Tuesday, May 26, 2015

ပုဂံခေတ်နိုင်ငံရေးသမိုင်း စာအုပ်သုံးသပ်ချက်

ပုဂံခေတ်နိုင်ငံရေးသမိုင်း
သန်းထွန်း M.A., B.L., Ph.D., D.Lit. (London)
Plastic Rainbow Book Publication
ဇူလိုင် ၂၀၀၅
၁၅၀၀ ကျပ်

စာအုပ်အဖုံးက လှတယ်။ အနီ၊ အပြာ၊ နဲ့ အဖြူရောင် သုံးထားလို့ ၂၀၀၅ ခုနှစ်တုန်းက ရှိနေသေးခဲ့တယ် ဗမာနိုင်ငံအလံဟောင်းကို ထင်ဟပ်တယ်။ ပြောချင်တာက ပုဂံသမိုင်းဟာ နောက်ပိုင်းဗမာပြည်မှာ ကြီးစိုးလာမယ့် မြန်မာလူမျိုးတွေရဲ့ အကြောင်းပဲ။ စာအုပ် အရွယ်အစားနဲ့ တန်ဖိုးကလည်း သင့်တင့်တယ်။ အပေါ်ယံတွေ အသာထားပြီး အတွင်းက အရေးကြီးတာတွေ ပြောပါမယ်။ ပုဂံအကြောင်း အထက်တန်းကျောင်းမှာကတည်းက ထပ်ခါတလဲလဲ ကြားဖူးနေပြီးသားပဲ၊ နောက်ထပ် ဖတ်စရာ လိုသေးလို့လား။ ပျူစောထီး ပုဂံမှာရှိတဲ့ ရန်သူကြီးတွေကို နှိမ်နင်းပြီး ပုဂံမင်းဆက် တည်ထောင်တဲ့ အကြောင်းတွေ သိပြီးသားပဲ၊ ဒီစာအုပ်ထဲမှာ ဘာများ ထွေထွေထူးထူးဖတ်စရာ ရှိလို့လဲ။

မနေ့က ပို့စ်မှာ ရေးထားတဲ့အတိုင်း ဒီကိစ္စကို အမှာစာကတည်းက ဒေါက်တာသန်းထွန်းက ရှင်းထားတယ်။ သမိုင်းသုတေသနဆိုတာ အမြဲတမ်း အသစ်တွေ ရှာနေတာမဟုတ်၊ "သူများ မှားနေတာကို ပြင်မယ်၊ သူများ မသိလို့ချန်ခဲ့တာကို ဖြည့်မယ်" လို့ ပြောပါတယ်။ ဒါဆိုရင် ကိုယ်တွေ သိထားတဲ့ ပုဂံသမိုင်းက မှားနေလို့လား။ လုံးဝ တက်တက်စင်အောင် လွဲနေတာတော့ မဟုတ်ပါ။ အရေးကြီးတာက သမိုင်းနဲ့ ပုံပြင်ကို ခွဲခြားနိုင်ဖို့ပါပဲ။ "တွေ့တဲ့အတိုင်းရေးမယ်။ ဂတိမလိုဖို့ အားမနာဖို့ပဲ အရေးကြီးတယ်။ အကြွားအဝါတွေ၊ ပေါတောတောတွေထည့်မပြောဖို့ အရေးကြီးတယ်" လို့ ပြောထားပါတယ်။ ဈေးကွက်ထဲမှာရှိတဲ့ ပုဂံအကြောင်း စာအုပ်တွေသာမက သမိုင်းစာအုပ်တွေမှာပါ အထောက်အထားမရှိဘဲ ရမ်းသန်းရေးနေကြတာတွေ များတယ်၊ ဒါတွေကို ပြင်ဖို့လိုအပ်တယ် ထင်လို့ ဒီစာအုပ်ကိုထုတ်တယ်လို့ ယူဆပါတယ်။


ဒေါက်တာသန်းထွန်း သုတေသန ဘယ်လိုလုပ်သလဲဆိုတာလည်း တွေ့ရတယ်။ သုတေသနလုပ်တဲ့အခါမှာ တစ်ယောက်ထဲ အစအဆုံး လုပ်နေလို့မဖြစ်ပါ။ အားကိုးရတဲ့၊ ယုံကြည်ရတဲ့ အထောက်အထား၊ စာအုပ်၊ စာစောင်၊ စာတမ်းတွေ ရှိပါတယ်။ ဘယ်လို အရေးအသားမျိုးက အားကိုးရသလဲဆိုတာ (၁) ဘယ်သူရေးတာလဲ နဲ့ (၂) ဘယ်တုန်းက ရေးတာလဲ ဆိုတာကိုကြည့်တယ် လို့ စာမျက်နှာ ၈ မှာ ပြောထားတယ်။ ဒီသုတေသန စံထုံးဟာ ပညာရပ်ဆိုင်ရာသာမက နေ့စဉ်ဘဝမှာလည်း အသုံးဝင်တဲ့၊ အရေးကြီးတဲ့ စံထုံးတစ်ခုလို့ မြင်ပါတယ်။ ဈေးထဲမှာ ကြားလိုက်ရတဲ့ သတင်းပဲဖြစ်ဖြစ်၊ Facebook ပေါ်မှာတွေ့တဲ့သတင်းပဲဖြစ်ဖြစ်၊ သမိုင်းသုတေသနလုပ်တာပဲဖြစ်ဖြစ် ဒီနှစ်ချက်ကို စဉ်းစားကြည့်ဖို့ အရေးကြီးတယ်။ စာအုပ်အဖုံးမှာကတည်းက သန်းထွန်း M.A., B.L., Ph.D., D.Lit. (London) ဆိုပြီး တပ်ထားတာ သူ့မှာရှိတဲ့ ဘွဲ့တွေ ကြွားချင်ယုံသက်သက်မဟုတ်၊ စာရေးသူဟာ ပညာရပ်ဆိုင်ရာနယ်ပယ်မှာ စနစ်တကျလေ့လာထားပြီးဖြစ်တယ်ဆိုတာ ပြချင်လို့ဖြစ်တယ်လို့ ယူဆပါတယ်။ ဒေါက်တာသန်းထွန်းက ဒီစာအုပ်ထဲမှာ ခေတ်ပြိုင်အထောက်အထားကိုပဲ သုံးတယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် နောက်ပိုင်းရေးတဲ့ အရေးအသားတွေဟာ တစ်ဆင့်စကားတွေဖြစ်တဲ့အပြင် ခေတ်ဟောင်းကို တမင်ဂုဏ်တင်ပြီး ရေးထားတာတွေ ဖြစ်နိုင်လို့ သမိုင်းအနေနဲ့ မသုံးသင့်လို့ အဓိပ္ပါယ်ရတယ်။

ဒေါက်တာသန်းထွန်းရဲ့ အမှားပြင်ဆင်ချက်တွေ အများကြီးပါပေမယ့် အခုထိ တွင်ကျယ်လာတာ မတွေ့ရပါ။ ပုဂံကို ဒုတိယမြန်မာနိုင်ငံတော်၊ ပျူနိုင်ငံကို ပထမခေါ်တာတွေ၊ ပုဂံကို ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်ဟောင်းဆိုပြီး သုံးခေတ်ခွဲခြားခေါ်ဆိုတာတွေ၊ ဗုဒ္ဓဘာသာအပြင် အခြားဘာသာတွေ စင်ပြိုင်ကိုးကွယ်ကြတယ်ဆိုတာတွေ ကျောင်းသင်ရိုးတွေမှာ ပါနေပြီလားဆိုတာ သိရရင်ကောင်းမယ်။ လက်ခံတဲ့ စာဖတ်သူနည်းတာလား၊ ပညာရေးအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုမရှိတာလား။ ပုံနှိပ်တာ အုပ်ရေ ၅၀၀ ဆိုတော့ သန်း ၆၀ လောက်ရှိတဲ့ နိုင်ငံမှာ ရုပ်ပျက်ဆင်းပျက် နည်းလွန်းတယ်လို့ ထင်တယ်။ လူတွေ စာဖတ်နည်းတာ ဘယ်သူ့အပြစ်လဲဆိုပြီး လက်ညှိုးထိုးနေရင် ပြီးမှာမဟုတ်လို့ ဒီကိစ္စဒီမှာပဲ ရပ်ပါမယ်။

မာတိကာကို လှန်ကြည့်တဲ့အခါ အနော်ရထာ၊ စောလူး၊ ကျန်စစ်သား စတဲ့ ရင်းနှီးတဲ့ နာမည်တွေကို မတွေ့ရပဲ အနိရုဒ္ဓ၊ ဂြီဝဇြာဘရဏ၊ ထိလိုင်မင်စတဲ့ နာမည်တွေကိုတွေ့ရတယ်။ ကျောက်စာထဲမှာတွေ့ရတဲ့အတိုင်း ရေးတာဖြစ်ပါတယ်။ စာအုပ်ထဲမှာလည်း ကျောက်စာထဲက ကောက်နုတ်ချက်တွေ အများအပြားတွေ့ရတယ်။ ကြားဖူးနားဝ ရမ်းသန်းရေးထားတာတွေ မဟုတ်ဘဲ အထောက်အထားနဲ့ တင်ပြတာကို သိစေချင်လို့ဖြစ်မယ်။ စာအုပ်ရဲ့ အစပိုင်းမှာ ကျောက်စာ ကောက်နုတ်ချက်တွေကို ဘာသာပြန်ထားပြီး နောက်ပိုင်း ဘာသာပြန်မပါတော့ပါ။ စာဖတ်သူ ရှေးဟောင်းမြန်မာစာလုံးပေါင်းကို အကျင့်ရသွားအောင် လေ့ကျင့်ပေးတဲ့သဘောမျိုးဖြစ်မယ်ထင်ပါတယ်။ ကိုယ်တိုင်လည်း ကြိုးစားဖတ်ကြည့်တဲ့အခါ အထိုက်အလျှောက်အဆင်ပြေတယ်။ ပုဂံရောက်ဖြစ်တဲ့အခါ ကျောက်စာတွေ လျှောက်ကြည့်ချင်သွားအောင် ဒေါက်တာသန်းထွန်း တိုက်တွန်းတာလားလို့ ထင်မိတယ်။

ပုံမှန် စကားပြေဖတ်နေကြ လူတွေအတွက် ဒေါက်တာသန်းထွန်းရဲ့ လေသံက နည်းနည်းဆန်းနေမယ်။ ကျင့်သားရသွားတဲ့အခါမှာတော့ ဖတ်လို့ကောင်းတယ်။ စာကြောင်းတိုတိုနဲ့ တည့်တိုးရေးတာဖြစ်လို့ သုတစာပေအနေနဲ့ သင့်တော်တယ်လို့ ထင်တယ်။ လူကိုယ်တိုင် စကားပြောနေသလို ရေးထားလို့ ရှင်းရှင်းလင်းလင်းနဲ့ အဓိပ္ပါယ် ပြတ်သားတယ်။ ရောင်းဈေး ၁၅၀၀ နဲ့ အင်မတန် တန်တဲ့စာအုပ်ဖြစ်တယ်လို့ ဆိုချင်တယ်။ ပုဂံသမိုင်းအကြောင်းသာမက သုတေသီတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုပါတွေ့ရလို့ အပျင်းပြေဖတ်ရင်တောင် သင့်တော်မယ့် စာအုပ်တစ်အုပ်ပါ။

3 comments:

Anonymous said...

Hey Arkar Kyaw,

It is really great to know that you keep writing insightful literary comments and articles which I always enjoy reading them. I was wondering whether you have read Terry Eagleton's "The Illusions of Postmodernism" as I would like to know what would you think of Terry's analysis and it will also be great to see your book review of it on goodreads. Here is the link for the pdf of it;

https://www.scribd.com/read/145152517/The-Illusions-of-Postmodernism

Chanm Nyeim Zaw

Arkar Kyaw said...

Ko Chanm Nyeim Zaw,

Thanks for the comment and good to see you again! I haven't read the book that you speak of but I will try to take a look. I'm only in the stage of trying to understand modernism/modernity for now so I don't think I would have a complete grasp on what postmodernism is all about yet. Thanks for the recommendation. I'll keep it in mind.

I have been wondering about your project of translating The Problems of Philosophy. How is it going? I would really love to see it finished and published one day.

Arkar Kyaw

Anonymous said...

It's a shame I couldn't continue the translation further. I've recently went back to education which is making me harder to get back to it. I'm hoping that I will have more time in near future to do it as I really enjoy translating any philosophical text that I could get some amount of grip on. It would also be great to see your works getting published. You have already written a lot and I think Burmese literary establishment needs some incisive and insightful writings of you in print! :)

I hope we could meet up one day. Ko Thuyein (Ko Watote) lives in Illinois and we could all meet up together.

Bye for now.
cnz