Saturday, July 19, 2014

ကမ္ဘာမြေမှ ပေးစာများ (၂)

စေတန်၏ ပေးစာ

ဒီနေရာ(ကမ္ဘာမြေ)က သိပ်ထူးခြားတယ်။ စိတ်ဝင်စားဖို့လည်း သိပ်ကောင်းတယ်။ အိမ်(ကောင်းကင်ဘုံ) နဲ့ တူတာ နည်းနည်းလေးတောင် မရှိဘူး။ လူတွေ၊ အခြားတိရစ္ဆာန်တွေ၊ ကမ္ဘာကြီးတစ်ခုလုံး၊ သဘာဝတရားကြီးတစ်ခုလုံးက သွပ်သွပ်ခါပဲ။ လူသားကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ။ အတော်ဆုံးဆိုရင် ကြေးတံဆိပ် တမန်တော်လောက်ရှိတယ်။ အညံ့ဆုံးကတော့ ပြောချင်စရာ၊ တွေးချင်စရာတောင် မကောင်းဘူး။ အတော်ဆုံးရော အညံ့ဆုံးရော အားလုံးက ဟာသချည်းပဲ။ အဲဒါတောင်မှ သူက ခပ်တည်တည်နဲ့ "ဘုရားသခင်ရဲ့ အမွန်မြတ်ဆုံးလက်ရာ" သူ့ကိုယ်သူ ခေါ်သေးတယ်။ ကျုပ်ပြောနေတာ အမှန်တွေချည်းပဲ။ အဲသလိုခေါ်ကြတာလည်း အခုမှ မဟုတ်ဘူး။ ဟိုးရှေးကတည်းက ခေတ်အဆက်ဆက် အဲသလိုပြောပြီး အဲသလိုယုံကြည်ခဲ့တာ။ ဘယ်သူမှလည်း ရယ်စရာကောင်းတယ်လို့ မထင်ကြဘူး။

နောက်ပြီးတော့ ထပ်ပြောရရင် သူက သူ့ကိုယ်သူ ဖန်ဆင်းရှင်ရဲ့ အချစ်တော်လို့ ထင်နေတယ်။ ဖန်ဆင်းရှင်က သူ့အတွက်နဲ့ ဂုဏ်ယူတယ်လို့ ယုံကြည်ထားတယ်။ ဖန်ဆင်းရှင်က သူ့ကို ချစ်တယ်လို့တောင် ထင်နေသေးတယ်။ တစ်ညလုံးသူ့ကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေတယ်လို့တောင် ထင်နေတာ။ ညတိုင်း ဖန်ဆင်းရှင်ကို ဝတ်ပြုတယ်၊ ဟိုက ကြားရတယ်လို့လည်း ထင်နေတယ်။ အူကြောင်ကြောင် မနိုင်ဘူးလား။ ဝတ်ပြုရင်လည်း ရွံဖို့ကောင်းလောက်အောင် ဖန်ဆင်းရှင်ကို ဖားပြီး ချွဲတယ်။ ဖန်ဆင်းရှင်က အဲဒါမျိုးကြီးကို သဘောကျတယ်လို့ ထင်နေတာ။ အကူအညီတောင်းတယ်၊ နားပူနားဆာလုပ်တယ်၊ စောင့်ရှောက်ဖို့ပြောတယ်။ နေ့တိုင်းပဲ။ သူဆုတောင်းသမျှ တခါမျှ မပြည့်တာတောင်မှဘဲ မျှော်လင့်ချက်အပြည့်နဲ့ ယုံယုံကြည်ကြည်နဲ့လုပ်တာ။ နေ့တိုင်း နေ့တိုင်း မအောင်မြင်တာတောင်မှ အရင်လိုပဲ ဆက်ပြီး ဝတ်ပြုနေတုန်းပဲ။ ဒီဇွဲကိုတော့ တော်တယ်လို့တောင် ပြောရလောက်တယ်။ နောက်တစ်ခု ပြောလိုက်ဦးမယ်။ သူက သူ့ကိုယ်သူ ကောင်းကင်ဘုံ ရောက်မယ်လို့ ထင်နေတာဗျား။

သူ့ကို အဲဒါတွေပြောတဲ့ ခလစား ဆရာတွေ ရှိတယ်။ အဲဒီဆရာတွေက ငရဲပြည်ဆိုတာတွေ၊ ထာဝရ လောင်နေတဲ့ မီးဆိုတာတွေ ရှိတယ်လို့ သူ့ကိုပြောတယ်။ ပြီးတော့ ပဥာတ်ချက်တွေကို မလိုက်နာရင် အဲဒီကို သွားလိမ့်မယ်လို့ ပြောတယ်။ ပဥာတ်ချက်ဆိုတာ ဘာတွေလဲ။ သူတို့က စိတ်ဝင်စားဖို့ သိပ်ကောင်းတာပဲ။ ကျုပ်နောက်မှ သူတို့အကြောင်း နည်းနည်းချင်း ထပ်ပြောဦးမယ်။

(ဆက်ရန်)
* Mark Twain ၏ Letters From The Earth ကို ဘာသာပြန်သည် *

Friday, July 18, 2014

ကမ္ဘာမြေမှ ပေးစာများ (၁)

ဖန်ဆင်းရှင် ပလ္လင်ပေါ်မှာထိုင်ပြီး စဉ်းစားနေတယ်။ သူ့နောက်မှာက အဆုံးမရှိတဲ့ ကောင်းကင်ဘုံ၊ အရောင်တွေ လင်းလက်လို့။ သူ့ရှေ့က အမှောင်မည်းမည်း အာကာသ ဟင်းလင်းပြင်က နံရံတစ်ခုလို။ သူ့ရဲ့ မြင့်မားလှတဲ့ မျှော်စင်ကြီးက တောင်ကမ်းပါးရံတစ်ခုလို အပေါ်ကို ထိုးဖောက်လျှက်။ သူ့ရဲ့ ဦးခေါင်းတော်က အဝေးက မြင်နေရတဲ့ နေမင်းကြီးကို အလျှံငြီးငြီးနဲ့။ သူ့ခြေထောက်နားမှာတော့ ဧရာမ မြင့်မားလှတဲ့ တမန်တော်ချုပ် သုံးဦး။ သူနဲ့ယှဉ်လိုက်ရင်တော့ အမြင့်က ခြေမျက်စိလောက်ထိပဲ ရှိတယ်။

ဖန်ဆင်းရှင် စဉ်းစားလို့ ပြီးသွားတာနဲ့ "ငါကိုယ်တော် စဉ်းစားလို့ပြီးပြီ၊ ရှုစားလော့!" လို့ ပြောလိုက်တယ်။

သူ့လက်ကို မြှောက်လိုက်တယ်။ အဲဒီကနေ နေမင်းတစ်သောင်းစာလောက်ရှိတဲ့ မီးတောက်တွေ ရေပန်းလို ထွက်ကျလာပြီး အမှောင်ထုကို လွှမ်းချုံသွားတယ်။ အလင်းရောင်က တဖြည်းဖြည်းနဲ့ ဟိုးအဝေးကြီးကို ပျံ့နှံ့သွားလိုက်တာ အမှောင်ထုဆိုတာ စကြာဝဠာရဲ့ မျက်နှာကြက်မှာ လက်နေတဲ့ စိန်ပွင့်ကလေးတွေလောက်ပဲ ကျန်တော့တဲ့ အထိပဲ။

တစ်နာရီအကြာမှာတော့ ဘုရားသခင်ရဲ့ ညီလာခံကို ရပ်နားလိုက်တယ်။

တမန်တော်ချုပ် သုံးယောက်လုံး ညီလာခံကနေ တအံ့တသြဖြစ်ပြီး စဉ်းစားစရာတွေနဲ့ ပြန်လာကြတယ်။ လွတ်လွတ်လပ်လပ် ရှိမယ့်နေရာကိုပေါ့။ တစ်ယောက်ယောက်ကတော့ စပြီး စကားပြောစေချင်ကြပေမယ့် ဘယ်သူမှတော့ စပြီး မပြောချင်ကြဘူး။ အားလုံးက ဒီဖြစ်ရပ်ကို အင်မတန်ဆွေးနွေးချင်ပေမယ့် တခြားသူတွေ ဘယ်လိုထင်သလဲဆိုတာ မသိရသေးဘဲနဲ့တော့ ဘာမှမပြောချင်ကြဘူး။ ဒီတော့ ဘာမျှ မသက်ဆိုင်တဲ့ ရောက်တတ်ရာရာတွေ လျှောက်ပြောနေကြရင်း ဘယ်မျှမရောက်ဘဲ အချိန်ကုန်လာတယ်။ နောက်ဆုံးကျမှ တမန်တော် စေတန်က (သူ့မှာ အများကြီးရှိတဲ့) သတ္တိမွေးပြီး စပြောလိုက်တယ်။ "ကျုပ်တို့အားလုံး ဘာပြောချင်နေကြမလဲဆိုတာ အားလုံးအသိဘဲ။ ဒီတော့ အားလုံးသဘောတူရင် ဘာမှ ဟန်ဆောင်မနေဘဲ စလိုက်ကြရအောင်။" လို့ ပြောတယ်။

Thursday, July 17, 2014

လူ့အဖွဲ့အစည်း၏ ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သေးသော အမှန်တရား (မြင့်သန်း)

ဘရှင်အောင်သေတယ်။ ဒါကပြသနာမဟုတ်ဘူး။ လူအားလုံးသည် သေမျိုးဖြစ်သည်လို့ အယ်ရစ်တော်တလ်က မနေနိုင်မထိုင်နိုင်နဲ့ ယုတ္တိဗေဒရယ်လို့ဆိုပြီး၊ ခိုင်မာတဲ့အဆိုတစ်ရပ် ထုတ်ပြလိုက်ကတည်းက ဘယ်သူကမျှ အချိန်ကုန်ခံပြီး မငြင်းခဲ့လေတော့ လူမှန်ရင် သေချင်သည်ဖြစ်၊ မသေချင်သည်ဖြစ်စေ၊ သေတော့ သေနေကြရသေးတာပဲ။ သေတာဟာ ကိုယ်နဲ့မဆိုင်သလိုနေတဲ့သူတွေ၊ မသိချင်ယောင်ဆောင်နေတဲ့လူတွေ၊ သံသရာကိုမျှော်ကိုးပြီး ထီထိုးနေကြတဲ့လူတွေ။ ဘယ်လိုမျိုးဖြစ်ဖြစ်။ လူရယ်လို့ ပစ်ချခံထားလိုက်ကြရကတည်းက အကုန်သေကြရတော့တာချည်းပဲ။ ဒီတော့ ဘရှင်အောင်လည်း လူ့အဖြစ်ကနေ မတားနိုင် မဆည်းနိုင်နဲ့ သေလိုက်ရတော့တယ်။ ပြောခဲ့ပြီးတဲ့အတိုင်း ဒါက ပြသနာမဟုတ်ဘူး။ ပြသနာက သင်းရဲ့ အသုဘကိုလာတဲ့လူတွေက ပြသနာ။ မသေနိုင်ကြသေးတဲ့ လူတွေကသာ ပြသနာ။

ဘရှင်အောင်က မကြောင့်မကျနဲ့ သေရတာပါ။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့နဲ့ သေရတယ်ဆိုရင်တော့ သနားစရာလို့ ပြောရမှာပဲ။ ပြောလည်းပြောကြတယ်။ ဒီတော့လည်း မကြောင့်မကြနဲ့သေရတဲ့ ဘရှင်အောင် သေတာဟာ ဝမ်းနည်းစရာ သိပ်မရှိဘူး။ သိပ်မရှိဘူးဆိုလို့ နည်းနည်းသနားစရာလို့လည်း ပြောမဖြစ်ပြန်ဘူး။ သနားတာဟာ သနားတာပဲ။ သနားတယ်ဆိုတာက ပဲကြီးလှော်ဝယ်သလို အနည်း၊ အများ တွက်လို့ရတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မပြောချင်ဘူး။ ဘရှင်အောင်က သနားစရာကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ တကယ်တမ်းမှာတော့ သနားတယ်ဆိုတာက ပျော့ညံ့တဲ့လူတွေမှာ ဖြစ်တတ်တဲ့စိတ်မျိုး။ ကျွန်တော့်ကိုယ် ကျွန်တော်က ပျော့ညံ့စိတ်မထားမိအောင် နေတယ်။ သနားစိတ်မရှိအောင်နေတယ်။ ဘရှင်အောင်နဲ့ကြတော့ သနားသလိုဖြစ်မိတယ်။ မင်းဆွေကတော့ သနားစိတ်ပေါ်ပုံမရဘူး။ ဘရှင်အောင်အကြောင်း ပြောကြတိုင်း ဒီကောင်က ညံ့လည်းညံ့ပါတယ်လို့ပြောတယ်။ တစ်ခါတလေတော့ ဘရှင်အောင်ဘက်က တွေးမိပြီး စိတ်နာနာနဲ့ မင်းဆွေက ပြောသေးတယ်။ ဒီကောင်မှ သူ့အဖေ ခြေရာနင်းတဲ့အကောင်လို့ပြောတယ်။ အဖေခြေရာနင်းတဲ့သား မြတ်တယ်၊ ဘာတယ် ညာတယ်လို့ လူတွေကတော့ ပြောတာပဲ။ ဒီနေရာမှာတော့ မဖြစ်နိုင်ဘူး။ သူ့အဖေလည်း သူ့လိုပဲ။ ဒီတော့လည်း မင်းဆွေစကားနဲ့ ပြောရရင်၊ ဘရှင်အောင်က ခပ်ညံ့ညံ့ပဲလို့ ပြောရရုံပဲ။