
ကျွန်တော်နှင့်ကောင်မလေးသည် ငယ်စဉ်ကတည်းကပင် အလွန်ရင်းနှီးသော သူနှစ်ယောက် ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်ချစ်သူများ မဟုတ်ကြပါ။ သို့သော် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါသည်။ ထိုအချစ်အမျိုးအစားကို ကျွန်တော်မသိပါ။ ဤသည်မှာ ထိုစဉ်က ကျွန်တော့်အသက်အရွယ်သည် “ကလေးသူငယ်” ဘဝမှ ကျွတ်လွတ်ပြီးခါစ ဖြစ်သောကြောင့်ဟု ကျွန်တော်ထင်ပါသည်။ ယခုအချိန် ထိုခံစားချက်မျိုး ဖြစ်ပေါ်လာလျှင်ဖြင့် ကျွန်တော်ခေါင်းစဉ်တပ်နိုင်လိမ့်မည်ဟု ထင်ပါသည်။
ကောင်မလေး၏ မိဘများ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ရမည့်နေ့တွင် သူမက ကျွန်တော့်ကို အရုပ်ကလေးတစ်ရုပ် လက်ဆောင်ပေးခဲ့ပါသည်။ ပြီးနောက် ကျွန်တော့်ကို “ဒီဟာနင့်အတွက်။ ဒီဟာ နင်ပဲ” ဟုပြောပါသည်။ အရုပ်ကလေးသည် ကျွန်တော်နှင့် နည်းနည်းမှ မတူပါ။ သို့သော် ကောင်မလေးက ထိုအရုပ်သည် ကျွန်တော်ဟု ပြောသဖြင့် ထိုအရုပ်ကလေးသည် ကျွန်တော်ဖြစ်သွားပါသည်။