Monday, March 8, 2010

ခေါင်းစဉ်တပ်၍မရသော

ခြံနားရောက်တယ်ဆိုရင်ပဲ ဒေးဗစ်က ကြိုစောင့်နေတာကို တွေ့ရတယ်။ ခါတိုင်းဆို ကျွန်တော် ရောက်ပြီး အသံပေးလိုက်မှ သူထွက်လာနေကြ။ ဒီနေ့တော့ စောရောက်နေတော့ အိမ်ရှင်ကြီး ခရီးသွားနေတယ်ဆိုတာ တွေးလိုက်မိတယ်။ အိမ်ရှင်ကြီးက ဒီလိုပဲ ခဏခဏ ခရီးသွားနေကြ။ တစ်ခါသွားရင် တနင်္ဂနွေတစ်ပတ်လောက် ကြာတတ်တယ်။ အိမ်ရှင်ကြီး ရှိရင် ဒေးဗစ်ကို အရိပ်တကြည့်ကြည့်နဲ့ ခြံပြင်ပေးထွက်တာမဟုတ်ဘူး။ သူ့ခမြာ ခိုးထွက်ရတာ။ ကျွန်တော်နဲ့ တွေ့ဖို့ဆိုရင် အိမ်ရှင်ကြီး အလစ်မှာ ခြံထောင့်က အပေါက်ကလေးကနေ ခိုးထွက်ရတယ်။ ဒေးဗစ်က သူဌေးအိမ်မှာနေတဲ့ကောင်သာဆိုတယ် ကျွန်တော့်ကိုတော့ ခင်တယ်။ ခင်ဆို သူ့ကို ကျွန်တော်က ကူညီထားဖူးတာကိုး။ တစ်ခါက ဒီကောင် ခြံပြင်ခိုးထွက်လာတုန်း ရပ်ကွက်ထဲက ကောင်တွေနဲ့ ရန်ဖြစ်တုန်းက ကျွန်တော်က သူ့ဘက်ကနေ ဝင်ပြီး ကူညီထားပေးဘူးတယ်။ အဲဒီကတည်းက ဒီကောင် ကျွန်တော့်ကို အရမ်းခင်သွားတာ။ တစ်ခါတစ်လေဆိုရင် သူစားလို့ မကုန်တာတွေကိုတောင် ကျွန်တော့်ကို ကျွေးသေးတယ်။ အမြဲတမ်းရယ်တော့လည်း မဟုတ်ပါဘူး။ ကျွန်တော်ကလည်း အပေအတေသာဆိုတယ် မာနကလေးနဲ့တော့ နေသေးတယ်။


ကျွန်တော်ကလည်း ဒီကောင်နဲ့ စကားပြောရတာ ကြိုက်တယ်။ ကျွန်တော်တို့ တစ်ပတ်ကို တစ်ခါ နှစ်ခါလောက်တော့ စကားပြောဖြစ်ကြတယ်။ ဒီကောင်က သူဌေးအိမ်မှာ နေတော့ ဗဟုသုတစုံတယ်။ သူနဲ့ စကားပြောရတာ ဗဟုသုတ အတွေ့အကြုံ အများကြီးရတယ်။ သူ့အိမ်က လူတွေ အကြောင်းတွေ ပြောပြတယ်။ ကျွန်တော် သူနဲ့ပေါင်းတာ ရပ်ကွက်ထဲက ကောင်တွေက သိပ်ကြည်တာမဟုတ်ဘူး။ အမျိုးကောင်းနဲ့ ပေါင်းပြီး မြောက်ကြွမြောက်ကြွဖြစ်တယ် ဘာညာနဲ့ မကြားတကြားပြောကြတယ်။ ကျွန်တော်ကတော့ သူတို့ကို ဂရုမစိုက်ပေါင်။ အားလုံးမှာ ရွေးချယ်ခွင့်၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိတယ်မဟုတ်လား။ ပြီးတော့ ဒီကောင်တွေက ဒေးဗစ်ကို ခြံနဲ့ ဝင်းနဲ့ နေရတယ်ဆိုပြီး အသားလွတ် မနာလို ဖြစ်နေကြတာပါ။ ကျွန်တော့် စိတ်ထဲမှာတော့ အမျိုးကောင်းတွေ၊ အမျိုးညံ့တွေ ဘာတွေ ခွဲမနေဘူး။ ခွေးအားလုံး အတူတူပဲ။ ဖြစ်နိုင်ရင် တစ်နေ့ ခွေးအားလုံး အခွင့်အရေး တန်းတူညီမျှ ရရှိရေး အတွက် လှုပ်ရှားမယ်လို့ စိတ်ကူးတယ်။ အဲလို ကြီးကြီးကျယ်ကျယ်တွေ လျှောက်တွေးနေလို့လဲ ရပ်ကွက်ထဲက ကောင်တွေ ကျွန်တော့်ကို အမြင်ကပ်တာနေမှာ။ ဒါပေမဲ့ ဂရုမစိုက်ပေါင်။ အပင်မြင့်လေ လေတိုက်လေ မဟုတ်လား။

ဒေးဗစ်က တစ်ခါတစ်လေ သူ့အိမ်က အကြောင်း၊ သူ့အိမ်က လူတွေအကြောင်း ပြောပြတယ်။ ဒီကောင်လဲ မဆိုးဘူးလို့ ပြောရမယ်။ စကားပြောရင် ဒဿနတွေ ညှပ်ညှပ်ပြောတတ်တယ်။ ဒါကြောင့်လဲ ကျွန်တော်နဲ့ ပေါင်းလို့ရတာနေမှာ။ သူ့အိမ်မှာ လူက သုံးယောက်တည်းနေတာ။ အိမ်ရှင်ကြီးရယ် သူ့သားနဲ့သမီး နှစ်ယောက်ရယ်ပဲရှိတယ်။ အိမ်ရှင်ကြီးရဲ့ အမျိုးသမီးကတော့ ဆုံးသွားတာကြာပြီ။ သူတို့အိမ်ကလူတွေ အရမ်းဘိုဆန်တဲ့အကောင်း၊ ထမင်းစားရင် ဇွန်းနဲ့ ခက်ရင်းနဲ့ ပဲ စားကြတဲ့အကြောင်း၊ မနက်စာကို ပေါင်မုန့်ပဲ စားကြတဲ့အကြောင်း၊ အိမ်ရှင်ကြီးဆိုရင် နိုင်ငံခြားကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားနေရကြောင်းတွေ ပြောတတ်တယ်။ သူ့ကိုလဲ အင်မတန် ဂရုစိုက်ကြကြောင်း၊ တစ်နေ့နှစ်ခါ ရေချိုးပေးကြောင်းလဲ ပြောပြတတ်တယ်။ သူအဲ့လို ပြောပြီဆိုလို့ရှိရင် ကျွန်တော်တောင် တစ်ခါတစ်လေ အားကျချင်သလိုလို ဖြစ်လာတတ်သေးတယ်။ မင်းက ဘာဖြစ်လို့ သခင်နဲ့မနေတာလဲလို့ သူက ကျွန်တော့်ကို မေးဖူးတယ်။ လွတ်လွတ်လပ်လပ် နေချင်လို့ လို့ ကျွန်တော်က တုံးတိတိ ဖြေလိုက်တယ်။ ငါက အဲလို အိမ်နဲ့ဝင်းနဲ့ သခင်နဲ့ နေရာတကျ နေရတာကို သိပ်ပြီးတော့ သဘောမကျချင်လှဘူး။ သွားစရာရှိသွား၊ လာစရာရှိလာ၊ ဗိုက်ဆာရင် အစာရှာစားလိုက်၊ အဲလို ဘဝကိုပဲ ပိုပြီးနှစ်သက်တယ် လို့ ပြန်ဖြေလိုက်တယ်။ သူက ခွေးတစ်ကောင်ရဲ့ ဂုဏ်သတ္တိက သခင်အပေါ်မှာ သစ္စာရှိခြင်းပဲကွ လို့ပြောတယ်။ ဒါဆိုလဲ ငါ့ကို အဆင့်အတန်းမပြည့်မီတဲ့ ခွေးတစ်ကောင်လို့ သတ်မှတ်လိုက်ပေါ့ လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူက သဘောကျသလိုလို ခေါင်းညိမ့်ပြီး ပြုံးတယ်။

သူ့အိမ်ရှင်ကြီးက အတော်လေး ချမ်းသာတဲ့ လူကုံထံကြီးလို့ ဆိုရမယ်။ ကားတွေအများကြီးနဲ့ သူဌေးတို့ရဲ့ စရိုက်လက္ခဏာ အပြည့်ရှိတယ်။ သူဌေးတို့ရဲ့ စရိုက်လက္ခဏာဆိုတာ ဗိုက်ရွဲခြင်း၊ ဆံပင်ကို အမည်းခဏခဏ ဆိုးခြင်း၊ ကားအမြင့်ကြီးတွေစီးခြင်း စတာတွေကို ပြောတာ။ အိမ်ရှင်ကြီးက မျိုးရိုးနဲ့ချမ်းသာတာလို့ ပြောတယ်။ သူက နဂိုကတည်းက ချမ်းသာလာတဲ့အပြင် သူယူလိုက်တဲ့ မိန်းမကလည်း ချမ်းသာပြီးသားဆိုတော့ ရွှေတွင်းထဲကို စိန်တုံးတွေ လောင်းချလိုက်သလိုပဲပေါ့။ ဒါပေမယ့် သူ့ကို ကြည့်ရတာ ချမ်းသာတဲ့ သုခကို အပြည့်အဝ မခံစားရသလိုပဲ။ ကျွန်တော်ဆို သူ့လို စားစရာ၊ သောက်စရာအတွက် မပူရဘူးဆိုရင် အေးအေးဆေးဆေး နှပ်နေပြီပေါ့။ ခုတော့ မနက်ကတည်းက ကုမ္ပဏီတွေ၊ အစည်းအဝေးတွေသွားလိုက်ပြီး ညကျမှ ပြန်ရတယ်။ ညဆိုရင်လဲ သူ့အခန်းမီးက တော်တော်နဲ့ မပိတ်ဘူး။ အလုပ်လုပ်နေတယ်ထင်ပ။ တစ်ခါတစ်လေ သူ့ကို ကြည့်ပြီး သနားမိသလိုတောင် ဖြစ်မိတယ်။

သူ့သားအကြီးကတော့ စာအုပ်သမား။ တစ်ချိန်လုံးစာအုပ်ပဲ ဖတ်နေတာတွေ့တယ်။ ဒေးဗစ်ပြောပုံအရတော့ သူက ဖလော်သမားဆိုလား၊ တွေးခေါ်ရှင်ဆိုလားပဲ။ ဖြစ်နိုင်တယ်။ သူ့ကိုကြည့်ရတာ ဆံပင်ရှည်ရှည် ညင်းသိုးသိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပုံမရဘူး။ ကြည့်လိုက်ရင် အမြဲတမ်း တစ်စုံတစ်ရာကို အလေးအနက် တွေးနေပုံရတယ်။ သူဖတ်လိုက်တဲ့ စာအုပ်တွေဆိုလည်း အထူကြီးတွေပဲ။ အင်းပေါ့လေ။ သူက စီးပွားရှာစရာမလိုတော့ အချိန်တွေပိုပြီး ဒီလိုတွေးနေနိုင်တာဖြစ်မယ်။ စီးပွားရှာဖို့ သူ့အဖေကြီးတစ်ယောက်လုံး ရှိတာကိုး။ သူ့ညီမ ကောင်မလေးကတော့ ချစ်စရာလေး။ အသားဖြူဖွေးဖွေးလေးနဲ့။ တစ်ခါတစ်လေ ညနေဘက်တွေဆိုရင် ဒေးဗစ်နဲ့အတူ လမ်းလျှောက်ထွက်လေ့ရှိတယ်။ ကောင်မလေးက ချောတော့ ရပ်ကွက်ထဲက ပိုးပန်းတဲ့ ကာလသားတွေကလဲ အများသား။ ဒါမဲ့ ဒေးဗစ်က အကောင်ကြီးတယ်။ တော်ရုံကောင်တွေ ဒေးဗစ်ကြောင့် မကပ်ရဲကြဘူး။ သူကလဲ သစ္စာရှိတယ်။ အနားလာကပ်တဲ့ ငတိတွေမြင်တာနဲ့ ဂူးဂူးဂဲဂဲ လုပ်ပြီး ဖြဲခြောက်တော့တာပဲ။ ကျွန်တော်ကတော့ ဒီကောင် ကိုက်ရဲမယ်လို့ မထင်ဘူး။ သူရန်ဖြစ်တုန်းကတောင် ကျွန်တော်ကူညီလို့ သူ သက်သာတာမဟုတ်လား။ ပြီးတော့ သူတို့ လမ်းလျှောက်ထွက်တဲ့အခါ ဒေးဗစ်လည်ပင်းမှာ ချည်ထားတဲ့ ကြိုးကိုတွေ့ရင် ဘာကြောင့်မှန်းမသိဘူး ကျွန်တော်သူ့ကို အရမ်းသနားတာပဲ။

ဒီနေ့ ဒေးဗစ်ကို ကြည့်ရတာ မျက်နှာမကောင်းဘူး။ တစ်ခုခု ဖြစ်ထားပုံရတယ်။ ကျွန်တော်လည်း မင်း ဘာဖြစ်ထားတာလဲ ဟေ့ရောင် လို့ မေးလိုက်တယ်။ သူက အိမ်မှာ စိတ်ညစ်စရာတွေ ဖြစ်နေလို့ပါကွာ၊ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ ဆိုသလိုပေါ့။ ငါ့ သခင်မလေး ယောက်ျားနောက် လိုက်ပြေးသွားလို့။ လို့ပြောတယ်။ ဟေ၊ ဘယ်သူနဲ့လဲ လို့ ကျွန်တော်လဲ မေးလိုက်မိတယ်။ ရပ်ကွက်ထဲက တစ်ကောင်နဲ့ ပါကွာ။ သူနဲ့က ကြိုက်နေကြတာ ကြာပြီ။ အိမ်ရှင်ကြီးက လုံးဝသဘောမတူဘူး။ အမျိုးမျိုးဖျက်တယ်။ ထိန်းချုပ်တယ်။ နောက်ဆုံး ထိန်းချုပ်တာ များတော့ အခုလို လွတ်ထွက်သွားတာ နေမှာပေါ့။ အဲ့ဒါ အိမ်ရှင်ကြီး ဒေါတွေပွပြီး အိပ်ယာထဲမှာ သွေးတိုးနေတယ်။ လူတွေက စိတ်ညစ်စရာကြီးပါကွာ လို့ သူကပြောတယ်။ သူ့ သားအကြီး ဖလော်ဆော်ဖာ ကရော။ ဘာမှမလုပ်ဘူးလားလို့ ကျွန်တော် မေးလိုက်တယ်။ သူကတော့ အိမ်ရှင်ကြီးကို တရားချနေတယ်။ လူတိုင်းမှာ ရွေးချယ်ခွင့်ရှိပါတယ်။ လူ့အသိုင်းအဝိုင်းမှာ လူတိုင်းဟာ သီးခြားစီ ရပ်တည်နေတာပဲလေ။ သူ ကြိုက်တာ သူရွေးပစေပေါ့ အဖေရယ်။ အဖေက ဘာတွေဝင်ပြီး ခံစားနေရတာလဲ။ စတာတွေပေါ့ကွာ။ လို့ ဒေးဗစ်ကပြောတယ်။ သူပြောတာ ဟုတ်တော့လဲ ဟုတ်တာပဲလို့ ကျွန်တော်လည်း ဝင်ပြီး ထောက်ခံလိုက်မိတယ်။ ဒါနဲ့ အိမ်ရှင်ကြီးက ဘာဖြစ်လို့ ကောင်မလေးရဲ့ ရည်းစားနဲ့ သဘောမတူရတာလဲ လို့ ဆက်ပြီးမေးလိုက်တယ်။ ကောင်လေးက ဆင်းရဲတယ်။ အဖေကလည်း ထောင်ထဲမှာ အမေကတော့ ဆုံးသွားတာ ကြာပြီလို့ကြားတယ်။ ကောင်လေးကတော့ လူကောင်းလေးပါ။ အဓိကကတော့ကွာ မျိုးရိုးဂုဏ်သိက္ခာ မတူလို့ တဲ့ လို့ သူကပြောတယ်။

ဒေးဗစ်ပြောသွားတဲ့အထဲမှာ နောက်ဆုံးစကားလုံးတွေကို ကျွန်တော်မရှင်းဘူး။ ကောင်လေးမျိုးရိုးနဲ့ ကောင်လေးနဲ့ ဘာဆိုင်တာမို့လို့ အိမ်ရှင်ကြီးက သဘောမတူရတာလဲဆိုတာကို ကျွန်တော်နားမရှင်းဘူး။ အဓိကက ကောင်လေးက ရိုးရိုးသားသား ဖြစ်နေရင် ပြီးတာပဲလို့ ကျွန်တော်ထင်တယ်။ အိမ်ရှင်ကြီးက ဘယ်လိုတွေးလဲတော့ ကျွန်တော်လဲ မပြောတတ်တယ်။ အစက မျိုးရိုးနဲ့ ခွဲခြားဆက်ဆံတာ ကျွန်တော်တို့ ခွေးလောကမှာပဲ ရှိတယ်အောက်မေ့နေတာ၊ ခုတော့ လူတွေမှာလဲ ဒီလိုကိစ္စမျိုးတွေ ရှိတတ်တာကိုး။ တကယ်တော့ လူတွေနဲ့ ကျွန်တော်တို့ခွေးတွေ သိပ်တော့လဲ ကွာခြားလှတာ မဟုတ်ပါဘူးလို့တောင် ဆက်တွေးမိလိုက်သေးတယ်။ ကျွန်တော်တို့ ခွေးတွေ အဆင့်အတန်းခွဲခြားဆက်ဆံတာတွေ ပြေလည်အောင် လုပ်ပြီးရင် လူတွေကိုလဲ ပြေလည်အောင် ဆက်လုပ်ရဦးမယ်လို့တောင် စဉ်းစားမိလိုက်သေးတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက ကျွန်တော်တို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ မဟုတ်လား။

4 comments:

တေလေ said...

:)

Notes on Web of My Pieces said...

လောကမှာ နှစ်ယောက် မရှိဘူးနော်...ညီ....း)

Arkar Kyaw said...

:) ဟုတ်

တေဇာ (လရောင်လမ်း) said...

ကြိုက်၏။