Immigration
က ထွက်လာမလို့လုပ်တော့ သူကလက်လှမ်းပြတယ်။ ကျွန်တော်လည်း လက်ထောင်ပြလိုက်ပြီး ခဏစောင့်လို့ပြောလိုက်တယ်။
ကျွန်တော်နဲ့အတူတူ လေယာဉ်စီးလာတဲ့ တစ်ယောက်ကို နှုတ်ဆက်နေတာ။ ယဉ်ကျေးတဲ့ တိုင်းပြည်ကလူတွေက
တစ်ယောက်ကိုတစ်ယောက် မနှုတ်ဆက်ပဲ လမ်းမခွဲကြဘူးမဟုတ်လား။ လေးစားတဲ့သဘော၊ အသိအမှတ်ပြုတဲ့သဘော၊
ယဉ်ကျေးမှုဆိုတာကို နားလည်ပါတယ်လို့ ပြတဲ့သဘောပဲ။ နှုတ်ဆက်ပြီးတော့ ထွက်လာတော့ သူက လမ်းလျှောက်လာပြီး
ပြုံးစိစိနဲ့ပြောတယ်။ နင်ဒီအင်္ကျီဝတ်တုန်းပဲလားတဲ့။ သူပြောတော့မှပဲ သတိထားမိတယ်။ အခုဝတ်လာတာ
မနှစ်က သူလက်ဆောင်ဝယ်ပေးတဲ့ အင်္ကျီ။ ငါကနင့်လို သူဌေးသမီးမဟုတ်တော့ ဒီလိုဈေးကြီးတဲ့
အင်္ကျီမျိုး အများကြီးမဝယ်နိုင်ဘူး။ ခဏခဏ ပြန်ပြန်ဝတ်ရတယ်။ လို့ ပြောလိုက်တော့ သူက ရယ်တယ်။
နောက် ကျွန်တော်ကပဲ နင်အရပ်ရှည်လာတယ် လို့ပြောလိုက်တယ်။ သူက မျက်စောင်းထိုးကြည့်ပြီးတော့
လျှာမရှည်နဲ့ သွားမယ်ဆိုပြီး လှည့်ထွက်လာတယ်။ ကျွန်တော် ရယ်ပြီး သူ့နောက်ကို လိုက်သွားတယ်။
သူနဲ့ ယှဉ်ပြီးလျှောက်ရင်းနဲ့ သူ့ကို ဘာနဲ့သွားကြမှာလဲ၊ တက္ကဆီနဲ့လား လို့မေးလိုက်တော့
သူက ငါ့မှာ ကားပါတယ်ဆိုပြီး ကြွားတဲ့သဘောနဲ့ ကားသော့ကို လက်ညှိုးမှာလှည့်ပြတယ်။ ကျွန်တော်က
အော် နင်တောင် ကားမောင်းတတ်ပြီကိုး၊ ယာဉ်ထိန်းရဲတွေ အလုပ်များတော့မှာပဲလို့ ပြောလိုက်တော့
သူက ရယ်တယ်။ ကျွန်တော်က အမြဲသူ့ကို ဒီလိုပဲ စ,နေကြ။ နင်ဟာလေ လို့ ပြောပြီး ဘာမှဆက်မပြောဘူး။
ပြီးတော့မှ ဟိုမှာရောက်ပြီလို့ ပြောပြီး ခပ်လှမ်းလှမ်းက အနက်ရောင် ကားတစ်စီးကို လက်ညှိုးထိုးပြတယ်။
ကျွန်တော်လည်း အိတ်ကို ကားနောက်ခန်းမှာထည့်ပြီး အရှေ့ခန်းမှာ ဝင်ထိုင်လိုက်တယ်။
ကားမောင်းလာတော့
အရှေ့ခန်းမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး မြို့က လမ်းတွေကို ငေးကြည့်နေမိတယ်။ ပြီးမှ
သူ့ကိုလှည့်မကြည့်ပဲ အန်ကယ်တို့ကော နေကောင်းရဲ့လားလို့ မေးလိုက်တယ်။ သူက အင်း လို့တိုတိုပဲ
ပြန်ဖြေတယ်။ သူ့ကိုလှည့်ကြည့်တော့ ကားမောင်းတဲ့ လမ်းမှာ အာရုံစိုက်နေတဲ့ပုံပဲ။ မောင်းလေ့မရှိသေးတဲ့သူတွေ
မောင်းတဲ့ပုံစံမျိုး။ ကျွန်တော်လည်း ဒက်ရှ်ဘုတ်ထဲမှာတွေ့ကို စီဒီတစ်ချပ်ကို ထည့်ကြည့်လိုက်တယ်။
The Beatles အယ်လ်ဘမ်တစ်ချပ်ပဲ။ ကျွန်တော်ကြိုက်တတ်မှန်းသိလို့ သူတမင်ထည့်ထားတာဖြစ်မယ်။
သူက အမြဲတမ်း အလုပ်လုပ်ရင် အဲလို ကြိုတွေးပြီး လုပ်နေကြ။ သူ့အမေဆီက ရတဲ့ အမွေလို့ဆိုရမယ်။
သူ့အမေကြီးက စီးပွားရေးသမား။ အောင်မြင်တယ်၊ ကွက်ကျော်မြင်တတ်တယ်။ အရာရာဟာ အကျိုးကြောင်းသင့်
စီစဉ်တကျ ဖြစ်နေတယ်ဆိုတာကို လက်ခံထားတဲ့ လူစားမျိုး။ ကျွန်တော်လည်း သီချင်းနားထောင်ရင်း
မြို့ကိုငေးကြည့်နေတယ်။ မြို့ကတော့ ဘာမှမပြောင်းလဲဘူး။ ဒီလမ်းတွေ ဒီအရောင်တွေပဲ။ ကျွန်တော်က
သူတို့မြို့ကို တစ်နှစ်တစ်ခါလိုလို လာနေကြ။ ရန်ကုန် နွေအပူဒဏ်ကို ရှောင်တဲ့သဘောရယ်၊
အပန်းဖြေခရီးထွက်တဲ့သဘောမျိုးရယ်ပဲ။ လာရင်လည်း အမြဲတမ်းသူတို့အိမ်မှာပဲ တည်းတယ်။ အဖေက
သူ့အဖေကြီးနဲ့ ရင်းနှီးတယ်။ ကျွန်တော် ခရီးထွက်ချင်တယ်ပြောတော့ အဖေက သူတို့ အိမ်မှာတည်းကွာဆိုပြီး
လမ်းညွှန်ပေးလိုက်တာ။ နောက်နှစ်တွေကျတော့လည်း သူတို့အိမ်နဲ့ ရင်းနှီးသွားတော့ အဖေပြောစရာတောင်
မလိုတော့ဘဲ အဲဒီမှာပဲ တည်းဖြစ်သွားတယ်။
သူနဲ့
သိတာကတော့ ကြာပြီ။ ကောလိပ်မတက်ခင် ယောင်တောင်တောင် လုပ်နေတုန်း သင်တန်းကျောင်း တစ်ခုမှာ
စသိတာပဲ။ အဲဒီတုန်းက အဖေပြောတာ သူတို့အိမ်မှန်း မသိဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ တစ်ခါက
သူ့ကို အဲဒါနဲ့ ပတ်သက်ပြီး ငြင်းဖူးတယ်။ ဘဝမှာ ဘာအကြောင်းမှမရှိဘဲ ဖြစ်သွားတဲ့အရာတွေ၊
တိုက်ဆိုင်မှုတွေ၊ အဓိပ္ပာယ်ရှာမရတာတွေ အများကြီးပဲ။ အဲဒီအထဲမှာ ငါတို့နှစ်ယောက်တွေ့ကြတာလည်း
တိုက်ဆိုင်မှုတစ်ခုပဲ။ စကြဝဋာထဲမှာ အမှုန်ကလေးနှစ်ခု ဝင်တိုက်မိသလို တွေ့ကြတာ။ ဘာမှ ကြိုတင်
စီစဉ်ထားတာမျိုးမရှိဘူး။ လို့ ငြင်းကြည့်တော့ သူက မဟုတ်ဘူး။ အရာရာမှာ အကြောင်းပြချက်ဆိုတာ၊
ဆင်ခြေဆိုတာရှိနေတာပဲ။ ငါတို့တွေ တွေ့ကြတယ်ဆိုတာလည်း အကြောင်းကြောင်းကြောင့် ဖြစ်လာရတဲ့
အကျိုးဆက်တစ်ခုပဲ။ ငါတို့ မိဘချင်းသိနေလို့ ဒီကျောင်းကိုပဲ ပို့လိုက်ကြတာမဟုတ်လား။
အခုဒီမှာ မတွေ့ရင်တောင် တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ တွေ့ကြမှာပဲ။ လူ့ဘဝဆိုတာ စ၊ လည်၊
ဆုံး ညီညွတ်နေတဲ့ ဖြစ်တည်မှုတစ်ခုပဲ။ လို့ ပြန်ငြင်းတယ်။ ကျွန်တော်ကတော့ သိပ်လက်မခံချင်ဘူး။
ဒါပေမယ့်လည်း ဘာပြန်ပြောရမှန်း မသိဘူး။
ကားမှန်ကနေ
ကြည့်နေရင်း အိမ်တွေကျဲလာပြီး မြစ်တစ်ခုကို မြင်လာရတော့ သူတို့ အိမ်နားရောက်နေပြီဆိုတာ
သိလိုက်တယ်။ သူတို့အိမ်က မြစ်ကမ်းနားမှာ ဆောက်ထားတာ။ ခေတ်အဆက်ဆက် လူကုန်ထံတွေ နေလာခဲ့တဲ့
အိမ်မျိုးတွေပဲ။ ရှုခင်းကတော့ အရမ်းလှတယ်။ ခြံထဲကို ကွေ့ဝင်လာတော့ ကျွန်တော့်ကို မှတ်မိနေတဲ့
ခြံစောင့်ဦးလေးကြီးက လှမ်းနှုတ်ဆက်တယ်။ ကားပေါ်ကဆင်းခါနီး သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
သူက အခုမှပဲ အသက်ဝဝ ရှူရတော့တယ် လို့ ပြောပြီး သက်ပြင်းချတယ်။ ကျွန်တော်လည်း အိတ်ကို
ကားထဲကချပြီး အိမ်ထဲကို ဝင်လာခဲ့တယ်။ အိမ်ရှေ့ခန်းမှာက သူ့အမေကြီး ထိုင်နေတယ်။ အန်တီ
နေကောင်းရဲ့လားလို့ နှုတ်ဆက်လိုက်တယ်။ ပြီးတော့ အန်ကယ်ရော မရှိဘူးလားလို့ပါ တစ်ဆက်တည်း
ပြောလိုက်တယ်။ ဂေါ့ဖ်သွားရိုက်တာ ပြန်မလာသေးဘူးလို့ သူ့အမေကြီးက ပြန်ဖြေတယ်။ ပြီးတော့
သားနားချင်ရင် သွားနားလေ၊ သူဒင်နာကျရင်တော့ ပြန်လာလိမ့်မယ်။ ရေချိုးပြီးပြန်လာခဲ့ချည်လို့
ပြောတယ်။ ကျွန်တော်လည်း ဟုတ်ကဲ့လို့ပြောပြီး အပေါ်ထပ်ကို တက်လာခဲ့တယ်။
အပေါ်ရောက်တော့
အိတ်တွေထုတ်ရင်း စာအုပ်တွေ ထုတ်လိုက်တယ်။ ဒီလိုလာရတာလည်း အဓိက,က အနားယူဖို့နဲ့ စာအုပ်လာဖတ်တာပဲ။
ပြီးတော့ သူ့အဖေကြီးနဲ့ စာအုပ်အကြောင်းတွေ ဝီစကီသောက်ရင်း လျှောက်ပြောကြတယ်။ အဖိုးကြီးက
ပါမောက္ခဟောင်းကြီးဆိုတော့ကာ ကိုယ်တွေနဲ့ လေပေးဖြောင့်တယ်။ နစ်ရှေးတွေ၊ ပလေတိုတွေ၊ ကားလ်မာ့စ်တွေ
ပြောလို့ရတယ်။ နောက်ပြီး သူက ဝီစကီကောင်းကောင်းကြိုက်တယ်။ ကျွန်တော် သူ့ဆီလာရင် စာအုပ်တစ်အုပ်နဲ့
ဝီစကီတစ်ပုလင်းလောက် ယူလာပေးလေ့ရှိတယ်။ သူသောက်ပြီးပြီဆို ဆေးတံကြီးခဲပြီး ဇိမ်ယူနေတော့တာ။
ခေတ်ဟောင်းက လက်ကျန် ပညာတတ်မျိုးဆက်ထဲကလူတွေ နေလေ့ရှိတဲ့အတိုင်းပဲ။ ကျွန်တော့်ကိုလည်း
ခင်တယ်။ သူ့သမီးနဲ့ ပတ်သက်လို့ ပိုတောင်မှ သဘောကျနေသေးတယ်။ မောင်ရင် နှစ်ဆယ့်တစ်နှစ်ဆိုတာ
အကောင်းဆုံးပဲ၊ ဝီစကီရော လူရောပေါ့ကွာလို့ ပြောပြီး သူ့ဘာသာသူ တဟားဟားသဘောကျနေတတ်တယ်။
ဘာအတွက် အကောင်းဆုံးလဲတော့ ကျွန်တော်လည်း မသိဘူး။
အခန်းထဲမှာ
ရေမိုးချိုးပြီး အောက်ကိုပြန်ဆင်းလာတော့ ညနေစောင်းပဲ ရှိသေးတယ်။ သူ့အမေကြီးနဲ့ အိမ်ရှေ့ခန်းမှာ
ရန်ကုန်က အကြောင်းတွေ၊ ဒီက အကြောင်းတွေ ပြောနေလိုက်တယ်။ သူဘယ်မှာလည်းလို့ မေးကြည့်လိုက်တော့
မြစ်ဘက်ကို ထွက်သွားတယ်ထင်တယ်လို့ မသေမချာဖြေတယ်။ ကျွန်တော်လိုက်သွား လိုက်ဦးမယ်လို့
ပြောပြီး ကျွန်တော်ထွက်လာခဲ့တယ်။ အပြင်မှာတော့ ညနေစောင်းနေပြီ။ တော်တော်လှတယ်။ နွေရာသီဆိုတော့
တိမ်တွေရှင်းပြီး နေသာတယ်။ ကျွန်တော်လည်း မြစ်ကမ်းအတိုင်း လျှောက်လာခဲ့တယ်။ တစ်နေရာရောက်တော့
မြစ်ကမ်း မြက်ခင်းပေါ်မှာ သူထိုင်နေတာတွေ့တယ်။ သူ့ဆံပင်ရှည်တွေက လေထဲမှာ လွင့်နေတယ်။
ကျွန်တော် အနားကို အသံမပေးဘဲ ဝင်ထိုင်လိုက်တော့ သူက လှည့်ကြည့်တယ်။ လေတွေက တိုက်နေတုန်းပဲ။
ဒီမြစ်ကို
ဘယ်လိုခေါ်သလဲ နင်သိလားလို့ ကျွန်တော်က မေးလိုက်တယ်။ သူက သူများတွေတော့ ဘယ်လိုခေါ်သလဲ
မသိဘူး။ ငါကတော့ ဗလကြီးလို့ ခေါ်တယ်လို့ ဖြေပြီး တခစ်ခစ်နဲ့ ရယ်တယ်။ ပြီးတော့မှ သူက
ဆက်ပြောတယ်။ နာမည်ဆိုတာ လူကပေးရတာပဲ၊ ဘယ်သူပဲ ပေးပေး ဘယ်လိုပဲ ပေးပေး ဒီမြစ်က ဒီမြစ်ပဲ
ဖြစ်နေမှာပဲ တဲ့။ ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်တယ်။ နင်စာရေးဖြစ်သေးလားလို့ ကျွန်တော့်ကို
ဆက်မေးတယ်။ ကျွန်တော် ခေါင်းခါလိုက်ရင်း မရေးဖြစ်ဘူး၊ သိပ်မအားဘူး လို့ ခပ်တိုတိုပဲ
ဖြေလိုက်တယ်။ သူက အင်း လို့ ပြောပြီး ဒူးခေါင်းပေါ် မေးစေ့တင် ထိုင်လိုက်တယ်။ သူ့ဆံပင်တွေက
လွင့်နေတုန်းပဲ။ နင် ဆံပင်တွေ ရှည်လာတယ်လို့ ကျွန်တော်လည်း ပြောလိုက်မိတယ်။ သူက အခုမှ
သတိရသွားသလိုနဲ့ သူ့ဆံပင်တွေကို လှမ်းကိုင်လိုက်ပြီး ပြုံးတယ်။
ကျွန်တော်လည်း
မြစ်ရေပြင်ကို ငေးကြည့်နေလိုက်တယ်။ ခဏနေတော့ သူက ငါလည်း ကဗျာတွေ ရေးနေတယ် လို့ ပြောတယ်။
ကျွန်တော်သူ့ဘက်ကို လှည့်ကြည့်ပြီးတော့ စီးပွားရေးသမားတွေ ကဗျာရေးဖို့ လိုလို့လား၊
ငါကတော့ အရင်းရှင်တွေဟာ အကျိုးအမြတ်မရှိရင် လေတောင်မချွန်ဘူးလို့ ကြားတာပဲလို့ သူ့ကို
နောက်လိုက်တယ်။ သူက ခပ်ဟဟ ရယ်တယ်။ နောက်မှ နင်ကငါ့ကို စီးပွားရေးသမားလို့ ထင်လို့လားလို့
အဖြေမလိုတဲ့ မေးခွန်းမျိုးပြောတယ်။ ငါအခု ကဗျာရေးတာ ငါ့အနေနဲ့ ငါရေးတာ၊ စီးပွားရေးသမားတစ်ယောက်၊
သမီးတစ်ယောက်အနေနဲ့ ရေးတာမဟုတ်ဘူးလို့ ဆက်ပြောတယ်။ သူခေါင်းငုံ့သွားတယ်။ မျက်နှာကို
လွင့်နေတဲ့ ဆံပင်တွေက ကွယ်သွားတယ်။ ငါ တစ်ဘဝလုံး အစီအစဉ်တကျ နေလာခဲ့တာ၊ မနက်စာကို ဘာနဲ့စားမယ်၊
ဘယ်ကျောင်းတက်မယ်၊ ဘာလုပ်မယ် အစစ အရာရာ အမေပဲ စီစဉ်ခဲ့တာ၊ ငါ ဘာလုပ်ချင်သလဲဆိုတာ တစ်ခါမှ
မစဉ်းစားခဲ့ဖူးဘူး။ နင်ပြောသလို အကျိုးရှိမယ့်ဟာတွေပဲ လုပ်နေခဲ့တာပဲ။ အခုမှ လက်တွေ့ဘဝထဲက
နည်းနည်းထွက်ပြီး ငါအိပ်မက်မက်ကြည့်တာ။ လို့ ပြောတယ်။ ကျွန်တော့်ကို ဦးတည်ပြီးပြောနေတာလား
တစ်ယောက်တည်းပဲ ပြောနေတာလား ကျွန်တော်လည်း မသေချာဘူး။ ကျွန်တော်လည်း အင်း လို့ ပြောပြီး
ခေါင်းငြိမ့်နေလိုက်မိတယ်။ ငါ့ကိုလည်း ပေးဖတ်လေလို့ နောက်မှ တိုးတိုးလေး ပြောမိတယ်။
သူက ခေါင်းငြိမ့်တယ်။
အနောက်ဘက်
မိုးကုတ်စက်ဝိုင်းမှာ နေဝင်တော့မယ်။ လေလည်း နည်းနည်း ငြိမ်သွားပြီ။ ဒီမြစ်ရဲ့ အဆုံးမှာ
ဘာရှိသလဲ နင်သိလားလို့ သူ့ကို မေးလိုက်တယ်။ သူက ကျွန်တော့်ကို လှည့်ကြည့်တယ်။ ပြီးတော့
မြစ်တွေရဲ့ အဆုံးမှာ ပင်လယ်ပဲရှိကြတာချည်းပဲလို့ သူကဖြေလိုက်တယ်။ ကျွန်တော်က ကျောက်ခဲတစ်လုံးကို
ကောက်ပြီး မြစ်ထဲကို ပစ်လိုက်တယ်။ မြစ်တိုင်းရဲ့အဆုံးမှာ ပင်လယ်တော့ ရှိကောင်းရှိမှာပဲ။
ဒါပေမယ့် ပင်လယ်ထဲမဝင်တဲ့ မြစ် အနည်းဆုံး တစ်ခုလောက်တော့ ရှိမနေနိုင်ဘူးလား။ အနည်းဆုံးတော့
ငါ့အရှေ့ကမြစ်ဟာ ပင်လယ်ထဲ မစီးအောင် ကြိုးစားကြည့်နိုင်တာပဲ။ ငါ့အတွက်တော့ လောကကြီးဟာ
မသေချာ၊ မရေရာမှုတွေနဲ့ တည်ဆောက်ထားတာပဲ။ မနက်ဖြန်ဆိုတာကိုတောင် ပုံသေမှတ်ယူထားလို့
မရဘူး။ ဒါပေမယ့် အနည်းဆုံးတော့ ပစ္စုပ္ပာန် ရှိနေသေးတယ်။ မနက်ဖြန်အတွက် ပူနေမယ့်အစား
ဒီနေ့ အသက်ရှင်နေတာက ပိုပြီး အကျိုးရှိတယ်။ လို့ အရှည်ကြီးပြောလိုက်တယ်။
မြစ်ကမ်းရဲ့
အနောက်ဘက်မှာတော့ နေဝင်သွားပြီ။ အလင်းရောင်ကတော့ ရှိနေတုန်းပဲ။ သူက ဘာအသံမှ မထွက်ဘဲ
ငြိမ်ပြီး ထိုင်နေတယ်။ သူ့ဆံပင်တွေ လေထဲမှာ မလွင့်တော့ဘူး။ သူ့မျက်နှာကို ဆံပင်တွေကွယ်နေလို့
မမြင်ရဘူး။ ကျွန်တော်က မတ်တပ်ရပ်လိုက်ပြီး သွားရအောင်၊ ငါ ပစ္စုပ္ပာန်မှာ ညစာ စားချင်သေးတယ်
လို့ ပြောလိုက်တယ်။ သူက လှည့်ကြည့်ပြီး ပြုံးတယ်။ အဲဒီနေ့က ကျွန်တော်လက်ကမ်းပေးလိုက်တော့
ရလိုက်တဲ့ သူလက်က အနွေးဓာတ်ကို အခုထိ မှတ်မိနေတုန်းပဲ။
2 comments:
それです一般比較的共通に見て任意人置くルイヴィトン バッグのペア。背の高いバッグもありますちょうど約2 つ状況ほど背が高く。彼は書いている
ニュース オーストラリアでフラッシュ
これまで ので 通常。 これらのシーケンスは
作った 2 つの色合いで: メディック ゴールド、ピューター。
so nice (Y)
Post a Comment