Saturday, May 8, 2010

ကျောက်ခဲပူစီပေါင်း (မြင့်သန်း)

နေရပ်ဟောင်းကို အလွန်အောက်မေ့တာ၊ လေးဘုံအပါယ်၊ လေးဘုံ အပါယ်ရွာထဲမှာ၊ နေမြဲသာ၊ များသည်သတ္တဝါ ။    ။
ကျိုက်လတ် ဦးပြုံးချို
“တေးဘုမ္မာ”။

ခပ်လှမ်းလှမ်းက လျှောက်လာတဲ့ အောင်ထွန်းကို ကျွန်တော်တို့ လှမ်းမြင်နေရတယ်။ ခင်မောင်က သူ့လက်နဲ့ ကျွန်တော့်ပခုံးကို လှမ်းပြီး တို့လိုက်ရင်း ဘာစကားမျှ မပြောဘဲ အောင်ထွန်းလာနေတဲ့ဘက်ကို အသာ မေးငေါ့ပြတယ်။ ကျွန်တော်ကလည်း ခေါင်းအသာညိတ်ပြလိုက်တယ်။ အောင်ထွန်းက လက်ဖက်ရည်ဆိုင်ရှေ့ဆီမှာရပ်ပြီး ဟိုဟိုသည်သည် ကြည့်နေပေမယ့် ဆိုင်ထဲက ကျွန်တော်တို့ကို တွေ့ပုံမရဘူး။ ကျွန်တော်တို့ကလည်း ဆိုင်ရဲ့ အတွင်းထဲက ထောင့်နားကလေးဆီမှာ ထိုင်နေတာ။ အောင်ထွန်းမှာ လွယ်အိတ်အနီ ဘယ်နှစ်လုံး ရှိသလဲ မသိဘူးလို့ ခင်မောင်က ပြောတယ်။ ဟုတ်တယ်။ အောင်ထွန်း လွယ်အိတ်အနီ လွယ်ထားလေ့ရှိတာ သတိထားမိပေတဲ့ ကျွန်တော့်အနေနဲ့တော့ သူ့ဘာသာ အနီ လွယ်လွယ် အစိမ်း လွယ်လွယ် ကျွန်တော်တို့နဲ့ ဆိုင်တယ်လို့ မထင်ဘူး။ ဒါကြောင့် သူ့ဘာသာ ဘာအရောင် လွယ်အိတ်လွယ်လွယ်၊ ဘယ်နှစ်လုံးရှိရှိ မင့်အပူလား။ အဲဒါမျိုးတွေကို လိုက်ပူနေပြီး အဖြေရှာနေလို့ကတော့ မင့်မှာ လေကိုရှူဖို့ အချိန်တောင်ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော်က ခင်မောင်ကို ပြောလိုက်တယ်။ ကျွန်တော်ပြောတာ သေသေချာချာ သူကြား မကြားတော့ မသိဘူး။ ခင်မောင်က လက်ဖက်ရည် လိုက်ချပေးတဲ့ ကောင်ကလေးကိုခေါ်ပြီး အောင်ထွန်းရှိရာကို လက်ညှိုးထိုးပြရင်း ဟိုလွယ်အိတ်အနီနဲ့ လူကို သွားခေါ်ပေးစမ်းပါလို့ ပြောနေတယ်။ မကြာခင် အောင်ထွန်း ကျွန်တော်တို့ ထိုင်နေတဲ့ စားပွဲဆီကို ရောက်လာတယ်။



သူ့ဘေးနားက ကုလားထိုင်အလွတ်ပေါ်ကို သူ့လွယ်အိတ်အနီကို အလျင် တင်လိုက်ပြီးမှ အနားမှာ ရပ်နေတဲ့ ကောင်ကလေးကို ကော်ဖီချိုချို ပြင်းပြင်းတစ်ခွက်လို့ ပြောပြီးမှာရင်း ထိုင်လိုက်တယ်။ ခင်မောင်က ကျွန်တော့်ကို လှည့်ကြည့်ရင်း တွေ့လား အောင်ထွန်းက လွယ်အိတ်တင် နီနေသေးတာမဟုတ်ဘူး၊ ကော်ဖီတောင် ချိုတုံး ပြင်းတုံးပဲလို့ ပြောတယ်။ ကျွန်တော်ကတော့ ပြုံးပြလိုက်တယ်။ ပြောမယ်ဆိုရင်တော့ ခုနက သူ့ကိုပြောတဲ့ စကားပဲ ထပ်ပြောနေရမှာ။ အောင်ထွန်းက မင်းတို့ စောရောက်နေသလားလို့ မေးတယ်။ လူဆိုတာ စောချင်စောမယ်၊ မစောရင် နောက်ကျတတ်တာပဲ။ စောတာနဲ့ နောက်ကျတာ အကြားမှာ လူတွေ အသက်ရှင်နေတာ မဟုတ်လားလို့ ကျွန်တော်က ပြန်ပြောလိုက်တော့ သူက ခေါင်းညိတ်ပြရင်း ဒီနေ့ မင်းတို့မှာ ဘာအစီအစဉ် ရှိသလဲလို့ ထပ်မေးတယ်။ ခင်မောင်က တို့ဘဝမှာ အစီအစဉ်မရှိဘဲ နေလာကြာတာ ကြာပေါ့လို့ ဝင်ပြောတယ်။ ကျွန်တော်က စားပွဲပေါ်က ဘာမုန့်တွေမှန်းမသိတဲ့ မုန့်ပန်းကန်ကို အောင်ထွန်းဘက် တိုးပေးလိုက်တယ်။ အောင်ထွန်းက စားပွဲအလယ်ကို ပြန်တွန်းလိုက်ရင်း ဟို သုံးကောင် ပါသွားပြန်ပြီလို့ ပြောတယ်။ ခင်မောင်က လန့်သွားပုံရတယ်။ ဘာ သွားလုပ်ကြပြန်သတုန်းလို့ မေးတယ်။ ထုံးစံအတိုင်းပေါ့လို့ အောင်ထွန်းကဖြေရင်း ကော်ဖီခွက် လာချတဲ့ ကောင်ကလေးလက်ထဲက ကော်ဖီခွက်ကို လှမ်းယူလိုက်တယ်။ ဒီကောင်တွေ သောက်မှတ်ကို မရှိဘူးလို့ ခင်မောင်က ကောက်ချက်ချတယ်။ ကျွန်တော်လည်း မနေနိုင်တော့လို့ ဝင်ပြီးပြောလိုက်မိတယ်။ တော်တော်ကြာ ပြန်ပေါ်လာပြီး ဒုံရင်း ရောက်သွားကြဦးမှာပဲ။ မုန့်လုံး စက္ကူကပ်၊ ကြာကလပ်မှာ ဆွမ်းတော်တင်ပဲ ပြန်ဖြစ်ပြီး ချာလည်လိုက်နေတာကလွဲလို့ ကမ္ဘာကြီးကတော့ ဒီအတိုင်း နေနေမှာပဲ။ ခင်မောင်ရော အောင်ထွန်းကပါ ခေါင်းညိတ်နေကြတယ်။ ကျွန်တော်ကပဲ ထပ်ပြီး ပြောလိုက်မိတယ်။ ခုနကတင် ငါ ခင်မောင့်ကို ပြောလိုက်သေးတယ်။ လောကမှာ ပူစရာ မှန်သမျှကို လိုက်ပူပြီး အဖြေရှာနေရရင်တော့ တို့မှာ လေရှူဖို့ အချိန်တောင် ရှိတော့မှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ခဏကြာအောင် သူတို့နှစ်ယောက်စလုံးက ဘာမျှ ပြန်မပြောကြလို့ ကျွန်တော်တို့ စားပွဲက အသံတိတ်နေတယ်။ တခြား စားပွဲက စကားသံတစ်ချို့ ကြားနေရတယ်။ ခပ်လှမ်းလှမ်းက စက်သံပြင်းပြင်းနဲ့ ကားတချို့ မောင်းသွားတာကို ကြာနေရတယ်။

မင်း ကဗျာရေးဖြစ်သေးလားလို့ အောင်ထွန်းကို ကျွန်တော်က မေးလိုက်မိတယ်။ အောင်ထွန်းက ချက်ချင်း မဖြေသေးဘဲ ကော်ဖီကို အရသာခံ သောက်နေတယ်။ ကျွန်တော်က ရှေ့နားဆီက စီးကရက်ဘူးနဲ့ မီးခြစ်ကို သူ့ဘက် တိုးပေးလိုက်တော့ သူက စီးကရက်တစ်လိပ်ထုတ်ပြီး မီးငြိတယ်။ ပြီးတော့မှ ရေးတော့ ရေးတာပဲ။ ကိုယ်ကလည်း ဒါကလေးပဲ လုပ်ချင်တာ မဟုတ်လားလို့ပြောပြီး စကားကို ရပ်လိုက်တယ်။ စီးကရက်ကို ထပ်ဖွာလိုက်ပြီးမှ အရင်ကလိုတော့ ရေးလို့သိပ်မကောင်းဘူးလို့ အဖြေပေးသလိုလိုနဲ့ ပြောတယ်။ ဘာလို့လဲလို့ ခင်မောင်က ဖြတ်မေးလိုက်တယ်။ ငါ့ကိုငါ ရှာမရသလိုပဲလို့ သူက ဖြေတယ်။ ငါတော့ မင်းပြောတာကို သိပ်သဘောမပေါက်ဘူးလို့ ခင်မောင်က ပြန်ပြောတယ်။ ငါလည်း သိပ်တော့ ရှင်းမပြတတ်ဘူးလို့ အောင်ထွန်းကပြောပြီး ကော်ဖီခွက် လှမ်းယူလိုက်တယ်။ ပြီးတော့ မင်း နည်းနည်း ရှင်းပြလိုက်စမ်းပါလို့ ကျွန်တော့်ကိုကြည့်ရင်း သူကပြောတယ်။ ဘာမှန်းတော့ မသိဘူး။ ကျွန်တော် ခေါင်းညိတ်ပြလိုက်မိတယ်။ ပြီးတော့မှ ငါ ကြားဖူးတာကတော့ ကဗျာရေးတဲ့လူ၊ စာရေးတဲ့လူ၊ ပန်းချီဆွဲတဲ့လူတွေဟာ ရေးဖို့၊ ဆွဲဖို့အကြောင်းတွေမှာ သိပ်ပြီး နစ်မြုပ်လာတဲ့အခါ သူတို့ဘာသာ ဘာကိုလုပ်ချင်မှန်း မသိတဲ့အနေအထားကို ရောက်သွားတတ်တယ်တဲ့။ အဲဒီအချိန်မှာ သူတို့ကိုသူတို့ ရှာမတွေ့တော့ဘူးတဲ့။ ငါ သိသလောက်တော့ ဒါပဲလို့ ပြောပြလိုက်တယ်။ အေလို့ ခင်မောင်ကပြောတော့ အောင်ထွန်းက မင်းလိုကောင်မျိုးမှာက ဒါမျိုး ဖြစ်စရာ မရှိပါဘူးလို့ ပြောလိုက်တယ်။ ခင်မောင်က ဝန်ခံတယ်။ ဟုတ်တယ်။ ငါ့မှာ အဲဒီပြဿနာမရှိဘူး။ ငါက ဘာသာပြန်တာ။ ငါက ဖန်တီးတာမျိုး မဟုတ်ဘူး။ ဒါပေတဲ့ မင်းကိုမင်း ရှာမရတဲ့အခါ မင်း ကဗျာရေးတာကို ဘယ်လို ထိခိုက်သလဲလို့ ထပ်မေးတယ်။ အောင်ထွန်းက ပခုံးတွန့်ပြရင်း သေချာတော့ မသိဘူးကွာ။ အဲဒီလို အခါမျိုးကျရင် ကဗျာရေးလို့ မထွက်တော့ဘူးလို့ ပြန်ဖြေတယ်။ ကဗျာရေးလို့ မထွက်ရင် မင်းဘာလုပ်သလဲလို့ ခင်မောင်က ထပ်မေးတယ်။ ရေးမရတဲ့အခါ မရေးဘူးပေါ့ကွာလို့ သူက သိပ်စိတ်မရှည်တဲ့အသံမျိုးနဲ့ ပြန်ဖြေတော့ ကျွန်တော်က ရယ်လိုက်မိတယ်။ ခင်မောင်က ကျွန်တော့်ကို လှည့်ကြည့်ရင်း မင်းက ဘာရယ်တာလဲလို့ မေးတယ်။ ရေးလို့မရတဲ့အခါ မရေးဘူးဆိုတာ ရှင်းနေတာပဲ။ မင်းက ဘာလို့ ထပ်ရှုပ်ချင်တာလဲလို့ ကျွန်တော်က ပြန်မေးလိုက်တော့ သူလည်း ဘာမျှမပြောတော့ဘူး။

အဲဒီတုန်းမှာပဲ လက်ဖက်ရည်ဆိုင်ထဲကို ဖိုးချို ဝင်လာတယ်။ ဖိုးချိုက ကျွန်တော်တို့ထက် ငယ်တယ်။ သုံးဆယ်သာသာကလေးပဲ ရှိဦးမယ်။ ဒါပေတဲ့ ဖိုးချိုနဲ့ပတ်သက်လို့ ကျွန်တော်တို့ အကြားမှာ ပြောစမှတ်တစ်ခု ရှိတယ်။ ဖိုးချိုလိုဖြင့်တော့ အကောင်းသားဆိုတဲ့ စကားပဲ။ ဖိုးချိုက တက္ကသိုလ်က ဘွဲ့ရတယ်။ မရခင်ကလည်း ဘာမျှမလုပ်ဘူး၊ ရတော့လည်း ဘာမျှမလုပ်ဘူး။ နောက်တော့ မိန်းမရတယ်။ အဲဒီလိုပဲ ဘာမျှမလုပ်ဘူး။ မိန်းမကိုလည်း သူက ရှာဖွေကျွေးနေစရာ မလိုဘူး။ နောက်တော့ မိန်းမနဲ့ ကွဲတယ်။ ကွဲလည်း ကွဲကွဲပဲ။ သူ့ ယောက္ခမတွေက သူတို့သမီးကို အပြစ်တင်တယ်။ ဖိုးချိုနဲ့ ကွဲရပါ့မလားဆိုပြီး အိမ်အလာမခံဘူး။ ဖိုးချိုအတွက်ကတော့ တံခါးမရှိ ဓားမရှိပဲ။ ခုချိန်ထိ ယောက္ခမတွေက ဖိုးချိုကို သား၊ သားနဲ့ရယ်။ ဖိုးချိုလုပ်တာကတော့ စာရေးသလိုလို၊ ကဗျာရေးသလိုလို၊ အရုပ်ဆွဲသလိုလိုပဲ။ သလိုလိုဆိုတာကိုတော့ ထပ်မရှင်းတော့ဘူး။ သလိုလိုပဲ။ စာရေးတဲ့ လူတွေအကြား၊ ကဗျာရေးတဲ့ လူတွေအကြား၊ အရုပ်ရေးတဲ့ လူတွေအကြားမှာ အဲဒီ သလိုလိုပေါင်း မြောက်မြားစွာနဲ့ မွေ့လျော်လို့ နေတော့တယ်။ ခေတ်ကာလကြီး ပြောင်းလဲတာနဲ့အတူ ကဗျာရေး တဲ့လူတွေက ဟောသလိုမျိုး ရေးကြတယ် ဆိုရင်လည်း အဲဒီအထဲ နည်းနည်းတော့ ပါလိုက်တာပဲ။ ပန်းချီဆရာတွေက ဒီလို ဒီလိုဆွဲပြီး ပြခန်းလေးဘာလေး တင်ကြတယ်ဆိုရင်လည်း ဖိုးချိုက တစ်ကားလောက်တော့ ပါလိုက်သေးတာပဲ။ သလိုလို ဂုဏ်ရည်ပေါင်း မြောက်မြားစွာနဲ့ ဖိုးချိုရဲ့ အပြောင်မြောက်ဆုံး အရည်အချင်းကတော့ မနေ့က ဒီနေ့နဲ့ မနက်ဖြန်ကို တစ်မျိုးတည်းလို့ သဘောထားပြီး နေနိုင်တာပဲ။ အဲဒီ ဖိုးချိုတစ်ယောက် ကျွန်တော်တို့ ထိုင်နေရာဆီ ရောက်လာတယ်။ ထိုင် ဟကောင်လို့ အောင်ထွန်းက ပြောလိုက်တာနဲ့ လွတ်နေတဲ့ ကုလားထိုင်မှာ ဝင်ထိုင်လိုက်တော့ အနားမှာလာရပ်နေတဲ့ လက်ဖက်ရည်ဆိုင်က ကောင်ကလေးကို ကျွန်တော်က ကြည့်လိုက်ရင်း ဖိုးချိုကို လက်ညှိုးထိုးပြလိုက်တယ်။ ဖိုးချိုက လက်ညှိုးထောင်ပြလိုက်တယ်။ အဲဒီတုန်းမှာတော့ ဘာသာစကားဆိုတာ အသံထဲမှာ မရှိသလို ဖြစ်သွားတယ်။

လမ်းမှာ ဟိုကောင်တွေနဲ့ တွေ့လို့ ဒီဆိုင်ထဲမှာ မြစ်ဆုံတုံးကြီးတွေ ရှိတယ်လို့ ပြောသွားတာနဲ့ ကျွန်တော် ဝင်လာတာလို့ ဖိုးချိုက ပြောတယ်။ တချို့ လူငယ်စာရေးဆရာ၊ ကဗျာဆရာတွေက ကျွန်တော်တို့တစ်သိုက်ကို မြစ်ဆုံတုံးကြီးတွေလို့ခေါ်တာ ကျွန်တော်လည်း ကြားဖူးတယ်။ သိပ်အသုံးမတည့်တော့ဘူး။ ထင်းဆိုက်ပစ်ရင်တောင် လွယ်လွယ်နဲ့ မီးမစွဲဘူးလို့ ပြောချင်ကြတာပဲ ထင်တယ်။ ရှေ့လူကို နောက်လူက ဒီလိုမြင်တာဟာ တရားပါတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အောင်ထွန်းက ပြုံးတယ်။ ကျွန်တော်လည်း ပြုံးလိုက်မိတယ်။ ခင်မောင်ကတော့ မပြုံးဘူး။ သူက အဲဒီလို အခေါ်ခံရတာကို သိပ်မကြိုက်လှဘူး။ ဒါတောင် သူက ဘာသာပြန်လေး ဘာလေးလောက် လုပ်တာ။ အောင်ထွန်းစကားနဲ့ ပြောရရင်ဖြင့် မင်းက ဘာသာပြန်တာပဲ။ စာရေးဆရာမှ မဟုတ်ဘဲ။ စာရေးဆရာဆိုတာက ဖန်တီးစာကို ရေးတာ။ ဘာသာပြန်တာက တခြားဘာသာစကားကို တခြား ဘာသာစကားတစ်ခုနဲ့ ပြန်ရေးတာ။ ဖန်တီးစာ ရေးသလို ဦးနှောက်အပြည့်သုံးပြီး ရေးရတာမှ မဟုတ်ဘဲလို့ ပြောတယ်။ မင်းက စာရေးဖို့ ဦးနှောက်သုံးပုံ တစ်ပုံပဲ သုံးရတဲ့အကောင်လို့လည်း ပြောတတ်သေးတယ်။ နောက်တဲ့အနေနဲ့ တစ်ခါတစ်လေ ခင်မောင့်ကို သူများ နင်းလာတဲ့ ဘိုင်စကယ်နောက်မြီးပေါ် အသာတက်လိုက်လာတဲ့ကောင်လို့လည်း အောင်ထွန်းက ခေါ်သေးတယ်။ အဲဒီလိုဆိုပြန်ရင်လည်း ခင်မောင်က မကြိုက်ပြန်ဘူး။ ခုလို မြစ်ဆုံတုံးကြီး စာရင်းထဲ ပါသွားတာလည်း သူ မကြိုက်လှဘူး။ ကျွန်တော်ကတော့ ခင်မောင်နဲ့ အောင်ထွန်းအကြားမှာ မတူတာ တစ်ခုပဲ မြင်တယ်။ ခင်မောင်က အတိတ်အကြောင်းပြောဖို့ အနာဂတ်ထဲမှာ သွားနေတာ။ အောင်ထွန်းက အနာဂတ်အကြောင်းပြောဖို့ အနာဂတ်ထဲမှာ သွားနေနေတာပဲ။ အဲဒီတုန်းမှာ ဖိုးချိုက အစ်ကို ဘာတွေရေးနေသလဲလို့ အောင်ထွန်းအနားကို တိုးလိုက်ရင်း မေးတယ်။ ခုတင်ပဲ ငါတို့ ဒီအကြောင်း ပြောနေကြတာ။ ခုတလော ငါလည်း သိပ်မရေးနိုင်ဘူးလို့ ပြန်ဖြေတော့ ဖိုးချိုက အောင်ထွန်းကို အကြံပေးတယ်။ အစ်ကိုတို့က သိပ်စဉ်းစားတာကိုး။ ခု ခေတ်စားနေတဲ့ဟာမျိုးကလေးတွေ လက်တန်းချရေးလိုက်လည်း ပြီးတာပဲဟာတဲ့။ ဟကောင် မင်းပြောတဲ့ဟာမျိုးတွေက မင်းပြောသလို လွယ်ပါ့မလားလို့ ကျွန်တော်က ဝင်ပြီး မေးလိုက်မိတယ်။ ဖိုးချိုက ဘာမျှပြန်မပြောခင် အောင်ထွန်းက ကဗျာဆိုတာ မင်းပြောသလို လက်တန်းချရေးလိုက်လို့ ဖြစ်တယ်လို့ ငါတော့ မထင်ဘူးလို့ ပြောတယ်။ အဲဒါ ကျွန်တော်ပြောတာပေါ့။ အစ်ကိုတို့က သိပ်တွေးလွန်းတယ်။ ခုခေတ်က အဲဒီလိုမျိုး မဟုတ်တော့ဘူးလို့ ဖိုးချိုက ပြောနေရင်း လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်တယ်။ သူ ဘာများ ဆက်ပြောဦးမလဲလို့ ကျွန်တော်က မျှော်နေမိတယ်။ ဖိုးချိုက လက်ဖက်ရည်တစ်ကြိုက်လောက် သောက်ပြီးမှ ကျွန်တော် တစ်ခုပြောမယ်။ အစ်ကို စမ်းချင်ရင် စမ်းကြည့်။ စာရွက်တစ်ရွက်ပေါ်မှာ ကဗျာခေါင်းစဉ်တစ်ခု အစ်ကိုရေး။ အောက်ဆုံးမှာ အစ်ကို့နာမည်ရေး။ ဒိပြင် စာရွက်ထဲမှာ ဘာမျှရေးစရာ မလိုဘုး။ ပြီးတော့ မဂ္ဂဇင်းတိုက် တစ်ခုခုကို သွားပေး။ ဘာလဲလို့ အယ်ဒီတာကမေးရင် အရေးဘာသာစကားမဲ့ ကဗျာလို့ ပြော။ ပြောချင်ရင် No Language Poetry ပေါ့ အစ်ကိုရာ။ အစ်ကို့နာမည်နဲ့ဆိုရင် ကောင်းကောင်းသုံးတယ်။ ပိုတောင် နာမည်ကြီးသွားဦးမယ်လို့ပြောပြီး ပြုံးစေ့စေ့ လုပ်နေတယ်။

ကျွန်တော်ကတော့ အားရပါးရ ရယ်လိုက်မိတယ်။ အောင်ထွန်းကတော့ ရယ်ရင်း သေခြင်းဆိုးလေး မင်းဆီမှာ အဲဒီလို အကြံဥာဏ်မျိုး ရှိတယ်လို့ ပြောတယ်။ ခင်မောင်ကတော့ သိပ် ဟက်ဟက်ပက်ပက် မရှိလှဘူး။ ဖိုးချိုက ကျွန်တော့်ကို ထောက်ခံစာတောင်းတဲ့ မျက်နှာမျိုးနဲ့ ကြည့်ရင်းမဟုတ်ဘူးလား အစ်ကိုလို့ မေးတယ်။ ကျွန်တော့်အမြင်မှာတော့ ဖိုးချိုဟာ နေစရာ နေရာပျောက်နေတဲ့ လူလိုပဲ။ အောင်ထွန်းတို့ကလည်း ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော့်အနေနဲ့ တစ်ခုခုတော့ ပြောမှ။ လူဆိုတာက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ မတူနိုင်ကြဘူးဆိုတာတော့ မင်းလက်ခံရဲ့ မဟုတ်လားလို့ ကျွန်တော်က ဖိုးချိုကို မေးလိုက်တယ်။ မေးသာ မေးလိုက်တယ် ဖိုးချိုက လက်ခံမယ်ဆိုတာတော့ သိပြီးသား။ ခေါင်းညိတ်ပြတယ်။ ကျွန်တော်က ဆက်ပြောလိုက်တယ်။ မတူတာက ဒီလောက် အရေးမကြီးသေးဘူး။ လူတိုင်း လူတိုင်းဟာ ထီးထီးမားမား သီးသီးခြားခြားစီပဲလို့ သိဖို့က ပိုအရေးကြီးတယ်။ ဒါမှ လူရဲ့ ဖြစ်၊ ရှိ နေခြင်းကို နားလည်ပုံ မတူဘူးဆိုတာ ပိုပြီးသဘောပေါက်မယ်။ အဲဒီလို ပေါက်မှ လူတစ်ယောက်ချင်းစီဟာ သူ့ဘဝကို ဘယ်လိုလမ်းကြောင်းပြီး ဘယ်လိုလျှောက်တယ်ဆိုတာ မင်း ပိုသိမယ်။ ဖန်တီးတာဟာ အဲဒီလူလျှောက်တဲ့ လမ်းပဲ။ ဘယ်သွားမယ်ဆိုတာ မသိရင် ဘယ်မှမရောက်ဘူးဆိုတဲ့ သဘောပဲ။ အရင်က အနုပညာသည်တွေမှာ ဦးတည်ချက် မရှိဘူးလို့ ထင်ကြတယ်။ တကယ်တော့ ဦးတည်ချက်မရှိတဲ့ အနုပညာသည် မရှိဘူး။ သူ့အသိထဲက ဦးတည်ချက်ကို ဘာသာစကားနဲ့ ထုတ်မပြတတ်တဲ့ အနုပညာသည်ပဲ ရှိတယ်လို့ ကျွန်တော်က ရှင်းလိုက်တော့ ဖိုးချိုက ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ ကျွန်တော့်ဘာသာ တွေးကြည့်ရတာကတော့ ကျွန်တော်ပြောတာကို ဖိုးချိုတစ်ယောက် သုံးပုံတစ်ပုံလောက် နားလည်ရင် ကျွန်တော် ပြောပြရကျိုး နပ်တယ်လို့ ခေါ်ရမှာပဲ။ ဒါကြောင့် ဒီထက်ပိုပြီး ကျွန်တော် မရှင်းတော့ဘူး။ ခင်မောင်ကတော့ အဲဒါမျိုးတွေ သိပ်နားထောင်ချင်ပုံ မရဘူး။ သူ့စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ အကြောင်းတစ်ခုကို မဆီမဆိုင် မေးလိုက်တယ်။ အောင်ထွန်း မင်းမှာ အနီရောင်ကလွဲလို့ တခြားအရောင် လွယ်အိတ်ရှိသေးသလားတဲ့။ ဘာလုပ်မယ်လို့လဲလို့ အောင်ထွန်းက ပြန်မေးတယ်။ မင်းတခြားအရောင် လွယ်အိတ် လွယ်တာ မတွေ့လို့လို့ ခင်မောင်က ထပ်ပြောတယ်။ အောင်ထွန်းက အူကြောင်ကြောင် ဖြစ်သွားပုံရတယ်။ ဟုတ်လား။ ငါ လွယ်တဲ့ လွယ်အိတ်တိုင်းဟာ အနီရောင်ပဲလားလို့ ပြန်မေးတော့ ခင်မောင်က ခေါင်းညိတ်ပြတယ်။ ငါတော့ သတိမထားမိဘူး။ အိမ်မှာ အသင့်တွေ့တဲ့ လွယ်အိတ်ကို ကောက်လွယ်လိုက်တာပဲ။ အိမ်ပြန်ရောက်မှ ငါ့လွယ်အိတ်တွေကို ပြန်ကြည့်ရဦးမယ်လို့ အောင်ထွန်းက ပြောတယ်။ ကျွန်တော် မနေနိုင်လို့ အောင်ထွန်းကို မင်းက ဘာလုပ်ရအောင် ကြည့်ချင်ရတာလဲလို့ မေးကြည့်လိုက်မိတယ်။ တကယ်ပဲ ငါလွယ်တဲ့ လွယ်အိတ်တွေဟာ အနီရောင်ချည်းပဲလားဆလို့ သိချင်လို့ သူက ပြန်ဖြေတယ်။ သိတော့ မင်းအတွက် တစ်ခုခု ထူးခြားသွားမှာလားလို့ ကျွန်တော်က မေးလိုက်မိပြန်တယ်။ အောင်ထွန်းက ပြန်မဖြေဘဲ နောက်ထပ် ကော်ဖီတစ်ခွက်စီ သောက်ကြရအောင်လို့ ပြောတယ်။ ကျွန်တော်တို့က ခေါင်းညိတ်ပြလိုက်ကြတယ်။ ဖိုးချိုကတော့ တော်ပြီအစ်ကို၊ ကျွန်တော့်အတွက်တော့ ဒီနေ့အတွက် များနေပြီထင်တယ်။ ထမင်းတောင် မစားရသေးဘူးလို့ပြောပြီး ထိုင်ရာက ထမယ်လို့ ပြင်တယ်။

မင်း မဂ္ဂဇင်းတိုက်တွေဘက် ရောက်ဦးမလားလို့ အောင်ထွန်းက ဖိုးချိုကို မေးလိုက်တယ်။ ဖိုးချိုက ရောက်မယ်လို့ဖြေတော့ အောင်ထွန်းက သူ့လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကိုထုတ်ပြီး စာရွက်အလွတ်လေးငါးရွက် ဆုတ်ဖြဲလိုက်တယ်။ ပြီးတော့ ဖိုးချိုကို ပေးလိုက်ရင်း မင်းပဲ ကဗျာနာမည် တစ်ခုခုတပ်ပြီး ကြုံရာ မဂ္ဂဇင်းတိုက်တွေမှာ ပေးလိုက်။ စာမူခရရင်တော့ ငါ့ကိုပေးလို့ပြောတော့ ဖိုးချိုက အံ့အားသင့်တဲ့ မျက်နှာနဲ့ ကျွန်တော်တို့ကိုကြည့်ရင်း ကြံကြီးစည်ရာလို့ဆိုရင်း ထိုင်ရာက ထတယ်။ ကျွန်တော်တို့အားလုံးလည်း အားရပါးရ ရယ်လိုက်မိကြတယ်။ ဖိုးချိုလည်း ထိုင်ရာကထ၊ ပုဆိုးပြင်ဝတ်ပြီး သွားတော့မယ်ဗျာလို့ပြောပြီး လူတွေများ အသက်ကြီးလာရင် ပြောရ ဆိုရ ခက်တယ်လို့ပြောရင်း လက်ဖက်ရည်ဆိုင်ထဲက ထွက်သွားတော့တယ်။ ကျွန်တော်တို့ကတော့ နောက်ထပ် လာချပေးတဲ့ ကော်ဖီသောက်ကြရင်း အောင်ထွန်းလုပ်လိုက်ပုံကို စားမြုံ့ပြန်ပြီး ရယ်နေမိကြတယ်။ ခင်မောင်က ကော်ဖီသောက်နေရင်း ဖိုးချိုလိုဖြင့်တော့ အကောင်းသားဆိုတာ ဟုတ်တော့ ဟုတ်သကွလို့ အဆက်အစပ်မရှိဘဲ ပြောချလိုက်တယ်။ အောင်ထွန်းက ဘာမျှမပြောဘူး။ ဖြစ်နေခြင်းအတွင်မှာ နေတယ်ဆိုတာ အဲဒါမျိုးပဲလို့ ငါထင်တယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ ဒီလိုဆိုတော့ တို့က ဖြစ်နေခြင်းရဲ့ အပြင်မှာနေနေတာလားလို့ ခင်မောင်က မေးတယ်။ မဟုတ်ဘူး။ တို့က ဖြစ်နေခြင်းအတွင်းမှာ နေပေတဲ့ သူ့လို ဖြစ်နေခြင်းနဲ့ အတူလိုက်ပါ မသွားကြဘူး။ တစ်နေရာရာမှာရပ်ပြီး နေတတ်တယ်။ သူကတော့ တောက်လျှောက် လိုက်ပါသွားနေတာ။ ဒါကြောင့်လည်း သူ့မှာ တို့လိုတွေးနေစရာ အကြောင်းလည်း မရှိဘူး။ အချိန်လည်း မရှိဘူး၊ လိုလည်း မလိုအပ်ဘူး။ အဲဒီလိုပဲ သူ့ဘာသာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းလည်း မသိဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ အေလို့ အောင်ထွန်းက ပြောတယ်။ မင်းက ဘာအေတာလဲလို့ ခင်မောင်က မေးတယ်။ ဘာမှန်းတော့ မသိဘူး။ ငါ့မှာ ရေးစရာတစ်ခုတော့ ရပြီလို့ အောင်ထွန်းကပြောရင်း သူ့အိတ်ထဲက မှတ်စုစာအုပ်ကလေးကိုထုတ်ပြီး တစ်ခုခု ချရေးနေတယ်။ ခင်မောင်က ပြီးရင် သွားကြစို့လို့ ပြောတယ်။

ကျွန်တော်က လက်ဖက်ရည်၊ ကော်ဖီဖိုး ရှင်းလိုက်တယ်။ ဘယ်နှစ်ထောင်ဆိုလားပဲ။ အောင်ထွန်းက မှတ်စုစာအုပ်ကို လွယ်အိတ်ထဲ ပြန်ထည့်နေတုန်း ခင်မောင်က အောင်ရင့်ဆိုင်မှာ ကော်ဖီသုံးခွက်ဆိုရင် ကျပ်တန်တစ်ရွက် ပေးလိုက်ရင် ပြီးရောလို့ ပြောတယ်။ အောင်ထွန်းက လာပြန်ပြီလားလို့ ပြောတယ်။ ဘာကို ရည်ရွယ်လို့ လာပြန်ပြီလားလို့ ပြောတယ်ဆိုတာတော့ ကျွန်တော် သိပ်မသေချာဘူး။ ကျွန်တော့်အထင်တော့ ကာလတရားရဲ့ ရှိနေခြင်းကို ခင်မောင်က မေ့လျော့နေတာကို ပြောချင်လို့ပဲ ဖြစ်မယ်။ လက်ဖက်ရည်ဆိုင်ဝရောက်တော့ ခင်မောင်က မင်းတို့ ဘယ်သွားကြမှာလဲ၊ ငါတော့ မြို့ပြင်နားဆီ သွားစရာရှိတယ်လို့ ပြောတယ်။ အောင်ထွန်းက ငါ့ကိုမြို့ထဲသွားတဲ့ ကားဂိတ်မှာ ချပေးခဲ့လို့ ပြောတယ်။ ကျွန်တော်လည်း တစ်နေရာရာကို သွားချင်တယ်။ ဘယ်သွားရမှန်း မသိဘူး။ အောင်ထွန်းကို မြို့ထဲသွားတဲ့ ကားဂိတ်မှာ ချပေးလိုက်ပြီးတော့ ကျွန်တော်နဲ့ ခင်မောင် မြို့ပြင်ဘက်ဆီ ထွက်လာခဲ့ကြတယ်။ ခင်မောင်က သူ့ကားကို သူကိုယ်တိုင် မောင်းတယ်။ ကျွန်တော်က သူ့ဘေးကထိုင်လိုက်ရင်း ဟိုတစ်ခွန်း ဒီတစ်ခွန်း ကြုံရာတွေ ပြောဖြစ်နေကြတယ်။ မဆီမဆိုင် ကျွန်တော့်ခေါင်းထဲကို အတွေးတစ်ခု ဝင်လာတာနဲ့ပဲ ခင်မောင် ငါ့ကို အဝေးပြေးကားဂိတ် တစ်ခုခုမှာ ရပ်ပေးစမ်းပါလို့ ပြောလိုက်မိတယ်။ လေယာဉ်ကွင်းရဲ့ ဟိုးဘက် ကုန်းဆင်းဆီမှာ အဝေးပြေးကားဂိတ်ရှိတယ်။ မင်းက ဘယ်သွားမလို့လဲလို့ သူက ပြန်မေးတယ်။ မင်းအလုပ်လား ငါ့ဟာငါ ဘယ်သွားသွားလို့ သူ့ကို ပြန်ပြောလိုက်တော့မှ သူလည်း ဆက်မမေးတော့ဘူး။ ခင်မောင်က အဲဒီလိုလူမျိုး။ ဘာဖြစ်ဖြစ် အရှည်ကြီး စဉ်းစားတတ်တယ်။ ဘာမျှမပြောတော့ဘူးဆိုပေတဲ့ သူက ပြောသေးတယ်။ ငါ ဒီလမ်းကပဲ ပြန်မှာ။ အပြန်မှာ ငါ ဝင်ကြိုပေးရမလားတဲ့။ ကျွန်တော်ကတော့ ဘာမျှ ပြန်မဖြေတော့ဘူး။ ခင်မောင်ဟာ အောင်ထွန်းလို ဖန်တီးစာ မရေးနိုင်တာဟာ ဘူတာမှာ ဆင်းမိတဲ့လူလိုများ ဖြစ်နေလို့လားလို့ တစ်ချက်တော့ စဉ်းစားလိုက်မိတယ်။ ဒါပေတဲ့ အရှည်ကြီး ဆက်မတွေးနေမိဘူး။

အဝေးပြေးကားဂိတ်ရောက်တော့ ကျွန်တော် ဆင်းနေရစ်ခဲ့တယ်။ အဲဒီကားဂိတ်ကို တစ်ခါမျှလည်း မရောက်ဘူးတော့ ဘယ်ကိုသွားလို့ ဘာလုပ်ရမှန်း မသိဘူး။ ကားလက်မှတ် ဘယ်မှာဝယ်ရသလဲလို့ လူတစ်ယောက်ကို မေးကြည့်လိုက်မိတယ်။ သူက အဲဟို အဆောက်အဦကလေးဆီ သွားပါလို့ ညွှန်လိုက်တာနဲ့ အဲဒီအဆောက်အဦကလေးဆီ  သွားလိုက်တယ်။ အဆောက်အဦကလေးထဲမှာ လက်မှတ်ရောင်းတဲ့ အပေါက်ကလေးတစ်ခု တွေ့တယ်။ အဲဒီမှာ ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက် ထိုင်နေတယ်။ ကျွန်တော်လည်း အဲဒီဆီသွားပြီး အဝေးပြေးကားလက်မှတ် ဒီမှာ ဝယ်ရသလားလို့ မေးတော့ သူက မွန်မွန်ရည်ရည်နဲ့ ဟုတ်ပါတယ်လို့ဖြေပြီး အန်ကယ်က ဘယ်သွားချင်လို့လဲလို့ တစ်ဆက်တည်း မေးလိုက်တယ်။ ကျွန်တော်လားလို့ သူ့အမေးကို အမေးနဲ့ဖြေရင်း ကျွန်တော် အတိတ်ဆီကို ပြန်သွားချင်လို့ပါလို့ ဖြေလိုက်တယ်။ ပထမတော့ ကောင်မလေးခမျာ အူကြောင်ကြောင် ဖြစ်သွားသလိုပဲ။ ပြီးမှ  အန်ကယ် အတိတ်ကိုသွားဖို့အတွက် ကားလက်မှတ် ဝယ်စရာမလိုဘူးလို့ ပြောတယ်။ ကျွန်တော်ကလည်း အတိတ်ဆီကိုသွားမယ့် ကားမရှိဘူးလားလို့ ကျွန်တော်က ဖြတ်ပြီး မေးလိုက်မိတယ်။ အတိတ်ဆီကိုသွားဖို့ လူစောင့်နေတဲ့ ကားတစ်စီး ရှိပါတယ်လို့ သူကဖြေတယ်။ ပြီးတော့ ထိုင်နေရာကထလာပြီး သမီးပြပေးမယ်လို့ ပြောတာနဲ့ သူ့နောက်က ကျွန်တော် လိုက်သွားလိုက်တယ်။ အဆောက်အဦ အပြင်ဘက်ရောက်တော့ ကောင်မလေးက အဝေးပြေးကားတွေ တန်းစီရပ်ထားတဲ့ အဆုံးဆီကို လက်ညှိုးထိုးပြရင်း အန်ကယ် အဲဒီကားတွေအဆုံးကို လျှောက်သွားရင် ကားတစ်စီး တွေ့လိမ့်မယ်။ ကားက ကားကြီးတော့ မဟုတ်ဘူး။ မဟုတ်ဆို အတိတ်ကို သွားမယ့်လူဆိုတာ များများစားစား မရှိလို့လို့ သမီးထင်တယ်။ အဲဒီမှာ ရပ်ထားတဲ့ ကားကတော့ အတိတ်ကို သွားမယ်လို့ လူစောင့်နေတယ်လို့ သမီးကြားဖူးပါတယ်။ အဲဒီကိုသာ တန်းသွားပြီး မေးကြည့်ပါလို့ ပြောတယ်။ ကျွန်တော်လည်း သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး အဲဒီကားရှိတယ်ဆိုတဲ့ဆီ လျှောက်လာခဲ့တော့တယ်။

အဝေးပြေးကားတွေ တန်းစီရပ်ထားတဲ့ အဆုံးဆီမှာ ကားတစ်စီး တွေ့ရတယ်။ ကားက အကြီးကြီး မဟုတ်ဘူး။ ခြောက်ယောက်စီး၊ ရှစ်ယောက်စီးအရွယ်မျိုး။ ကားထဲမှာ လူတစ်ယောက် ထိုင်နေတယ်။ ကားမောင်းတဲ့လူ ထိုင်တဲ့နေရာမှာ ကားစတီယာရင်းဝှီးပေါ်မှာ သတင်းစာဖြန့်ပြီး ဖတ်နေပုံရတယ်။ သူနဲ့တည့်တည့် တခြားတစ်ဘက်မှာ အဝင်အထွက် တံခါးပေါက်ရှိတယ်။ ကျွန်တော်လည်း အဲဒီအပေါက်ကနေ ကားထဲကို ကိုယ်တစ်ဝက်လောက် ဝင်လိုက်ပြီး ဒီကားက အတိတ်ကိုများ သွားမှာလား ခင်ဗျာလို့ ရိုရိုသေသေနဲ့ မေးလိုက်မိတယ်။ အဲဒီလူ ဘာမျှပြန်မပြောသေးဘဲ သတင်းစာဖတ်နေရာက ကျွန်တော့်ကို လှည့်ကြည့်လိုက်ပြီး ပြုံးပြတယ်။ ပြီးတော့မှ ကားတံခါးနားက ထိုင်ခုံကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်လည်း ကားထဲဝင်ပြီး ထိုင်လိုက်တယ်။ ကျွန်တော့်နာမည် ငထွန်းလို့ ခေါ်ပါတယ်လို့ပြောပြီး သူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ ကျွန်တော့်ကို ဦးထွန်း၊ ဆရာထွန်းလို့တော့ မခေါ်နဲ့ဗျာ၊ ငထွန်းလို့သာ ခေါ်ပါလို့ သူက ဆက်ပြောတယ်။ ကျွန်တော်လည်း ထိုင်ရာက ထလိုက်ပြီး သူ့လက်ကို ဆွဲနှုတ်ဆက်ရင်း ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာပြောပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ရင်း ငထွန်းလို့တော့လည်း မခေါ်ပါရစေနဲ့ဗျာ၊ ကိုတစ်လုံး တပ်ပါရစေလို့ပြောတော့ သူက ပြုံးပြီး ခေါင်းညိတ်ပြတယ်။ နောက်တော့ သူကမေးတယ်။ ခင်ဗျား တကယ်ပဲ အတိတ်ကို သွားချင်တာလားတဲ့။ သွားချင်ပါတယ်လို့ ကျွန်တော်ကဖြေတော့ သူက ဘာလို့လဲလို့ ထပ်မေးတယ်။ အတိတ်ဆိုတာ အသေချာဆုံး ရပ်ဝန်းတစ်ခုပဲ။ အနာဂတ်ဆိုတာ ဘယ်လိုနေမှန်း မသိဘူး။ ပစ္စုပ္ပန်ဆိုတာက ပြောနေရင်းနဲ့ ပျောက်သွားတာ၊ ရှိသလိုလိုမျိုးပေတဲ့ ဘယ်လိုမှန်းမှ မသိလိုက်ရပဲ။ ဒီတော့ သေချာတဲ့ဆီကိုပဲ သွားချင်ပါတယ်။ ရှိခဲ့ဖူးတာ၊ သိခဲ့ဖူးတာ ကိုယ်နဲ့ရင်းနှီးတာဟာ အတိတ်ပဲလို့ ဖြေလိုက်တယ်။ သူက နားထောင်နေပေတဲ့ ချက်ချင်း ဘာမျှ ပြန်မပြောဘူး။ ဒါနဲ့ ကျွန်တော်က ခင်ဗျားကရော ဘာဖြစ်လို့ အတိတ်ကို သွားမယ့်ကား လုပ်ထားရတာလဲလို့ မေးလိုက်မိတယ်။ သူက အတော်ကြာအောင် ပြုံးနေတယ်။ ပြီးမှ ကျွန်တော်ဟာ အရင်တုန်းက ကျောင်းဆရာ လုပ်ပါတယ်လို့ပြောရင်း စကားစလိုက်တယ်။

ကျွန်တော်ဟာ ကျောင်းဆရာတစ်ယောက်အနေနဲ့ တပည့်ခံသင့်တဲ့လူတွေဆီမှာ တပည့်ခံ၊ ကိုယ်က သင်ပေးနိုင်တာ ပြန်သင်ပေးနဲ့ ကျွန်တော့်ဘဝရဲ့ အနှစ်နှစ်ဆယ်၊ အစိတ်လောက်ကို သုံးစွဲခဲ့ပါတယ်။ တစ်နေ့ညနေတော့ ပျင်းပျင်းနဲ့ ပျော်ပွဲစားရုံကလေးတစ်ခုထဲမှာ ဘီယာထိုင်သောက်နေရင်း လူတစ်ယောက်နဲ့ စကားလက်ဆုံကျသွားတယ်။ ဘာအကြောင်း ညာအကြောင်းရယ်တော့ ထူးထူးခြားခြား မဟုတ်ဘူး။ အတော်ကလေး ကြာသွားလို့ ထပြန်ကြမယ်လုပ်တော့ သူက မေးတယ်။ ခင်ဗျား ဘယ်ကိုသွားနေသလဲဆိုတောရော ခင်ဗျားသိရဲ့လားတဲ့။ ကျွန်တော်က ကျွန်တော့်အိမ်ကိုပြန်မှာလို့ပြောတော့ သူက ခင်ဗျားအိမ်ကို ခင်ဗျားပြန်တဲ့အကြောင်း ကျွန်တော် မသိချင်ပါဘူး။ ခင်ဗျား ဘယ်သွားနေတယ်ဆိုတာကိုသာ သိချင်တာပါလို့ သူက ပြောတယ်။ ကျွန်တော်လည်း ဘာဖြေရမှန်း မသိဘူး။ နောက်တော့ သူက ထပ်ပြောတယ်။ လူဆိုတာ တစ်နေရာရာကို သွားနေတဲ့လူချည်းပဲ။ သွားချင်ရာကို ရောက်တဲ့လူလည်း ရှိမယ်။ မရောက်တဲ့လူလည်း ရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သွားတော့ သွားနေကြတာချည်းပဲတဲ့။ သူ့စကားက ကျွန်တော့်ခေါင်းထဲမှာ စွဲနေခဲ့တယ်။ ဒီအကြောင်းကို အရင်က တစ်ခါမျှ မစဉ်းစားခဲ့ဖူးဘူး။ ကျွန်တော့်ကို ကျွန်တော်လည်း ဘယ်သွားလို့ သွားနေမှန်းမှ မသိဘဲ။ တစ်နေ့တော့ ကျွန်တော်သွားချင်တဲ့ဆီကို စဉ်းစားမိတယ်။ အလုပ်ကထွက်၊ အိမ်ကိုရောင်း၊ စုဆောင်းထားတဲ့ ငွေကလေးထုတ်ပြီး ဒီကားကလေးကို ခပ်ပေါပေါနဲ့ ဝယ်လိုက်တယ်။ ကျွန်တော့်လိုများ စိတ်ကူးရလို့ အတိတ်ကို သွားချင်တဲ့လူများ ရှိခဲ့ရင် လမ်းကြုံတင်သွားရအောင်လို့ပါ။ ပထမတော့ ဟိုလူဒီလူ စတဲ့ မိတ်ဆွေတွေကို အတိတ်ကို သွားကြမလားလို့ သွေးတိုးစမ်းရင်း မေးတယ်။ သုံးနှစ်လောက် ကြာသွားတယ်။ ကျွန်တော့်ကို ရူးကြောင်ကြောင်လို့တောင် ထင်လာကြတယ်။ နောက်တော့ ဘယ်သူ့ကိုမျှ မမေးတော့ဘူး။ ဒီနားမှာ အဝေးပြေးကားဂိတ်ကြီးဖွင့်တော့ ဂိတ်မှူးကြီးကို အကျိုးအကြောင်း ပြောပြပြီး ကျွန်တော့်ကားကလေးကို ဒီနားဆီမှာ လာထိုးထားတာပဲ။ အဲဒီတုန်းက ဂိတ်မှူးကြီးကတောင် မေးသေးတယ်။ အတိတ်ဆိုတဲ့ဆီ သွားချင်တဲ့လူ ရှိကောရှိပါ့မလားဗျတဲ့။ ခုဆို ငါးနှစ်လောက်တောင် ရှိသွားပြီ။ ကျွန်တော့်စိတ်ထဲမှာတော့ တစ်နေ့ အတိတ်ကိုသွားချင်တဲ့လူတစ်ယောက်တော့ ပေါ်လာမှာပဲလို့ ယုံကြည်နေခဲ့တာ။ ဟော ခုဆို ကျွန်တော့်မှာ ခရီးသွားဖို့ အဖော်ရပြီ။ ခင်ဗျားကကော တကယ်ပဲ အတိတ်ကို သွားချင်တာလားတဲ့။

ကျွန်တော်က ခေါင်းညိတ်ပြလိုက်မိတယ်။ ပြီးမှ နောက်ထပ် ဘယ်လောက်ကြာအောင် အတိတ်ကို သွားမယ့် ခရီးသွားဖော်တွေကို စောင့်ဦးမှာလဲလို့ မေးလိုက်တယ်။ သူက အတော်ကလေးကြာအောင် စဉ်းစားနေတယ်။ ခုဆို အဖော်ရပြီပဲဗျာ။ ကျွန်တော်တို့ သွားချင်ရင် သွားလို့ဖြစ်တာပဲလို့ ပြန်ဖြေတယ်။ ခင်ဗျားသဘောကရောလို့ သူက ပြန်မေးတယ်။ ကျွန်တော်ကတော့ ဆုံးဖြတ်ပြီးသားပဲ။ ခင်ဗျား ကြိုက်တဲ့အချိန် သွားနိုင်တယ်လို့ ဖြေလိုက်တယ်။ သူက ကောင်းပြီလို့ ပြောပြီး သွားစို့လို့ ဆက်ပြောတယ်။ သူဖတ်နေတဲ့ သတင်းစာကို ဘေးနားဆီချလိုက်ပြီး ကားစက်ကို နှိုးလိုက်တယ်။ ကျွန်တော်လည်း သတင်းစာကို အမှတ်မထင် ကြည့်လိုက်မိတယ်။ ရက်စွဲက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ရက်စွဲ။ စိတ်ထဲမှာ ခင်မောင်နဲ့ အောင်ထွန်းကို သတိရလိုက်မိတယ်။ ဒီကောင်တွေပါလာရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါပေတဲ့ ချက်ချင်းလိုပဲ အမြင်ပြောင်းသွားတယ်။ ဒီကောင်တွေက အတိတ်ဆိုတာ ဘယ်ဆီရှိမှန်း မသိရုံမကဘူး သူတို့ဘာသာ ဘယ်သွားလို့ သွားနေမှန်းမှ မသိဘဲ။ ဘာဖြစ်လို့ သူတို့အတွက် တွေးပူနေရမှာလဲ၊ သွားမယ့်ဆီကိုသိဖို့ လိုတယ်ဆိုရင်တောင် သူတို့က ရှိ၊ မရှိ မသေချာတဲ့ အနာဂတ်ကိုပဲ သွားချင်မှာ။ တကယ်တော့ သူတို့ဟာ ပစ္စုပ္ပန်မှာတင် ပျောက်ဆုံးနေတဲ့ လူတွေပဲ။ ရှိမနေတဲ့ ပစ္စုပ္ပန်ကို အဟုတ်ကြီးထင်ပြီး နေနေကြတာ။ ရှိမနေတဲ့ ပစ္စုပ္ပန်ထဲကနေ အတိတ်နဲ့ အနာဂတ်ကို သွားနေကြတာပဲ။ လှေစီးသွားနေတာလား၊ လှည်းစီးသွား နေတာလားဆိုတာကို မကွဲတဲ့ကောင်တွေပဲ။ ဒါပေတဲ့လည်း ဒါက သူတို့ကိစ္စ။ ကျွန်တော်တို့ ကားကလေး ထွက်လာတာ ဘယ်လောက်ကြာလို့ ဘယ်လောက် ရောက်လာမှန်း မသိဘူး။ ကားထဲမှာ အတော်ကလေး နွေးလာတယ်။ နည်းနည်း အေးသွားအောင် ရှပ်အင်္ကျီရဲ့ အပေါ်ဘက်က ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်မိတယ်။ ကျွန်တော်က ကားမောင်းနေတဲ့ ကိုငထွန်းကို အတိတ်ဆိုတာက ငရဲနဲ့များ နီးသလား မသိဘူး။ ကားထဲမှာ နည်းနည်းပူလာတယ်လို့ ပြောလိုက်တော့ ကိုငထွန်းက မပြောတတ်ဘူး။ အတိတ်ဆိုတာကိုက ငရဲပြည်လည်း ဖြစ်ချင်ဖြစ်နေမှာလို့ ပြန်ပြောရင်း ရယ်တယ်။ ကျွန်တော်လည်း ရယ်လိုက်မိတယ်။ နောက်တော့ အေးဗျာ ကျွန်တော့်ကားမှာ လေအေးစက်မပါဘူးလို့ တောင်းပန်သံမျိုးနဲ့ ပြောတယ်။ အတိတ်ဆီကို သွားတာပဲဗျာ ဇိမ်ခံရအောင် သွားတာမှ မဟုတ်ဘဲ။ လေအေးစက် မလိုပါဘူးလို့ ကျွန်တော် ပြန်ပြောလိုက်မိတယ်။
မြင့်သန်း

(ရှင်းလင်းဝန်ခံချက် ။    ။ ကျောက်ခဲပူစီဖောင်းဟူသော စာလုံး၊ စကားလုံး အသုံးအနှုန်းမှာ ကျွန်တော် တီထွင်ထားသော စာလုံး၊ စကားလုံး မဟုတ်ပါ။ ကျွန်တော့် ဘကြီး ဦးသုခ သုံးစွဲလေ့ရှိသော အသုံးအနှုန်းတစ်ခုဖြစ်ပါသည်။ သူရှိစဉ်က အနက်အဓိပ္ပာယ်ကို မေးမကြည့်ခဲ့ဘူးပါ။ နှစ်ပေါင်းအတော်ကြာမှ အင်္ဂလိပ်ဘာသာစကားနှင့် စာကို အင်္ဂလိပ်လူမျိုးများကဲ့သို့ တတ်ကျွမ်းကြသော အဖေ၏ မိတ်ဆွေများဖြစ်သည့် အတွင်းဝန်ကလေး ဦးပု၊ မြန်အောင်ဦးတင်နှင့် ပုဂံ ဦးခင်မောင်ကြီးတို့အား စကားစပ်မိသဖြင့် မေးမြန်းကြည့်ရာ အင်္ဂလိပ်ဘာသာ စကားတွင်ရှိသော Lead balloon ဟူသော အသုံးအနှုန်းကို မြန်မာမှုပြုကာ မြန်မာတို့၏နား၌ချောအောင် သုံးစွဲခြင်းဖြစ်မည်ဟု ဆိုကြသည်။ ဤတွင် ဤသဘောကိုယူပါသည်။)

>>ချင်းတွင်း မဂ္ဂဇင်း၊ မေလ၊ ၂၀၁၀<<

2 comments:

တေဇာ (လရောင်လမ်း) said...

ပူစီလေးကို ရေမှန်မှန်ချိုးပေးနိုင်ပါစေ မောင်အာကာကျော်။ မျှော်နေပါ့မယ်။ :D

Notes on Web of My Pieces said...

လရောင်လမ်းက မောင်တေဇာက အမြှောက်အပင့် အလွန် တော်ပါတယ်ခင်ဗျာ...း)