Immigration
က ထွက်လာမလို့လုပ်တော့ သူကလက်လှမ်းပြတယ်။ ကျွန်တော်လည်း လက်ထောင်ပြလိုက်ပြီး ခဏစောင့်လို့ပြောလိုက်တယ်။
ကျွန်တော်နဲ့အတူတူ လေယာဉ်စီးလာတဲ့ တစ်ယောက်ကို နှုတ်ဆက်နေတာ။ ယဉ်ကျေးတဲ့ တိုင်းပြည်ကလူတွေက
တစ်ယောက်ကိုတစ်ယောက် မနှုတ်ဆက်ပဲ လမ်းမခွဲကြဘူးမဟုတ်လား။ လေးစားတဲ့သဘော၊ အသိအမှတ်ပြုတဲ့သဘော၊
ယဉ်ကျေးမှုဆိုတာကို နားလည်ပါတယ်လို့ ပြတဲ့သဘောပဲ။ နှုတ်ဆက်ပြီးတော့ ထွက်လာတော့ သူက လမ်းလျှောက်လာပြီး
ပြုံးစိစိနဲ့ပြောတယ်။ နင်ဒီအင်္ကျီဝတ်တုန်းပဲလားတဲ့။ သူပြောတော့မှပဲ သတိထားမိတယ်။ အခုဝတ်လာတာ
မနှစ်က သူလက်ဆောင်ဝယ်ပေးတဲ့ အင်္ကျီ။ ငါကနင့်လို သူဌေးသမီးမဟုတ်တော့ ဒီလိုဈေးကြီးတဲ့
အင်္ကျီမျိုး အများကြီးမဝယ်နိုင်ဘူး။ ခဏခဏ ပြန်ပြန်ဝတ်ရတယ်။ လို့ ပြောလိုက်တော့ သူက ရယ်တယ်။
နောက် ကျွန်တော်ကပဲ နင်အရပ်ရှည်လာတယ် လို့ပြောလိုက်တယ်။ သူက မျက်စောင်းထိုးကြည့်ပြီးတော့
လျှာမရှည်နဲ့ သွားမယ်ဆိုပြီး လှည့်ထွက်လာတယ်။ ကျွန်တော် ရယ်ပြီး သူ့နောက်ကို လိုက်သွားတယ်။
သူနဲ့ ယှဉ်ပြီးလျှောက်ရင်းနဲ့ သူ့ကို ဘာနဲ့သွားကြမှာလဲ၊ တက္ကဆီနဲ့လား လို့မေးလိုက်တော့
သူက ငါ့မှာ ကားပါတယ်ဆိုပြီး ကြွားတဲ့သဘောနဲ့ ကားသော့ကို လက်ညှိုးမှာလှည့်ပြတယ်။ ကျွန်တော်က
အော် နင်တောင် ကားမောင်းတတ်ပြီကိုး၊ ယာဉ်ထိန်းရဲတွေ အလုပ်များတော့မှာပဲလို့ ပြောလိုက်တော့
သူက ရယ်တယ်။ ကျွန်တော်က အမြဲသူ့ကို ဒီလိုပဲ စ,နေကြ။ နင်ဟာလေ လို့ ပြောပြီး ဘာမှဆက်မပြောဘူး။
ပြီးတော့မှ ဟိုမှာရောက်ပြီလို့ ပြောပြီး ခပ်လှမ်းလှမ်းက အနက်ရောင် ကားတစ်စီးကို လက်ညှိုးထိုးပြတယ်။
ကျွန်တော်လည်း အိတ်ကို ကားနောက်ခန်းမှာထည့်ပြီး အရှေ့ခန်းမှာ ဝင်ထိုင်လိုက်တယ်။
ကားမောင်းလာတော့
အရှေ့ခန်းမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး မြို့က လမ်းတွေကို ငေးကြည့်နေမိတယ်။ ပြီးမှ
သူ့ကိုလှည့်မကြည့်ပဲ အန်ကယ်တို့ကော နေကောင်းရဲ့လားလို့ မေးလိုက်တယ်။ သူက အင်း လို့တိုတိုပဲ
ပြန်ဖြေတယ်။ သူ့ကိုလှည့်ကြည့်တော့ ကားမောင်းတဲ့ လမ်းမှာ အာရုံစိုက်နေတဲ့ပုံပဲ။ မောင်းလေ့မရှိသေးတဲ့သူတွေ
မောင်းတဲ့ပုံစံမျိုး။ ကျွန်တော်လည်း ဒက်ရှ်ဘုတ်ထဲမှာတွေ့ကို စီဒီတစ်ချပ်ကို ထည့်ကြည့်လိုက်တယ်။
The Beatles အယ်လ်ဘမ်တစ်ချပ်ပဲ။ ကျွန်တော်ကြိုက်တတ်မှန်းသိလို့ သူတမင်ထည့်ထားတာဖြစ်မယ်။
သူက အမြဲတမ်း အလုပ်လုပ်ရင် အဲလို ကြိုတွေးပြီး လုပ်နေကြ။ သူ့အမေဆီက ရတဲ့ အမွေလို့ဆိုရမယ်။
သူ့အမေကြီးက စီးပွားရေးသမား။ အောင်မြင်တယ်၊ ကွက်ကျော်မြင်တတ်တယ်။ အရာရာဟာ အကျိုးကြောင်းသင့်
စီစဉ်တကျ ဖြစ်နေတယ်ဆိုတာကို လက်ခံထားတဲ့ လူစားမျိုး။ ကျွန်တော်လည်း သီချင်းနားထောင်ရင်း
မြို့ကိုငေးကြည့်နေတယ်။ မြို့ကတော့ ဘာမှမပြောင်းလဲဘူး။ ဒီလမ်းတွေ ဒီအရောင်တွေပဲ။ ကျွန်တော်က
သူတို့မြို့ကို တစ်နှစ်တစ်ခါလိုလို လာနေကြ။ ရန်ကုန် နွေအပူဒဏ်ကို ရှောင်တဲ့သဘောရယ်၊
အပန်းဖြေခရီးထွက်တဲ့သဘောမျိုးရယ်ပဲ။ လာရင်လည်း အမြဲတမ်းသူတို့အိမ်မှာပဲ တည်းတယ်။ အဖေက
သူ့အဖေကြီးနဲ့ ရင်းနှီးတယ်။ ကျွန်တော် ခရီးထွက်ချင်တယ်ပြောတော့ အဖေက သူတို့ အိမ်မှာတည်းကွာဆိုပြီး
လမ်းညွှန်ပေးလိုက်တာ။ နောက်နှစ်တွေကျတော့လည်း သူတို့အိမ်နဲ့ ရင်းနှီးသွားတော့ အဖေပြောစရာတောင်
မလိုတော့ဘဲ အဲဒီမှာပဲ တည်းဖြစ်သွားတယ်။