Wednesday, February 24, 2010

အဓိပ္ပါယ်မရှိတဲ့အက်ဆေး

ဒုတိယအကြိမ်အဖြစ် ကျွန်တော်ရှင်ပြန်ထမြောက်လာပါသည်။ ကျွန်တော် ပြန်ရှင်လာသောအခါ ဘယ်ရောက်နေမှန်း မသိရပါ။ ဘုရားသခင်နှင့်အတူ ကမ္ဘာကြီး သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းစာဖြတ်ပိုင်းလေးတစ်ခုမှ သိရပါသည်။ ကမ္ဘာကြီးအတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ကမ္ဘာကြီး မည်သည့်ရောဂါဖြင့် သေဆုံးသွားမှန်း ကျွန်တော် မသိပါ။ ကျွန်တော်လမ်းလျှောက်ရန် ခြေလှမ်းလိုက်သည်။ ကမ္ဘာကြီးမရှိတော့သဖြင့် ကျွန်တော် လမ်းလျှောက်၍မရပါ။ အင်မတန်ခက်တော့သည်။ ကမ္ဘာကြီးမရှိသော်လည်း ကမ္ဘာကြီးရှိနေခဲ့တာကိုတော့ သိနေသည်။ ကျွန်တော် သိသော်လည်း ကမ္ဘာကြီး မရှိတော့ပါ။ သိခြင်းနှင့် ရှိခြင်းသည် ညီအစ်ကိုများ ဖြစ်သော်လည်း မနီးစပ်လှပါ။ ကျွန်တော် ဘာလုပ်ရမှန်းမသိပါ။ ထိုကြောင့် ကျွန်တော် ဘာမှမလုပ်ပါ။


ကျွန်တော် သေဆုံးရခြင်းသည် အသတ်ခံရခြင်းဖြစ်သည် သို့မဟုတ် အသတ်ခံရသဖြင့် ကျွန်တော် သေဆုံးရခြင်း ဖြစ်သည်။ ဘဝဟောင်းဟူသော နေရာသို့ ကျွန်တော် ခရီးထွက်လိုက်ပါသည်။ တရားရုံးတစ်ခုအတွင်းရှိ တရားခံများထားသောနေရာတွင် ကျွန်တော်ရှိနေပါသည်။ တရားသူကြီးကို ဘာမှုလဲလို့ ကျွန်တော် တိုးတိုးလေး ကပ်မေးလိုက်၏။ ဟစ်တလာ နှုတ်ခမ်းမွှေးနှင့် တရားသူကြီးက သူလဲမသိကြောင်း ပြန်ဖြေပါသည်။ ဤသို့ဖြင့် တရားရုံးတစ်ခုလုံးကို လိုက်မေးကြည့်သော်လည်း အဖြေမသိရပါ။ မင်းက အပြစ်ရှိလို့နေမှာပေါ့ ဟူ၍သာ တုံ့ပြန်ကြသည်။ ဘာမှန်းမသိသော်လည်း ကျွန်တော့်ကို အဆုံးတွင် သေဒဏ်ပေးလိုက်ကြ၏။ ပန်းနုရောင် ကြိုးစင်က အပြုံးခပ်ပါးပါးတစ်ခုကို ကျွန်တော့်ထံပို့လိုက်သည်။ ကျွန်တော်တက်သွားသောအခါ ကျွန်တော့်ကို သေနတ်များဖြင့် ဝိုင်းပစ်ကြ၏။ အသက်ရှုကြပ်၍ ကျွန်တော်သေဆုံးသွားပါသည်။ ဘာမှန်းမသိပဲ ကျွန်တော် သေဆုံးသွားပါသည်။ ကျွန်တော် သေဆုံးသွားပါသည်။ သေဆုံးသွားပါသည်။

အတိတ်ဆိုသည်မှာ သိနေသော်လည်း တကယ်ရှိမနေပါ။ အတိတ်ဆိုသည်မှာ ပစ္စုပ္ပန်ကာလ၏ သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပါသည်။ အတိတ်ဆိုသည်မှာ မှတ်ဥာဏ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ ထို မှတ်ဥာဏ်ကို ကျွန်တော်အယုံအကြည်မရှိပါ။ ကျွန်တော်မယုံပါ။ သို့သော် လက်ခံပါသည်။ ယုံကြည်ခြင်းနှင့် လက်ခံခြင်းသည် အိမ်နီးနားချင်းများ မဟုတ်ကြပါ။ ဗုဒ္ဓဝါဒကို လက်ခံသော်လည်း မယုံကြည်ပါ။ မာ့စ်ဝါဒကို လက်ခံသော်လည်း မယုံကြည်ပါ။ အာရုံငါးပါးကို ကျွန်တော် မယုံကြည်ပါ။ ဤလောကရှိ အရာတော်တော်များများကို ကျွန်တော်မယုံကြည်ပါ။ ကျွန်တော့် ဦးနှောက်၏ ယုံကြည်နိုင်သော အင်္ဂါရပ်အချို့ ပျက်စီးနေ၍ ဖြစ်လိမ့်မည်။ ထိုအတိတ်မှ ကျွန်တော်ပြန်ရောက်သောအခါ အနည်းငယ် မောပန်း၍နေပါသည်။ ထိုသို့ အချိန်ခရီးသွားနေသဖြင့် ကာလနှင့်အာကာသကို ကျွန်တော်ပိုင်သည်ဟု မယူဆကြစေလိုပါ။

လူတို့၏ အသိသည် ဘဝကို ဆုံးဖြတ်ခြင်းမဟုတ်ပါ။ ဘဝသည် အသိကို ဆုံးဖြတ်ပါသည်။ အမေရိကန်မှာနေသော “ကျွန်တော်” နှင့် မြန်မာနိုင်ငံရှိ “ကျွန်တော်” တို့ အသိခြင်းမတူကြပါ။ မနေ့က “ကျွန်တော်” နှင့် ယနေ့ “ကျွန်တော်” တို့ပင်လျှင် အသိခြင်းမတူညီနိုင်ပါ။ ကာလနှင့်အာကသသည် သိခြင်းကို ပိုင်းခြား သတ်မှတ်လိုက်ပါသည်။ လူတစ်ယောက် ဖြတ်သန်းခဲ့ရသော အချိန်နှင့် ဒေသကိုလိုက်၍ အသိများ ကွာခြားနေပါသည်။ သို့သော် သိခြင်းသည် ရှိခြင်းလောက်တော့ အရေးမပါ။ အရေးမကြီးပါ။ ကမ္ဘာကြီး ရှိနေခဲ့တာ သိသော်လည်း တကယ်မရှိတော့သဖြင့် ကျွန်တော် ဘာမှလုပ်၍မရပါ။ လူ၏ အတိတ်နှင့် အသိတရားသည် မှတ်ဥာဏ်မှ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းများဖြစ်၍ အရေးမကြီးပါ။ အနာဂတ်ဆိုသည်မှာလည်း မျှော်လင့်ခြင်းမှ ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းသာ ဖြစ်ပါသည်။ ကျွန်တော် ဘာကိုမှ မမျှော်လင့်ထား၍ ကျွန်တော့်တွင် အနာဂတ်မရှိပါ။

ကျွန်တော်ဤအက်ဆေးကို ရေးပါသည်။ ကျွန်တော် ဤအက်ဆေးကို ဘာသာစကားဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်။ သိခြင်းသည် ဘာသာစကား၏ ဘောင်အတွင်းမှ မကျော်လွန်နိုင်သေးပါ။ ဘာသာစကားဖြင့် ရှိခြင်းသို့ မရောက်နိုင်ပါ။ လူတို့၏ နေ့စဉ်ဘဝနှင့် အတွေးများသည် ဘာသာစကား၏ နယ်ပယ်အတွင်း၌သာ ရှိသေးသည်။ အရာအားလုံး၊ အလုံးစုံကို ဘာသာစကားဖြင့် ဖော်ပြ၍ မရနိုင်ပါ။ ဘာသာစကားဖြင့် မဖော်ပြနိုင်သော ကိုယ်စားမပြုနိုင်သော အရာများ ဤလောကတွင် ရှိပါသေးသည်။ သို့သော် ထိုအရာများကို ဖော်ပြရန် ကျွန်တော့်တွင် ဘာသာစကား မရှိပါ။ ဤအက်ဆေးကို ကျွန်တော်ရေးပါသည်။ ဤအက်ဆေးတွင် ဘာမှအဓိပ္ပါယ်မရှိပါ။ ကမ္ဘာကြီးနှင့် ပြန်လည်ဆုံတွေ့ရန် ကျွန်တော် ကော်ဖီသောက်ရင်း စောင့်နေပါမည်။

2 comments:

တေဇာ (လရောင်လမ်း) said...

အဓိပ္ပာယ်မရှိသော်လည်း အတော်ဖတ်၍ ကောင်း၏။
အဓိပ္ပာယ်မရှိသော်လည်း နေလို့ထိုင်လို့ ကောင်းနေသလိုမျိုး။

ရင်နင့်အောင် said...

ဒီဆိုက်ကို ပထမဆုံး ရောက်လာသူပါ။ အက်ဆေးတွေ ဖတ်သွားပါတယ် ခင်မျာ။ နောက်လည်း လာလည်ပါဦးမည်။