Sunday, September 6, 2009

------xxxxxxx----------

တကယ်တော့ သူသည် လည်ဆံမွှေးကောင်းကောင်းနှင့် လှောင်အိမ်ထဲမှ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ (အနည်းဆုံးတော့ ဖြစ်ခဲ့ဖူးသည်)။ သာမန်ကလေးများနှင့် ယှဉ်လျှင် တော်သည်၊ ဥာဏ်ရည်မြင့်သည်၊ ကြိုးစားသည်။ တစ်ချိန်ကသူလိုချင်ခဲ့သော ဆုတစ်ခုအတွက် အိပ်မနေ ကြိုးစားခဲ့ဖူးသည်။ (ယခုပြန်တွေးရင်း ရယ်နေပါသည်)။ သူ့ကိုမွေးသည့် နေ့သည်ပင်လျှင် သာမန်ထက်ထူးခြားသော နေ့ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ နှစ်ပေါင်း 20 အတွင်း အအေးလွန်ကဲ ဆုံးနေ့ဟု စံချိန်တင်သောနေ့၏ ညဆယ့်နှစ်နာရီ တိတိတွင် လူ့လောကသို့ ရောက်ရှိခြင်းဖြစ် သည်။ ထို့ကြောင့်ပင်လျှင် သူ့ကိုယ်သူ့ တစ်ခါတစ်ရံ အေးချမ်းခြင်းကို သယ်ဆောင်လာသော ကောင်းကင်တမန်ဟု မရှက်ဘဲပြောတတ်လေသည်။

သူ့ဘဝ၏အစပိုင်းသည် မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်း နှင့်ပင် လုံးချာလည်လိုက်ခဲ့သော နေ့များပင်ဖြစ်သည်။ လှောင်အိမ်ထဲမှ ခြင်္သေ့တစ်ကောင်ဖြစ်သည်။ အများက ချီးကျူးကြသည်။ အထင်ကြီးကြသည်။ သူ့မိဘများက ဂုဏ်ယူကြသည်။ ပျော်ကြသည်။ သို့သော် သူမပျော်ခဲ့။ ရုံသွင်းပြခံထားရသော အကောင်တစ်ကောင်လို ခံစားနေရသည်။ သူ ငြီးငွေ့လှပါပြီ။


ထို့နောက်ပိုင်းတွင် သူ့ဘဝသည် အပြောင်းအလဲများနှင့် ကြုံတွေလာရသည်။ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အတွင်းစိတ်ကို သတိထားမိလာသည်။ အတ္တ၊ ငွေကြေး၊ ဂုဏ်သိက္ခာနှင့် မျက်နှာဖုံးများအား သတိထားမိလာသည်။ ပို၍စိတ်မကောင်းဖြစ်မိသည်မှာ ထိုအရာများသည် သူ့မိသားစုအတွင်း၌လည်း တည်ရှိနေပြီးဖြစ်နေကြသည်။ ထို့နောက်ပိုင်း တွင်မူ သူ၏မိသားစုနှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။ ထိုအသိုင်းအဝိုင်းအား မုန်းတီးတတ်လာသည်။ မျက်နှာဖုံးများအား ရွံရှာစက်ဆုပ်လာတတ်သည်။

သူ့ဘဝသည် လွန်ခဲ့သော သုံးနှစ်ခန့်မှ စတင်၍ သိသိသာသာ ပြောင်းလဲလာခြင်းပင် ဖြစ်သည်။ (လွန်ခဲ့သော သုံးနှစ်တွင် သူ၏အသက်မှာ ကလေးတစ်ယောက်သာ ရှိသေးသည်) အနုပညာကို ချစ်တတ်လာသည်နှင့်အမျှ အခြားကိစ္စများကို အားစိုက်မှုအားနည်းလာခဲ့သည်။ အရင်ကလို အများချီးကျူးသော ခြသေ့င်္တစ်ကောင်မဟုတ်တော့။ တဖြည်းဖြည်းနှင့် သူ့အသိုင်းအဝိုင်းတွင် လူဆိုးတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ သူ့သော် သူဂရုမပြုခဲ့။

တက္ကသိုလ်ဝင်တန်းသို့ ရောက်သောအခါတွင်မူ သူသည် ငယ်ငယ်ကနှင့် လုံးဝ ဆန့်ကျင်ဘက် ကောင်လေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ဥာဏ်ကို ကျောင်းစာတွင်အသုံးမချတော့ အချိန်ပြည့်နီးနီး အနုပညာကို အာရုံစိုက်မိလာသည်။ (သို့သော် ယခုအချိန်အထိ အနုပညာရှင် တစ်ယောက် မဖြစ်သေးသည်မှာ သေချာသည်) တစ်ညလုံးမအိပ်ဘဲ စာအုပ်များဖတ်လာသည်။ ပန်းချီပြခန်းများသို့ သွားတတ်လာသည်။ ကိုယ်တိုင်လဲ ဟိုနည်းနည်း ဒီနည်းနည်း ရေးခြစ်တတ်လာသည်။ အင်တာနက်တွင် ဘာသာရေးအကြောင်းများ ရှာဖွေတတ်လာသည်။ အားလုံးက စိတ်ပျက်လာကြပြီ။ သို့သော် သူပျော်နေသည်။ သူ၏ ဝါသနာကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ သူ့ ယုံကြည်မှုနှင့် သူဆက်လျှောက်မည်။

တစ်ခါတစ်လေတော့ သူ့ကိုယ်သူ စိတ်ဝေဒနာရနေသော ငြိမ်းချမ်းရေးသမားဟု သမုတ်တတ်သည်။ အရွယ်နှင့်မလိုက်သော အတွေးအခေါ်များ ဝါးမျိုထားသော သူတစ်ယောက်ဟုလဲ ပြောတတ်သေးသည်။ (တကယ်တော့ ထိုအရာများသည် မိမိကိုယ်ကို စိတ်ကြီးဝင်သော စိတ်ရောဂါလက္ခဏာများ ဖြစ်သည်) သူ့ အပေါင်းအသင်း သူငယ်ချင်းများ ကြားတွင် သူ့အတွေးအခေါ်များမှာ တစ်ခါတစ်ရံ သီးသန့်ဆန်နေတတ်သည်။ သူကိုယ်တိုင် လည်း တဖြည်းဖြည်း ပတ်ဝန်းကျင်နှင့် သီးသန့်ဆန်လာပါသည်။

သူ့ကိုယ်သူ အရာရာကို ချစ်သော အကောင်းမြင်ဝါဒီဟု ထင်ထားသော်လည်း တကယ်တော့ သူ့အကုန်လုံးကို မချစ်ပါ။ ထို့အပြင် သူမုန်းသည့်အရာများက ပို၍ပင်များကောင်း များပါလိမ့်မည်။ သူသည် သဘာဝလောကကိုချစ်သည်၊ တိရစ္ဆာန်များကိုချစ်သည်။ ညနေခင်းတွင် အင်းယားကန်၌ ထိုင်နေရသည်ကိုချစ်သည်။ တစ်ယောက်တည်း သီးသန့်ဆန် ရသည်ကိုချစ်သည်။ ပို့စ်မော်ဒန် စာပေကိုချစ်သည်။ ဂီတကို ချစ်သည်။ စေတန်ကို ချစ်သည်။ စေတီနှင့် ဘုရားကျောင်းများမှ ဘာသာရေး ပန်းချီကားများကို ချစ်သည်။ သူကောင်မလေးတစ်ယောက် ကိုလဲ ချစ်သည်။

သူမုန်းသည်များကို ပြောရပါလျှင် တော်တော်နှင့် ပြီးဆုံးနိုင်မည်ဟု မထင်ပါ။ စာအုပ်ဖတ်ရင်း မီးပြတ်သွားသည်ကို မုန်းသည်။ သူနေထိုင်ရသည့် အသိုင်းအဝိုင်းကို မုန်းသည်။ မင်္ဂလာဆောင်နှင့် အသုဘများကို မုန်းသည်။ အသားဟင်းများကို မုန်းသည်။ တကယ်တန်းဆို လူတော်တော်များများကို သူမုန်းသည်။ ထိုသူများ၏ ဘေးထွက်ပစ္စည်းများဖြစ်သော အတ္တ၊ မာန စသည်တို့ကိုလည် မုန်းသည်။ တစ်ခါတစ်ရံ သူ့အခန်းထဲသို့ ဝင်လာတတ်သော အင်းဆက်ကောင်များကိုလည်း မဆီမဆိုင် မုန်းတတ်သည်။ (ဝင်လာတိုင်း ပိုးသတ်ဆေးဘူးနှင့် လိုက်သတ်လေ့ရှိပါသည်)။ သူ့ကို တစ်ခါတစ်ရံ စိုက်ကြည့်တတ်သော အိမ်မြောင်၏ မျက်လုံးပြူးကြီးနှင့် ပျော့စိစိ ခန္ဓာကိုယ် ကိုလဲ အင်မတန်မုန်းပါသည်။ (ကြောက်သည်လို့ ပြောလျှင် ပိုမှန်ပါလိမ့်မည်) အခြားအခြား သောကိစ္စများအပြင် တစ်ခါတစ်ရံလည်း သူ့ကိုယ်သူ အင်မတန်မုန်းတီးတတ်လေသည်။

သူ့မျက်နှာသည် များသောအားဖြင့် ပြုံးရယ်နေတတ်သော်လည်း အတွင်းစိတ်မှာတော့ ခံစားချက်မဲ့ပါသည်။ အခြားလူတစ်ယောက်အတွက် စိတ်မကောင်းဖြစ်ရခြင်းသည် သူ့အတွက်တော့ တော်တော်ကို ကြုံတောင့်ကြုံခဲ ကိစ္စဖြစ်လေသည်။ သူကိုယ်တိုင်လဲ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စသည့်ခံစားချက်များ သိပ်မရှိပေ။ ထိုခံစားချက်များ ပျောက်ဆုံးခဲ့ သည်မှာ အတော်ကြာပြီဖြစ်ကြောင်း သူသိချိန်သည် လွန်ခဲ့သော တစ်နှစ်ခန့်ကပင်ဖြစ်သည်။ ထိုသို့ emotion နည်းသော ကောင်လေးသည် ညတစ်ည၌မူ သည်းထန်စွာ ငိုကြွေးခဲ့ဖူးလေ သည်။

ကမ္ဘာပေါ်တွင် အချစ်ဆုံး ကောင်မလေးတစ်ယောက်နှင့် ပတ်သက်၍ ငိုကြွေးခြင်းဖြစ်သည်။ ထိုတစ်ညလုံး မအိပ်ဘဲ မျက်ရည်များ ဆက်တိုက်ကျခဲ့ပါသည်။ သူ့ကိုယ်သူ ခံစားချက်မဲ့သော သူတစ်ယောက်ဟုထင်ထားသော ကောင်လေးသည် လွန်စွာ အံ့သြနေခဲ့ပါသည်။ သို့သော် ကောင်မလေးက မသိခဲ့ပါ။ ထိုတစ်ညလုံး ငိုခဲ့သော မျက်ရည်များကို သိမ်းဆည်းခဲ့ပါလျှင် 1 လီတာခန့် ရမည်ဟုထင်ပါသည်။ ပိုလျှင်ပိုပါလိမ့်မည်။ သို့သော် ကောင်မလေး မသိခဲ့ပါ။ ထိုမျက်ရည်များကို ဓာတ်ခွဲကြည့်ပါက နှလုံးသားအပိုင်းအစများ တွေ့ကောင်းတွေ့ပါလိမ့်မည်။ သို့သော် ကောင်မလေးမသိခဲ့ပါ။

“မင်းကဘယ်လိုလုပ်သိတာလဲ” ဟုမေးလာသော် ထိုကောင်လေးသည် ကျွန်တော်ပင် ဖြစ်ကြောင်းရိုးသားစွာ ဝန်ခံမိမှာဖြစ်ပါသည်။

1 comment:

တေလေ said...

အားလုံးနဲ. ဝေးရင်တောင် မင်းနဲ.ငါ နီးလာသလိုပဲကွာ................