့်ပြီးတော့ လျှာမရှည်နဲ့ သွားမယ်ဆိုပြီး လှည့်ထွက်လာတယ်။ ကျွန်တော် ရယ်ပြီး သူ့နောက်ကို လိုက်သွားတယ်။ သူနဲ့ ယှဉ်ပြီးလျှောက်ရင်းနဲ့ သူ့ကို ဘာနဲ့သွားကြမှာလဲ၊ တက္ကဆီနဲ့လား လို့မေးလိုက်တော့ သူက ငါ့မှာ ကားပါတယ်ဆိုပြီး ကြွားတဲ့သဘောနဲ့ ကားသော့ကို လက်ညှိုးမှာလှည့်ပြတယ်။ ကျွန်တော်က အော် နင်တောင် ကားမောင်းတတ်ပြီကိုး၊ ယာဉ်ထိန်းရဲတွေ အလုပ်များတော့မှာပဲလို့ ပြောလိုက်တော့ သူက ရယ်တယ်။ ကျွန်တော်က အမြဲသူ့ကို ဒီလိုပဲ စ,နေကြ။ နင်ဟာလေ လို့ ပြောပြီး ဘာမှဆက်မပြောဘူး။ ပြီးတော့မှ ဟိုမှာရောက်ပြီလို့ ပြောပြီး ခပ်လှမ်းလှမ်းက အနက်ရောင် ကားတစ်စီးကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်လည်း အိတ်ကို ကားနောက်ခန်းမှာထည့်ပြီး အရှေ့ခန်းမှာ ဝင်ထိုင်လိုက်တယ်။

ကားမောင်းလာတော့ အရှေ့ခန်းမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး မြို့က လမ်းတွေကို ငေးကြည့်နေမိတယ်။ ပြီးမှ သူ့ကိုလှည့်မကြည့်ပဲ အန်ကယ်တို့ကော နေကောင်းရဲ့လားလို့ မေးလိုက်တယ်။ သူက အင်း လို့တိုတိုပဲ ပြန်ဖြေတယ်။ သူ့ကိုလှည့်ကြည့်တော့ ကားမောင်းတဲ့ လမ်းမှာ အာရုံစိုက်နေတဲ့ပုံပဲ။ မောင်းလေ့မရှိသေးတဲ့သူတွေ မောင်းတဲ့ပုံစံမျိုး။ ကျွန်တော်လည်း ဒက်ရှ်ဘုတ်ထဲမှာတွေ့ကို စီဒီတစ်ချပ်ကို ထည့်ကြည့်လိုက်တယ်။ The Beatles အယ်လ်ဘမ်တစ်ချပ်ပဲ။ ကျွန်တော်ကြိုက်တတ်မှန်းသိလို့ သူတမင်ထည့်ထားတာဖြစ်မယ်။ သူက အမြဲတမ်း အလုပ်လုပ်ရင် အဲလို ကြိုတွေးပြီး လုပ်နေကြ။ သူ့အမေဆီက ရတဲ့ အမွေလို့ဆိုရမယ်။ သူ့အမေကြီးက စီးပွားရေးသမား။ အောင်မြင်တယ်၊ ကွက်ကျော်မြင်တတ်တယ်။ အရာရာဟာ အကျိုးကြောင်းသင့် စီစဉ်တကျ ဖြစ်နေတယ်ဆိုတာကို လက်ခံထားတဲ့ လူစားမျိုး။ ကျွန်တော်လည်း သီချင်းနားထောင်ရင်း မြို့ကိုငေးကြည့်နေတယ်။ မြို့ကတော့ ဘာမှမပြောင်းလဲဘူး။ ဒီလမ်းတွေ ဒီအရောင်တွေပဲ။ ကျွန်တော်က သူတို့မြို့ကို တစ်နှစ်တစ်ခါလိုလို လာနေကြ။ ရန်ကုန် နွေအပူဒဏ်ကို ရှောင်တဲ့သဘောရယ်၊ အပန်းဖြေခရီးထွက်တဲ့သဘောမျိုးရယ်ပဲ။ လာရင်လည်း အမြဲတမ်းသူတို့အိမ်မှာပဲ တည်းတယ်။ အဖေက သူ့အဖေကြီးနဲ့ ရင်းနှီးတယ်။ ကျွန်တော် ခရီးထွက်ချင်တယ်ပြောတော့ အဖေက သူတို့ အိမ်မှာတည်းကွာဆိုပြီး လမ်းညွှန်ပေးလိုက်တာ။ နောက်နှစ်တွေကျတော့လည်း သူတို့အိမ်နဲ့ ရင်းနှီးသွားတော့ အဖေပြောစရာတောင် မလိုတော့ဘဲ အဲဒီမှာပဲ တည်းဖြစ်သွားတယ်။

Wednesday, March 13, 2013

On Death

“When we are, death is not come, and, when death is come, we are not.”
-Epicurus, Letter to Menoeceus

Death is one of the most mysterious things on the universe. It is asked by many people and many thinkers but a certain answer is never known. There are many questions left unanswered in curious minds of human. What is death like? Is there life after death? What will happen if you die? Do you suffer death or do you suffer just pain? Now, I will try to explore the most important questions about death in this paper. Is there life after death? My response will be “No”. I believe there is no life after death.

I even find the question itself is somewhat ridiculous. If we take the meaning of “death” in common sense, it means “the end of life.” Therefore, the question become “Is there life after the end of life?” (Rosenberg, 30) The answer will be obviously no. It is like saying “What happens in the movie after it ends?” which is nonsense. Even if we change the question to something like “Do I have life after death?” or “Will I live after death?” it is still a nonsense question. Therefore, we need to clarify the notions “I” and “death”. What do they exactly mean? What exactly is a person? How do we define death?

Tuesday, March 12, 2013

Commanding Heights


အမှတ်တမဲ့ဆို အင်မတန် ပျင်းဖို့ကောင်းတဲ့ စာအုပ်လို့ ထင်ချင်စရာပဲ။ ထူကလည်း အထူကြီး။ ဘာသာရပ်ကလည်း Political Economy ဆိုတော့ scholar တွေအတွက်ပဲ ရေးထားတယ်လို့ ထင်မှာပဲ။ ဒါပေမယ့် တစ်ရက်လောက် အချိန်ပေးဖတ်လိုက်တော့ အရသာ တွေ့သွားတယ်။ Academic တွေသာ အဖတ်များတယ်ဆိုပေမယ့် သာမန် လူပိန်းနားလည်အောင် ကောင်းကောင်းရေးထားတယ်။ ဟော့ကင်းရဲ့ နာမည်ကြီးတဲ့ Brief History of Time လိုမျိုး ဒီစာအုပ်မှာ သမိုင်းကို သက္ကရာဇ်တွေနဲ့ မရှုပ်ထွေးအောင်၊ စီးပွားရေးကို ကိန်းဂဏန်းတွေနဲ့ မျက်စိ မနောက်အောင် ရေးထားတယ်။ ဖတ်ရတာ အရမ်းကြီး မလေးသလို ပေါ့ရွှတ်ရွှတ် အပေါ်ယံတွေချည်းပဲလည်း မဟုတ်ဘူးရယ်။

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး ဘယ်လို ပြောင်းလဲသလာပြီးတော့ အခုအခြေအနေထိ ဘယ်လို ဖြစ်လာသလဲဆိုတာ ခြေရာခံထားတယ်။ ဒီစာအုပ်မှာ ထူးခြားတာက သမိုင်းကို personal level အထိ လျှော့ချထားတာပဲ။ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရာမှာ နိုင်ငံရဲ့ခေါင်းဆောင်တွေ၊ policy maker တွေရဲ့ အရေးကြီးပုံကို တွေ့နိုင်တယ်။ ဖတ်ရတဲ့ အခန်းတိုင်းမှာ အဓိကဇာတ်ဆောင်တွေက အဲဒီခေါင်းဆောင်တွေပဲ။ သူတို့ရဲ့ နောက်ကြောင်းတွေ သူတို့ကို လွှမ်းမိုးတဲ့ ideology တွေ အကြောင်းပဲ ရှင်းပြသွားတယ်။ ဒီထဲမှာ တစ်ခု သတိရမိတာက အပြောင်းအလဲတစ်ခု (ဥပမာ တော်လှန်ရေးတစ်ခု ဆိုပါတော့) စဖြစ်ဖို့ရာ လိုအပ်ချက် သုံးခုရှိတယ်။ Idea ရယ်၊ စလုပ်မယ့် “လူ” ရယ်၊ အဲဒီသူ စ,နိုင်ဖို့ လုံလောက်တဲ့ ပတ်ဝန်းကျင် အခြေအနေရယ်ပဲ။ အဲဒီ သုံးခုစလုံး ပြည့်စုံမှသာ အပြောင်းအလဲဖြစ်ဆိုတာ ဖြစ်နိုင်တယ်။

Norwegian Wood


ဗမာဘာသာပြန် ရှိတယ်ကြားတယ်။ စဉ်းစားမရတာက ဘာကြောင့် “နော်ဝေတောအုပ်” လို့ ဘာသာပြန်ရတာလည်း ဆိုတာပဲ။ Wood ကို မြင်လို့ “တောအုပ်” လို့ ဆိုချင်ရင်တောင် “woods” ဆိုပြီး s ပါမှ တောအုပ်ဆိုတာ သိသင့်တယ် ထင်တာပဲ။ စာအုပ်ထဲမှာတော့ နော်ဝေးအကြောင်း တောအုပ်အကြောင်း တစ်လုံးတစ်စတောင် မပါဘူး။ Beatles ရဲ့ သီချင်း Norwegian Wood ကိုပဲ ရည်ရွယ်ပြီး ပြောထားတာပဲ။ အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်တော့ အငြင်းပွားနေကြတာ တွေ့ရတယ်။ တစ်ချို့က ဗြိတိန်က ဆင်းရဲတဲ့ အိမ်တွေမှာ သုံးတတ်တဲ့ နော်ဝေးကလာတဲ့ သစ်နဲ့လုပ်တဲ့ ပရိဘောဂ အညံ့စားကို ညွှန်းတာလို့ဆိုတယ်။ တစ်ချို့က ရေစိုလို့ မီးမစွဲနိုင်တဲ့ ထင်းကို ခေါ်တာလို့လည်း ပြောတယ်။ ဒီစာအုပ်ထဲမှာတော့ Beatles ရဲ့ သီချင်းကိုပဲ ညွှန်းထားတယ်။ နောက်ထပ် အဓိပ္ပာယ်ကောက်ချင်ရင်လည်း ရချင်ရမယ်။ သေချာတာတော့ ဘယ်နော်ဝေးပြည်က တောအုပ်ကိုမှ ပြောထားတာ မဟုတ်ဘူး။

ရုပ်ရှင်လည်း ပြန်ရိုက်ထားတယ်။ စာအုပ်ဖတ်ပြီးလို့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတဲ့ သူတွေကို မကြည့်နဲ့လို့ တိုက်တွန်းချင်တယ်။ ကိုယ့်မှာရှိထားတဲ့ ဇာတ်ကောင်တွေရဲ့ image တွေ ပျက်ကုန်လိမ့်မယ် (အထူးသဖြင့် Midori)။ စာအုပ်ကို ပြန်ရိုက်တဲ့ ရုပ်ရှင်တော်တော်များများ ဖြစ်လေ့ရှိတာပဲ။ နှစ်နာရီအတွင်း ပြီးပြည့်စုံအောင် မပြနိုင်လို့ထက် အစကတည်းက မရိုက်သင့်တဲ့ ဝတ္ထုလို့ ထင်တယ်။ ဒီစာအုပ်ရဲ့ အားသာချက်က ဝတ္ထုနဲ့ စာဖတ်သူ တိုက်ရိုက် communicate လုပ်နိုင်တာပဲ။ ဆိုလိုတာက စာဖတ်သူက ဇာတ်ကောင်တွေကတဆင့် ဇာတ်လမ်းကို ကြည့်နေရတာမျိုး မဟုတ်ဘူး။ ဖတ်တဲ့သူက ကိုယ့်ဇာတ်လမ်းကိုယ် ကြည့်နေရသလို ဖြစ်နေနိုင်တဲ့ ဝတ္ထုမျိုး။ အဲဒါမျိုးကို ရုပ်ရှင်ရိုက်ပြီး ထိုင်ကြည့်ရတာ သိပ်အရသာမရှိဘူး။ ရုပ်ရှင်မှာ မထည့်နိုင်တဲ့ အခန်းတွေ အများကြီးပဲ။ သရုပ်ဆောင်လည်း သိပ်မကောင်းဘူး။ မင်းသား၊ မင်းသမီး ချောတယ်ဆိုတာနဲ့ ရှုခင်းတွေလှတယ်လို့ပဲ အကောင်းပြောနိုင်တယ်။