တချို့ကတော့ စာရေးဆရာ သေဆုံးသွားပြီလို့ ပြောကြတယ်။
ပြောချင်တာက စာပေအနုပညာတစ်ခုမှာ စာရေးဆရာက ရေးသားဖန်တီးပြီးတဲ့နောက်ပိုင်း စာရေးဆရာရဲ့ အခန်းကဏ္ဍဟာပြီးဆုံးသွားပြီဆိုတာပါ။ စာပေတစ်ခုကို ဖတ်ရှုတဲ့အခါမှာ အဓိပ္ပာယ်ဟာ စာဖတ်သူရဲ့ သိမြင်ရှုမှတ်မှုပေါ်မှာပဲ အခြေခံပြီး စာရေးသူနဲ့ မပတ်သက်တော့ဘူးဆိုတာပါ။ ဒယ်ရီဒါရဲ့ deconstruction အရ ဒီအဆိုကို ပြောကြတာထင်ပါတယ်။ ကျွန်တော်တို့ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို ဖတ်တဲ့အခါမှာ ကျွန်တော်တို့ဟာ စာရေးသူ ချပြထားတဲ့ ဇာတ်ကြောင်းကို ဖတ်ပေမယ့် ကျွန်တော်တို့ရဲ့ဘာသာစကားအနက်ပြန်မှု context ဟာ ကျွန်တော်တို့ လက်ဝယ်မှာပဲ ရှိနေတယ် ဆိုတာပါ။ ဘယ်သူမှ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ကို အစွဲကင်းကင်းနဲ့ မဖတ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ သိမှုတွေ၊ ယဉ်ကျေးမှုတွေ၊ ကျင့်ဝတ်တွေ ဘောင်အတွင်းကနေပဲ အနက်ပြန်ကြပါတယ်။ တကယ်လို့သာ လုံးဝအစွဲကင်းကင်းနဲ့ ဖတ်နိုင်ပြီဆိုရင်လည်း အဲဒီ စကားလုံးတွေဟာ အဓိပ္ပာယ်တစ်စုံတစ်ရာကို ကိုယ်စားမပြုနိုင်တော့ပဲ စာမျက်နှာပေါ်က၊ ဖန်သားပြင်ပေါ်က ဗျည်းနဲ့အက္ခရာတွေ အဖြစ်သာ မြင်ရပါလိမ့်မယ်။

