Wednesday, September 15, 2010

အမြင့်ပျံခြင်း

အနီရောင်နှင်းဆီပွင့်ချပ်တွေ အဖြူရောင်လွှမ်းသွားတဲ့အချိန်မှာ ကိုယ် ဆိတ်ဆိတ်ကလေး ငြိမ်သက်နေတယ်...။

ကိုယ့်အတွက်တော့ ကမ္ဘာမြေကြီးက ထာဝရရပ်တန့်သွားခဲ့ပေါ့..။

လောကမှာ မိဘမောင်ဘွားအပြင် လူပေါင်းများစွာနဲ့ တွေ့ဆုံဆက်ဆံဖူးခဲ့အတွက် ပေလေးဆယ် ပေခြောက်ဆယ် တိုက်ခန်းက ကျဉ်းတယ်လို့ မခံစားခဲ့ရဘူး...။

ဖားငယ်ကလေးအတွက်တော့ နွားခြေရာခွက်ဟာ ကြီးနေခဲ့တာပဲ..။ အပြင်လောကကို အတတ်နိုင်ဆုံး လေ့လာခဲ့တယ်..။ Alexander McQueen ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်း၊ အပိုလို (၁၃)၊ ရန်ကင်းဈေး၊ ဝင်းဦး၊ ချစ်ခြင်းမေတ္တာ၊ ဗီလိန်...။

ဒါပေမယ့် မြန်မာဗီဒီယို ဇာတ်ကားတွေကိုတော့ မကြိုက်ခဲ့မိပြန်ဘူး။


နောက် သူလိုကိုယ်လို အာဟာရဖြစ်တဲ့ အစာတွေစား၊ သူလိုကိုယ်လို အောက်ဆီဂျင်ဓာတ်ငွေ့တွေကို ရှူသွင်းပြီး ဘွဲ့တစ်ခုရအောင် ယူလိုက်ဦးမယ်...။

ဒါဟာ ကိုယ့်အတွက်တော့ မဟာစွန့်စားခန်းကြီးတစ်ခုပဲပေါ့...

အောင်မြင်မှုဆိုတာ နားမလည်တဲ့လူတွေအတွက်တော့ ဒါဟာ အောင်မြင်မှုတစ်ခု မဟုတ်ခဲ့ပြန်ဘူး။ အောင်မြင်ခြင်းဆိုတဲ့ ဆုလာဘ်တစ်ခုကို အဝေးသင်နဲ့ ယူလို့ရမယ်လို့ မယုံကြည်ခဲ့ဘူး။ ဘေဘီလုံက အကြွယ်ဝဆုံးသူဌေးကြီးကိုလည်း အားမကျမိခဲ့ဘူး...။

ကဲ...

ဘဝဆိုတာ စိတ်ကူးယဉ်သက်သက် မဟုတ်သလို ငယ်ရာကကြီး၊ ကြီးရာကအို၊ အိုရာကသေ ဆိုတဲ့ ပုံစံခွက်ထဲမှာ သံပတ်ပေးထားတဲ့ အရုပ်လို ပုံမှန်လည်ပတ်နေရုံနဲ့ ပြီးတော့မှာလား..။

လူဆိုတာ စကားပြောရတယ်... လမ်းလျှောက်ရတယ်... လိုအပ်တဲ့ ကိစ္စတွေကိုလည်း တီထွင်ခဲ့ရသေးတယ်...။

လူဆိုတာ လှောင်အိမ်ထဲ မနေရဘူး၊ သရဲမကြောက်ရဘူး၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို ပုံကြီးမချဲ့ရဘူး...။

မင်းဖတ်နေတဲ့ တရားစာအုပ်တွေထဲမှာ “လူ့ဘဝဆိုတာ ရေပွက်ပမာ” လို့ဆိုထားပေမယ့် ဆူလွယ်နပ်လွယ်တော့ မဟုတ်နိုင်ပါဘူး။ လူ့ဘဝကို တို့တွေ မျက်စိသူငယ် နားသူငယ်နဲ့ ရောက်လာခဲ့တယ်ဆိုပေမယ့် အလည်သက်သက်မှ မဟုတ်တာ။

ပျော်ရွှင်မှုဆိုတာလည်း ရှိသေးရဲ့...။

အခုတော့ ကိုယ့်ဘဝကိုယ် မိတ္တူစက်နဲ့ချုံ့လိုက်သလို ကျုံ့ကျုံ့ရုံ့ရုံ့လေးပဲ အဆုံးသတ်ခဲ့ရတော့မှာလား... ကျေနပ်မှုတွေရော ပိုင်ဆိုင်ခဲ့ရဲ့လား...။

မျက်စိနှစ်လုံး စဖွင့်ချိန်ကစပြီး မျက်လုံးနှစ်လုံး ပိတ်သွားချိန်အထိ ဘာတွေကိုများ ရှာဖွေတွေ့ရှိခဲ့ပါသလဲ...။

အိုင်းစတိုင်းကိုမသိဘဲ သင်္ချာတွေထိုင်တွက်ခဲ့တာလား... အက်ဒီဆင်ကိုမသိဘဲ မီးခလုတ်ကို ကိုယ်တိုင်ဖွင့်တတ်တာလား... သစ္စာနီကိုမသိဘဲ မြန်မာမော်ဒန်ကဗျာတွေကို ဖတ်တတ်ခဲ့တာလား...။

ဘယ်တော့မှ ပန်းသီးကြွေမကျနိုင်တဲ့ အခန်းကျဉ်းကလေးထဲ ပန်းသီးမျိုးစုံ အခွံနွှာစားပြီး ရောဂါပေါင်းစုံရနေတဲ့ ဘဝမျိုးကို ကိုယ်သနားမိပါရဲ့...။

ဟေ့လူ...

အမှောင်ကျနေတဲ့ အခန်းကျဉ်းလေးထဲမှာ ကျင့်သားရအောင် နေရင်း မင်းအဝတ်တွေခေါက်နေတာကို ခဏသိမ်းထားလိုက်စမ်း။ ဘယ်သူ့ကို ချစ်လို့ချစ်ရမှန်းမသိလို့ မင်းမွေးထားတဲ့ ကြောင်ကလေးတွေ၊ မွေးပွခွေးကလေးတွေကို အပြင်ခဏလွှတ်လိုက်။ ပြီး ပြတင်းတံခါးကတစ်ဆင့် အပြင်ကို ကြည့်လိုက်စမ်း။

မင်းမြင်နေတဲ့ မြက်ခင်းစိမ်းရဲ့နောက်ကွယ်မှာ ဆင်းရဲသား (သူလိုကိုယ်လိုသူတွေထိုင်နေတဲ့) ရပ်ကွက်ဆိုတာလည်း ရှိသေးတယ်။ အဲဒီမှာ ကချေသည်လည်းရှိတယ်၊ အရပ်ပျက်လည်းရှိတယ်၊ ဗီဒီယိုရုံလည်းရှိတယ်၊ ကဗျာဆရာလည်းရှိတယ်...။

သူတို့မှာ... စိတ်ညစ်စရာမျိုးစုံလည်းရှိတယ်၊ ဝေဒနာမျိုးစုံလည်းခံစားဖူးတယ်၊ ရန်ပွဲတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲဖူးတယ်၊ ဒါပေမယ့် ပျော်ရွှင်လိုက်ဖို့နဲ့ သံယောင်လိုက်ဖို့ဆိုတာ သူတို့အတွက်တော့ ဘယ်တော့မှ အပန်းမကြီးခဲ့ဘူး။

ရေချိုးပေမယ့် ဆောင်းတွင်းရောက်ရင် ချမ်းတတ်ကြတဲ့ သူလိုကိုယ်လိုလူတွေပဲ... အဲယားကွန်းအခန်းထဲနေပြီး အဖျားတက်နေရတဲ့ဘဝကတော့ လူတိုင်းပိုင်ဆိုင်ချင်ကြတာပေါ့။ အခုတော့ မုဒိတာတရားဆိုတာ လက်ကိုင်ထားဖို့မပြောနဲ့ စာလုံးပေါင်းတောင်မတတ်လို့ သူတို့ခများ ပတ်ဝန်းကျင်ကို မဖြန့်ကျက်နိုင်ရှာဘူး။ ဖျာအောက်မှာ အစင်းသား အပြားလိုက်ကလေး သေလို့...။

ကဲ...

သဘာဝတရားရဲ့ လက်ဆောင်ကောင်းတွေကို တစ်ဘဝလုံးစာ လက်မလွှတ်လိုက်ပါနဲ့လား...

ကြိုးတံတားတွေကို ဖြတ်လျှောက်လိုက်... တောင်တန်းအမြင့်ကြီးတွေကို လျှောက်တက်ပစ်လိုက်.. ဘုရားစုံ လှည့်ဖူးလိုက်.. မြက်ခင်းပြင်မှာ လှဲအိပ်လိုက်...။

နောက်ဘဝဆိုတာ မယုံတဲ့သူအတွက်တော့ အခွင့်အရေးဆိုတာ တစ်ခါပဲရတယ်..။

Ref : အကြည်တော်, အာဒမ်၏ဆာတေး

1 comment:

kookaburra said...

ကြိုက်တယ်ဗျို့ ref: လုပ်ထားတဲ့စာအုပ်တွေလဲဖတ်ချင်ပါရဲ့