ဗမာဘာသာပြန် ရှိတယ်ကြားတယ်။ စဉ်းစားမရတာက ဘာကြောင့် “နော်ဝေတောအုပ်” လို့ ဘာသာပြန်ရတာလည်း ဆိုတာပဲ။ Wood ကို မြင်လို့ “တောအုပ်” လို့ ဆိုချင်ရင်တောင်
“woods” ဆိုပြီး s ပါမှ တောအုပ်ဆိုတာ သိသင့်တယ် ထင်တာပဲ။ စာအုပ်ထဲမှာတော့ နော်ဝေးအကြောင်း
တောအုပ်အကြောင်း တစ်လုံးတစ်စတောင် မပါဘူး။ Beatles ရဲ့ သီချင်း Norwegian Wood ကိုပဲ
ရည်ရွယ်ပြီး ပြောထားတာပဲ။ အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်တော့ အငြင်းပွားနေကြတာ
တွေ့ရတယ်။ တစ်ချို့က ဗြိတိန်က ဆင်းရဲတဲ့ အိမ်တွေမှာ သုံးတတ်တဲ့ နော်ဝေးကလာတဲ့ သစ်နဲ့လုပ်တဲ့
ပရိဘောဂ အညံ့စားကို ညွှန်းတာလို့ဆိုတယ်။ တစ်ချို့က ရေစိုလို့ မီးမစွဲနိုင်တဲ့ ထင်းကို
ခေါ်တာလို့လည်း ပြောတယ်။ ဒီစာအုပ်ထဲမှာတော့ Beatles ရဲ့ သီချင်းကိုပဲ ညွှန်းထားတယ်။ နောက်ထပ်
အဓိပ္ပာယ်ကောက်ချင်ရင်လည်း ရချင်ရမယ်။ သေချာတာတော့ ဘယ်နော်ဝေးပြည်က တောအုပ်ကိုမှ ပြောထားတာ
မဟုတ်ဘူး။
ရုပ်ရှင်လည်း ပြန်ရိုက်ထားတယ်။ စာအုပ်ဖတ်ပြီးလို့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတဲ့
သူတွေကို မကြည့်နဲ့လို့ တိုက်တွန်းချင်တယ်။ ကိုယ့်မှာရှိထားတဲ့ ဇာတ်ကောင်တွေရဲ့
image တွေ ပျက်ကုန်လိမ့်မယ် (အထူးသဖြင့် Midori)။ စာအုပ်ကို ပြန်ရိုက်တဲ့ ရုပ်ရှင်တော်တော်များများ
ဖြစ်လေ့ရှိတာပဲ။ နှစ်နာရီအတွင်း ပြီးပြည့်စုံအောင် မပြနိုင်လို့ထက် အစကတည်းက မရိုက်သင့်တဲ့
ဝတ္ထုလို့ ထင်တယ်။ ဒီစာအုပ်ရဲ့ အားသာချက်က ဝတ္ထုနဲ့ စာဖတ်သူ တိုက်ရိုက် communicate လုပ်နိုင်တာပဲ။
ဆိုလိုတာက စာဖတ်သူက ဇာတ်ကောင်တွေကတဆင့် ဇာတ်လမ်းကို ကြည့်နေရတာမျိုး မဟုတ်ဘူး။ ဖတ်တဲ့သူက
ကိုယ့်ဇာတ်လမ်းကိုယ် ကြည့်နေရသလို ဖြစ်နေနိုင်တဲ့ ဝတ္ထုမျိုး။ အဲဒါမျိုးကို ရုပ်ရှင်ရိုက်ပြီး
ထိုင်ကြည့်ရတာ သိပ်အရသာမရှိဘူး။ ရုပ်ရှင်မှာ မထည့်နိုင်တဲ့ အခန်းတွေ အများကြီးပဲ။ သရုပ်ဆောင်လည်း
သိပ်မကောင်းဘူး။ မင်းသား၊ မင်းသမီး ချောတယ်ဆိုတာနဲ့ ရှုခင်းတွေလှတယ်လို့ပဲ အကောင်းပြောနိုင်တယ်။



