Wednesday, September 29, 2010

ရုံးတော်မှတစ်ဆင့် ကာ(ဖ)ကာကို ချဉ်းကပ်ခြင်း

ဗျို့ ဦးတေဇာ,

ဦးလေး ဘာသာပြန်တဲ့ ကာ(ဖ)ကာရဲ့ ဝတ္ထုကို ဖတ်ရတယ်။ သဘောလည်းကျတယ်။ တကယ်တော့ အဲဒီ အရေးအသားကို ဖတ်ဖူးတာ ပထမဦးဆုံးတော့ မဟုတ်ဘူး။ တခြားသူတွေ ဘာသာပြန်တာ ဖတ်ဖူးသေးတယ်။ မူရင်းလည်း ဖတ်ဖူးတယ်။ အဲ့ဒီ အရေးအသားဟာ သီးသန့်တော့ မဟုတ်ဘူး။ မှတ်မှတ်ရရ The Trial ဝတ္ထုထဲမှာ ပါတယ်။ အဲ့ဒီထဲက ပုံပြင်လေးကို ပြန်ပြီး ကောက်နုတ်ထားတာလို့တော့ ထင်တယ်။ ထားပါတော့။ ပြောချင်တာက အဲ့ဒါ မဟုတ်ဘူး။

ကာ(ဖ)ကာ ဆိုတာက စာရေးဆရာတွေထဲမှာ အလွန်သိမ်မွေ့ပြီး နားလည်ရခက်တဲ့ စာရေးဆရာတစ်ယောက်ပဲ။ သူ့အရေးအသားတွေကို တစ်ခေါက်ဖတ်ရုံနဲ့ နားမလည်ဘူး။ သုံးလေးငါးခေါက် သေသေချာချာ ဖတ်ရတယ်။ ပြီး သေသေချာချာ ဆက်တွေးရတယ်။ ကာ(ဖ)ကာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားခဲ့တဲ့ ဝေဖန်ရေးဆရာတွေလည်း အများကြီးပဲ။ တစ်ယောက်တစ်မျိုးနဲ့ ကာ(ဖ)ကာကို ချဉ်းကပ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ဟာလည်း ကာ(ဖ)ကာရဲ့ အနီးအနားကို ရောက်လာနိုင်စွမ်း မရှိခဲ့ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်လည်း ဥာဏ်စွမ်းသလောက် ကာ(ဖ)ကာရဲ့ တရားခွင်ကို ချဉ်းကပ်ကြည့်မယ်။


ဒီပုံပြင်ကို ရုတ်တရပ် ဖတ်ကြည့်လိုက်ရင် တံခါးမှူးကြီးက အဘိုးကြီးကို လှည့်စားထားတယ်လို့ ထင်ချင်စရာပဲ။ ဒီလိုကောက်ချက်ဆွဲဖို့လည်း ဆင်ခြေတွေကို တွေ့ရတယ်။ တံခါးမှူးရဲ့ တာဝန်ဆိုတာ လူစိမ်းသူစိမ်းတွေ မဝင်အောင် စောင့်ကြပ်ရမယ့် တာဝန်ပဲ ဖြစ်ရမှာပေါ့။ တံခါးက အဘိုးကြီးအတွက် ရည်ရွယ်ထားတဲ့အတွက် အဘိုးကြီးကို ဝင်ခွင့်ပေးသင့်တာပေါ့။ အခုတော့ သူက ကူညီလို့မရတဲ့အချိန်ကျမှ လွတ်မြောက်မယ့်စကားကို ပြောခဲ့တယ်။ ဒါက တံခါးမှူးကြီးရဲ့ မရိုးသားမှုပဲ။ တာဝန်ကို ဘန်းပြပြီး နားလှည့်ပါးရိုက် လုပ်ခဲ့တာပဲ။

ဒါပေမယ့် တံခါးမှူးကြီးဘက်ကနေ ပြန်လည်ချေပမယ် ဆိုရင်လည်း ဖြစ်နိုင်သေးတာကို တွေ့ရတယ်။ တံခါးမှူးကြီးဟာ သူ့တာဝန်ကို သူကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။ သူ့မှာ လက်ကိုင်ထားစရာ အချက်နှစ်ချက်ရှိတယ်။ တစ်ချက်က အခုအချိန်မှာ အဘိုးကြီးကို ဝင်ခွင့်မပေးနိုင်ဘူးဆိုတာနဲ့ ဒီတံခါးဟာ လူတစ်ယောက်တည်းအတွက် ရည်ရွယ်ထားတယ်ဆိုတဲ့ အချက်ပဲ။ အဘိုးကြီးကို တစ်ချိန်ချိန်မှာ ဝင်ခွင့်ရနိုင်တယ်လို့ ပြောလိုက်တဲ့အတွက် သူ့တာဝန်ရဲ့ လိုတာထက်တောင် ပိုသွားတယ်လို့ ပြောလို့ရသေးတယ်။ လောလောဆယ် အချိန်မှာတော့ သူ့တာဝန်က ဝင်ခွင့်မပြုဖို့ပဲ။ သူဟာ ကာလတစ်လျှောက်လုံး သူ့တာဝန်က အနားမယူခဲ့ဘူး။ နောက်ဆုံးအချိန်အထိ တံခါးကို မပိတ်ခဲ့ဘူး။

သူ့ ခေါင်းထဲမှာ ရုံးတော်ဆိုတာပဲ ရှိတယ်။ သူ့အထက်က တံခါးမှူးတွေကိုလည်း လေးစားတယ်။ ဒါကြောင့်လည်း ကျုပ်က အနိမ့်ဆုံးတံခါးမှူးတစ်ယောက်လို့ ပြောခဲ့တယ်။ အဘိုးကြီးပေးတဲ့ ပစ္စည်းတွေအားလုံး သူယူပေမယ့် ဒါဟာ လာဘ်စားတာ မဟုတ်ဘူး။ မလုပ်လိုက်ရတဲ့ကိစ္စ မရှိရလေအောင် အဘိုးကြီးအတွက် ယူပေးရတာပဲ။ တာဝန်နဲ့ ပတ်သက်လာရင် တံခါးမှူးကြီးကို ခြိမ်းခြောက်လို့လည်း မရဘူး။ အသနားခံလို့လည်း မရဘူး။ သူက သစ္စာရှိတဲ့ တံခါးမှူး တစ်ယောက်ပဲ။

တရားရုံးတော်ဝင်ခွင့်ကို ပြတ်ပြတ်သားသား ပိတ်ပင်ထားပေမယ့် အဘိုးကြီးကို နောက်နောက်ပြောင်ပြောင်နဲ့ အထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့သလို တံခါးဘေးမှာ ထိုင်စောင့်ဖို့လည်း ခွေးခြေတစ်လုံး ပေးခဲ့တယ်။ နားပူနားဆာ လုပ်နေတဲ့ အဘိုးကြီးကို နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် သည်းခံပေးခဲ့တယ်။ ဒါတွေကို ကြည့်ရင် တံခါးမှူးကြီးမှာ ကရုဏာတရား အပြည့်ရှိတယ်ဆိုတာ သိသာနိုင်တယ်။ နောက်ဆုံးမှာ အဘိုးကြီးမေးချင်တဲ့ မေးခွန်းကို သူကိုယ်တိုင် အနားမှာ ခါးကုန်းပြီး နားထောင်ပေးခဲ့တယ်။ ဒီမေးခွန်းဟာ အဆုံးသတ်ဆိုတာလည်း သူသိနေတယ်။ ဒါကြောင့် ခင်ဗျားဟာ လိုဘမပြည့်နိုင်ဘူး ဆိုတဲ့ စကားက ကရုဏာဒေါသနဲ့ ပြောလိုက်တဲ့စကားကလွဲပြီး ဘာမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီပုံပြင်မှာ တံခါးမှူးကြီးဟာ အပြစ်ရှိသူတစ်ယောက် မဟုတ်ပေဘူး။ ဗီလိန်တစ်ယောက်မဟုတ်ဘူး။ ဇာတ်ပို့နေရာမှာပဲရှိတယ်။

စင်စစ် ဆက်တွေးကြည့်လိုက်ရင် တံခါးမှူးကြီး ကိုယ်တိုင်တောင် လှည့်စားခံနေရတယ်လို့ ပြောနိုင်သေးတယ်။ သူရဲ့ အသိဥာဏ်ဟာ သေးငယ်လွန်းလှတယ်။ သူဟာ ရုံးတော်အကြောင်းကိုတောင် သေသေချာချာ သိတဲ့သူတစ်ယောက် မဟုတ်ဘူး။ တတိယမြောက်အစောင့်ကို ကြည့်တောင် မကြည့်ရဲဘူးဆိုတဲ့ အတွက် သူရဲ့ ရုံးတော်နဲ့ ပတ်သက်တဲ့ အသိဟာ တတိယအဆင့် အထိပဲရှိတယ်လို့ သိရတယ်။ အပေါ်ယံကြည့်ရင်တော့ တံခါးမှူးကြီးဟာ အဘိုးကြီးကို တားဆီးထားတဲ့ အာဏာရှိတယ်လို့ ထင်ရတယ်။ အဘိုးကြီးဟာ သနားစရာကောင်းတဲ့ ဇာတ်ကောင်လို့ ထင်နေရတယ်။ တကယ်တန်းတော့ ဒီပုံပြင်မှာ တံခါးမှူးကြီးဟာ သနားစရာ အကောင်းဆုံးပဲ။ သူဟာ အဘိုးကြီးကို တားဆီးထားနေရတဲ့ တာဝန်နဲ့ သူအချုပ်ကျနေတယ်။ ချုပ်တဲ့သူနဲ့ အချုပ်ခံရသူ နှစ်ယောက်မှာ နှစ်ယောက်စလုံး လွတ်လပ်ခွင့်ကို ဆုံးရှုံးကြတာပဲ မဟုတ်လား။ တံခါးမှူးကြီးရဲ့ ဘဝဟာ သနားစရာကောင်းလောက်အောင် ချုပ်ချယ်ခံထားရတယ်။ သူ့ရဲ့ အသိဥာဏ်ဟာလည်း နုံနဲ့လှတယ်။ သူ့ရဲ့ ဖြစ်တည်မှုဟာ ဒဿနိက စကားနဲ့ပြောရရင် inauthentic existence ပဲ။

တံခါးမှူးကြီးနဲ့ ယှဉ်ရင် အဘိုးကြီးမှာ အများကြီး လွတ်လပ်ခွင့်ရှိတယ်။ သူ့မှာ ရွေးချယ်ခွင့်တွေ ရှိတယ်။ သူနဲ့ကပ်လျက်မှာ ရုံးတော်တစ်ခုပဲ ရှိသလို ရုံးတော်နဲ့သူ့အကြားက အဟန့်အတားဟာလည်း တံခါးမှူးဆိုတဲ့ လူတစ်ယောက်ပဲရှိတယ်။ သူသွားချင်တဲ့နေရာ သွားနိုင်တယ်။ ရုံးတော်တံခါးဘေးမှာထိုင်ပြီး ဘဝနှစ်ကာလတွေကို ဖြုန်းတီးလိုက်တာ သူ့ရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒနဲ့ ရွေးချယ်တဲ့ကိစ္စပဲ။ သူ မလုပ်ချင်ရင်လည်း ဖြစ်တယ်။

အပေါ်ယံကြည့်ရင် အဘိုးကြီးဟာ တံခါးမှူးကြီးရဲ့ အချုပ်အနှောင်ကို ခံထားရသလိုရှိတယ်။ တကယ်တန်းတော့ ပြောင်းပြန်ပဲ။ တံခါးမှူးကြီးကသာ အဘိုးကြီးရဲ့ ချုပ်နှောင်ခြင်းကို ခံနေရတာပဲ။ တံခါးမှူးကြီးဟာ သူသွားချင်တဲ့နေရာ မသွားနိုင်ဘူး။ တရားရုံးတာဝန်တွေနဲ့ပဲ ချည်နှောင်ခံထားရတယ်။ ဒီကနေ သူထွက်မသွားနိုင်သလို တရားရုံးတော်ထဲကိုလည်း မဝင်နိုင်ပြန်ဘူး။ သူ့တာဝန်ဟာ အပေါက်ဝတစ်ခုတည်းမှာပဲ အကန့်အသတ်ခံနေရတယ်။ သူ့တာဝန်ကျေပွန်ဖို့ မျှော်လင့်ထားတဲ့ လူတစ်ယောက်ကို စောင့်နေရသလို၊ သူ့တာဝန် ပြီးဆုံးမှုကလည်း အဘိုးကြီးရဲ့ ဘဝသက်တမ်းအပေါ် မှီခိုနေရတယ်။ တံခါးမှူးကြီးဟာ စင်စစ် လှည့်စားခံထားရတဲ့ သနားစရာ ဇာတ်ကောင်ပဲ။

ဟော.. တွေးရင်းရေးရင်းနဲ့ အတော်တောင် ရှည်သွားပြီ။ ဒီအရေးအသားဟာ ကြောက်ခမန်းလိလိ နူးညံ့သိမ်မွေ့ပြီး လျှို့ဝှက်နက်နဲတယ်။ ဆက်စဉ်းစားမိတာက ကျွန်တော်တို့တွေကော ဒီလို ဝင်ခွင့်မရနိုင်တဲ့ တံခါးပေါက်ကို ဝင်ခွင့်ရလိုရငြား ခွေးခြေကလေးနဲ့ ထိုင်စောင့်နေခဲ့တာ ဘယ်လောက် ကြာခဲ့ပြီလဲ။ ကိုယ်ပိုင် ပစ္စည်းတွေကို အဆုံးအရှုံးခံပြီး ဘယ်တော့မှ မရနိုင်မယ့် ဝင်ခွင့်ကို မျှော်လင့်နေရင်းနဲ့ သေသွားတော့မှာလား။ ရွေးစရာတွေ အများကြီးရှိရက်နဲ့ ခွေးခြေကလေးမှာ ထိုင်စောင့်ဖို့ ရွေးချယ်ဖို့ ဆင်ခြေအလုံအလောက် ရှိရဲ့လား။ စဉ်းစားစရာပဲ။ ဒါကြောင့်လည်း ကာ(ဖ)ကာ လို့ နာမည်ကြီးပေတာကိုး။

ရည်ညွှန်း
1. ရုံးတော်၏ ရှေ့မှောက်တွင်, လရောင်လမ်း
2. Before The Law, Franz Kafka

2 comments:

အမှောင်ထုထဲက အလင်းစက်များ said...

တစ်ခုခု ပြောခဲ့ပါဆိုလို့ ပြောချင်ပေမယ့်... ဆီပုံးက မပွင့်တာနဲ့  မန့်  လိုက်ရအိ...

ကြောင်ကလေး ဆိုတာ ဘာကိုရည်ညွှန်းမှန်း မသိပေမယ့်လို့  ကြောင်လေးတွေ နဲ့  လောလောဆယ် နပန်းလုံးနေရတာမို့  စိတ်ဝင်တစားဖတ်မိတယ်...

တစ်ခုခု ရည်ညွှန်းတာ မှန်းသိပေမယ့် ဘာမှန်း မသိ..

ဘလော့လေးက သူများနဲ့  မတူ... သပ်ရပ်နေတဲ့ အခန်းလေး တစ်ခန်းကို (ရှင်းလင်းထားတဲ့) ၀င်လိုက်ရသလိုပဲ.....

ထူးခြားတယ်လို့  ခံစားရတယ်... နောင်လဲ လာဖတ်ပါဦးမယ်...

တေဇာ (လရောင်လမ်း) said...

ခင်ဗျား ပြန်ကြည့်တဲ့ ရှုထောင့်လည်း ကောင်းတယ်။ အဲဒီ ရှုထောင့်အရ ဆွဲရေးသွားတာက ပိုတောင် ကောင်းသေးတယ်။

ဝတ္ထုမှာက ခင်ဗျားပြောသလို တခြားရွေးချယ်စရာတွေ များများ မပါဘူးဗျ။ ဇွတ်ဝင်ဖို့ရယ် လှည့်ပြန်သွားဖို့ရယ် နှစ်လမ်းလောက်ပဲ ရှိတယ်။

ဆက်စောင့်နေမယ်ဗျာ။ စောင့်ပြီးရင် သေမယ်။ သေခါနီးမှာ ရုံးတော်က အလင်းရောင်ဖြာထွက်နေတာဟာ ငြိမ်းသတ်မရနိုင်တော့ဘူး မဟုတ်လား။ သေရုံကလွဲလို့ တခြား ဘာတတ်နိုင်သေးလို့လဲ..။