Thursday, August 13, 2009

အောင်ပွဲခံတဲ့ည

အိမ်ထဲကို ခေါင်းလေးပြူပြီး ၀င်ရုံရှိသေး မာန်ဖီပြီး အော်လိုက်တဲ့ ကြောင်တစ်ကောင်ကြောင့် ကျု့ပ်တောင် ရုတ်တရက်တော့ လန့်သွားတယ်။

ကြောင်ကြောက်တဲ့ တစ္ဆေဆိုပြီး နာနာဘာဝလောကမှာ သိက္ခာကျစရာတွေ ဖြစ်ကုန်ဦးတော့မယ်။ ကိုယ့်ကိုကိုယ် အားတင်းပြီး အခန်းထဲကို ၀င်လိုက်ရတယ်။

‘ဟဲ့ ပူစီ၊ ငြိမ်ငြိမ်နေစမ်း’

ကောင်မလေး လှည့်အော်လိုက်မှ သကောင့်သားလဲ ငြိမ်သွားတော့တယ်။ ဒါတောင် ကျုပ်ကို မျက်လုံးကြီး ပြူးပြီး ကြည့်နေလိုက်သေး။


ကျုပ်လည်း သူ့ကို အရေးမစိုက်နေတော့ဘဲ ကောင်မလေးရဲ့ အိပ်ရာဘေးမှာ ထိုင်ပြီး မှန်ရှေ့မှာ အိုက်တင်တွေ လေ့ကျင့်နေတဲ့ ကောင်မလေးကိုပဲ ကြည့်နေလိုက်တော့တယ်။

ကောင်မလေးကလည်း အခန်းထဲမှာ သူနဲ့ သူ့ကြောင်တစ်ကောင်ပဲ ရှိတယ်ထင်ပြီး အသားကုန် mood သွင်းပြီး လေ့ကျင့်နေလိုက်တာ တံတွေးတောင်စင်တယ်။ မဟုတ်တဲ့ အခန်းတွေက ပါလိုက်သေး။
ဟိ ဟိ။ ကျုပ်တောင် ရှက်လို့ ယောင်ပြီး ခေါင်းငုံ့ထားမိလိုက်သေး။

နှာခေါင်းလေး နည်းနည်းပြားပြီး အပေါ်နှုတ်ခမ်းက မဆိုသလောက် ၀င်နေတာကလွဲရင် ကျုပ်လူ့ဘ၀တုန်းက မိန်းမနဲ့ ခပ်ဆင်ဆင်ပဲ။ ဟင့်အင်း၊ မဟုတ်သေးပါဘူး။ ကျုပ်မိန်းမက ပိုဖြူပါတယ်။ ဒီကောင်မလေးက ချောကလက် မှိုတက်လေးပါ။

နောက်ပြီး စိတ်ဓာတ်ချင်းကလည်း တခြားစီပါဗျာ။ ဒီကောင်မလေးကတော့ ဒီလိုပဲ ကရင်း၊ ခုန်ရင်း၊ ဖော်ရင်း၊ ချွတ်ရင်းနဲ့ စတိတ်ရှိုးတွေ၊ ဗီဒီယို၊ ရုပ်ရှင်တွေမှာ ပရိသတ်ကို ဖမ်းစားဖို့ စဉ်းစားနေတဲ့ ဟာမလေးပါ။ ကျုပ်မိန်းမနဲ့တော့ မနှိုင်းကောင်းပါဘူး။

အင်း၊ အတွေးတွေ ဘေးချော်ထွက်ပြီး လာရင်းကိစ္စကိုတောင် မေ့နေတယ်။

ဒီလို အနုပညာကို အမည်ခံပြီး မြူဆွယ်မှုနဲ့ ကျော်ကြားမှုကို ရှာနေတဲ့ သတ္တ၀ါမလေးတွေကို ကျုပ် မကျေနပ်တာကြာပြီ။ ဒါကြောင့် ဒီနေ့ညတော့ ဒီမင်းသမီးပေါက်စကို ပညာပေးဖို့ ကျုပ်လာခဲ့တာ။

ကဲ တွေးနေကြာတယ်။ ကတ်ဆက်ခလုတ်ကို ကျုပ် ပိတ်ပစ်လိုက်တယ်။

‘ဟော တော်’

မျက်လုံးလေး အပြူးသားနဲ့ ကောင်မလေး ကြောင်သွားတယ်။ ပြီးမှ ကတ်ဆက်ဆီလာပြီး ခလုတ်ပြန်ဖွင့်တယ်။

နောက်တစ်ကြိမ် ကျုပ် ကတ်ဆက်ကို ပိတ်လိုက်တယ်။

‘ဟဲ့ ဘယ်လိုဖြစ်တာလဲ’

ကောင်မလေး မကျေမနပ်နဲ့ ပွစိပွစိပြောရင်း ကတ်ဆက်ကို လာဖွင့်ပြန်တယ်။

မှန်ရှေ့ပြန်ဖို့ ခြေလှမ်းပြင်ရုံရှိသေး ကျုပ်က မီးခလုတ်ကို ဖြောက်ခနဲ့ လှမ်းပိတ်ချလိုက်တယ်။

‘အို’

‘ခွီး’

ကောင်မလေးက အလန့်တကြား အော်တယ်။ ကြောင်စုတ်ကတော့ ခွီးကနဲ့ တစ်ချက်အော်ပြီး ကျုပ်ကို ခုန်အုပ်လိုက်တယ်။

ဘယ်ရမလဲ။ ဘေးနားက စားပွဲတင် ပန်ကာပေါ်ကို ဖျပ် ဆိုကျုပ်ခုန်တက်လိုက်တယ်။

‘၀ုန်း၊ ဂလွမ်း’

ကြောင်နဲ့ ကတ်ဆက်တော့ မြင်မကောင်း ရှုမကောင်း၊ လုံးလား ထွေးလားပဲ။ ဟဲ ဟဲ။

‘သွားပါပြီ ကုန်ပါပြီ ကတ်ဆက်တော့ သွားပါပြီ။ ကြောင်စုတ် ကြောင်နာရဲ့’

ကောင်မလေး ဆွေ့ဆွေ့ခုန်နေတုန်း ဖြောက်ခနဲ ကျုပ် မီးပြန်ဖွင့်ချလိုက်တယ်။

မီးရောင်အောက်မှာ တဆတ်ဆတ်တုန်ရင်း ကြက်သီးတွေ ထနေတဲ့ ကောင်မလေးကိုကြည့်ပြီး ကျုပ်တော်တော် ပျော်သွားတယ်။

ဒါနဲ့ ဖြောက်ခနဲ့ မီးပြန်ပိတ်လိုက်တယ်။

‘အမယ်လေး’

စူးစူးဝါးဝါး အော်သံနဲ့အတူ ကောင်မလေး ပြိုလဲကျသွားတယ်။

မီးပြန်ဖွင့်လိုက်တော့ ရွှေမင်းသမီးက မျက်ဖြူလန်ပြီး သတိလစ်နေပြီ။ ဟိ ဟိ။

တခွီးခွီးနဲ့ မာန်ဖီနေတဲ့ ကြောင်ကို ဖနောင့်နဲ့ တစ်ချက်ပေါက်ပြီး ပြတင်းပေါက် သံဆန်ခါကြားကနေ ကျုပ်ပြန်ထွက်ခဲ့တယ်။

ဒီည အောင်ပွဲခံတဲ့ ည။

ပျော်လိုက်တာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တစ်ပိုင်းတစ်စနဲ့ တိုးလိုးတန်းလန်း ကျနေတဲ့ ခြင်ထောင်ကလည်း ၀ါကြန့်ကြန့် မည်းညစ်ညစ်နဲ့။ မလျှော်တာ ဘယ်နနှစ်လောက် ရှိပြီလဲ မသိ။ ပိန်ရှုံ့ပြီး ခေါင်းဦးစွပ်မပါတဲ့ ခေါင်းအုံးပေါ်မှာ လည်ပင်းကြီးကို လိမ်ပြီးတင်ထားတဲ့ သူ့ခေါင်းကလည်း ညှင်းသိုးသိုး၊ ကျပ်ခဲခဲ၊ ဆံပင်ရှည်တွေနဲ့၊ ဖိုးရိုးဖားရား။

တလောက တာမွေ သင်္ချိုင်းမှာ ကျုပ်တွေ့ခဲ့ဖူးတဲ့ မီးတွင်းမှာ သေခဲ့တဲ့ သရဲမလောက်တောင် ကြည့်ချင်စရာ တစ်ကွက်မှ မရှိ။

အင်း ဒီလို ညစ်ပတ် စုတ်ပြတ်နေတာကိုပဲ ကဗျာဆန်တာလို့ ကြွေးကြော်နေဦးမလားမသိ။

သူ့အိပ်ရာဘေးက ခနော်နီ ခနော်နဲ့ ယိုင်ထိုးထိုး စားပွဲပေါ်မှာလည်း ဆေးလိပ်တိုတွေ တစ်ပုံတစ်ပင်နဲ့။ ငါးသေတ္တာဗူးကနေ ဘ၀ပြောင်းလာတဲ့ ဆေးလိပ်ခွက်က ဖရိုဖရဲ။

လက်နှစ်လုံးလောက်သာ ကျန်တော့တဲ့ တောအရက်ပုလင်း တစ်လုံးရယ်။ အဲ အမြည်းထင်ပါရဲ့ ဆီးသီးအချဉ်ပေါင်းထုပ်က တစ်ထုပ်။

ဟွန့်၊ ဒါလဲ ကဗျာဆန်တာပဲလားကွယ်။

ထွီ၊ ဒါမျိုးတွေကို ရွံလို့။ ဒီနေ့ည ဒီအခန်းထဲကို ကျုပ်ရောက်နေတာပေါ့။

ရေးတာက နည်းနည်း။ သောက်တာက များများ။

ယနေ့ မြန်မာ့စာပေလောကတွင် တစ်ဟုန်ထိုး သောက်လာကြသော အုပ်စုများ ဆိုပြီး ထည့်ရတော့မယ့် ဟာတွေလေ။

အမယ် မှန်းစမ်း။ မဆိုးဘူးဟ။ ကဗျာတော့ ရေးဖြစ်သား၊ ဘာတဲ့ သူ့ ကဗျာက။

မတ်တပ်ရပ်နေတဲ့ နေ။
ရေပြင်ပေါ်ကို ဗြုန်းခနဲ ခုန်ချ။
ဒီလိုနဲ့။
သီချင်းသံတို့ အေးခဲသွားကြ။
အဆင်ပြေမှုကို ခူးနေတဲ့ သူရေ။
လူတစ်ယောက်အတွက်
လုံလောက်တဲ့ အောက်ဆီဂျင်
ပန်းသီးပင်က ခိုးသွားပေါ့။
ဒီလိုနဲ့။
ကာရန်တို့ အငွေ့ဖြစ်သွားကြ
ရေခေဲတောင် မြေခွေး
အစွယ် ဖွေးဖွေးနဲ့ပ
ဒီလိုနဲ့…။

အင်း သင်းရေးလက်စ ကဗျာတစ်ပုဒ် ထင်ပါရဲ့။ ကြည့်ရတာ မပြီးသေးဘူးထင်တယ်။ ခေါင်းစဉ်လဲ မတပ်ထား။

ဘာပဲဖြစ်ဖြစ် တကယ်ကို နားမလည်ရိုးအမှန်ပါ။ ဘာတွေရေးမှန်းကို မသိတာ။ အဲလို အဓိပ္ပါယ်မရှိတာတွေ ရေးပြီးတော့ မော်ဒန် ဆိုပြီး လိမ်စားနေကြတာ။ သူတို့တွေကြောင့် စာပေလောကပျက်စီးတာ။

ရုတ်တရက်တော့ အရင်ဘ၀က ဒေါသတွေရော၊ အခုရတဲ့ ဒေါသတွေရော၊ နှစ်ဘ၀စာ ဒေါသနှစ်ခုပေါင်းပြီး ဒီစာလိမ်ကဗျာ ငနာလေးကို ကုပ်ချိုးသတ်မိတော့မလို့ ဟန်တောင်ပြင်မိပါသေးတယ်။

ဟင်း၊ ဒါပေမယ့် ကျုပ်က ဘက်လိုက်တတ်တဲ့ တစ္ဆေပါ။ အနုပညာသမားဆိုရင် ကောင်းကောင်းဆိုးဆိုး ခွင့်လွှတ်တတ်ပါတယ်။

ဒါနဲ့ သူ့ကဗျာကို အထပ်ထပ်ဖတ်မိရင်းက စိတ်မဆိုးတဲ့အပြင် ရယ်တောင်ရယ်ချင်မိလာပါတယ်။ ဒါကြောင့် သူ့ကို ကဗျာနဲ့ပဲ ပညာပေးတော့မယ်ဆိုပြီး စားပွဲပေါ်က သူ့ဘောလ်ပင်နဲ့ ဟောသလို ဆက်ရေးပေးလိုက်တယ်။

‘ဒီလိုနဲ့
ကဗျာတွေ ညံ့ခဲ့ကြ’

နောက်ပြီး ထိပ်မှာ ခေါင်းစဉ်လည်း တပ်ပေးလိုက်တယ်။

“မော်ဒန်လိမ်”

ဟား ဟား ဟား၊ ကျုပ်ရဲ့ အဖြည့်ပုဒ်ကို ကျုပ်ဟာကျုပ် သဘောတွေကျလွန်းလို့ ဒေါသတွေပါပျောက်ပြီး ပျော်တောင် ပျော်လာတယ်။

နောက်တော့ လက်ကျန်အရက်ပုလင်းကို သွန်ပစ်။ ခြင်ထောင်ကို သပ်သပ်ရပ်ရပ်ချပေးပြီး အမိုး ဓနိ အစုတ်အပြဲတွေ ကြားကနေ ကျုပ်ရယ်ရယ်မောမောပဲ ပြန်ထွက်လာခဲ့တယ်။

သကောင့်သားလေး ချမ်းသားစွာ အိပ်စက်ပါစေတော့။

မနက်လင်းရင် ကျုပ်ဖြည့်ထားတဲ့ သူ့ကဗျာကို သူပြန်ဖတ်ရင်း လန့်ပြီး ဖင်ဆောင့်နေလောက်တယ်။ ဟီး ဟီး။
ညရဲ့ လေစီးကြောင်းထဲမှာ စီးမျောရင်း… အမယ် ကျုပ်တောင် ကဗျာဆန်သွားပြီ။ ကျုပ် ရယ်မော နေမိတယ်။
နောက်ပြီး ကဗျာဆရာ ပေါက်စဆီက ဓာတ်ကူးလာလို့နဲ့ တူပါရဲ့။ ရယ်ရင်း မောရင်းနဲ့ ကြည့်အေးရဲ့ ကဗျာ တစ်ပိုင်း တစ်စကိုတောင် ရွတ်မိနေသေး။

တေစ ၦငါကိုယ္တိုင္ပါပဲ။ ဟဲ ဟဲ ဟဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တေစ ၦဆိုတာ ညဘက္မွာ အခြောက်များသတဲ့။

ဆောရီးပါပဲ။ အခုတော့ နေ့ခင်းကြောင်တောင် လုပ်ငန်းစတော့မယ်။

ဒါ တစ္ဆေခြောက်မှာမဟုတ်ဘူး။ ရာဇ၀င်ကြွေး ဆပ်မှာ၊ သိလား။

ဒေါသနဲ့အတူ လေအေးပေးစက်ကတစ်ဆင့် သူ့အခန်းကျယ်ကြီးထဲ ကျုပ်ရောက်လာခဲ့တယ်။

စားပွဲကြီးရဲ့ ဆုံလည်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း သူလက်မှတ်တွေ ငုံ့ထိုးနေတယ်။ လိမ်နေတာ၊ လိမ်နေတာ။

ကျုပ် သိပ်မုန်းတဲ့သူ။ အရင်ဘ၀တုန်းက ကျုပ်အထက်ကနေ ကျုပ်ကို နှိပ်စက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။

လူ့ဘ၀တုန်းက မော်မကြည့်ရဲခဲ့ပေမယ့် အခုတော့ တစ်ပွဲတစ်လမ်း ပီပီပြင်ပြင် တွေ့ကြပြီပေါ့ ကွာ။

ကျုပ်ဟာ တစ္ဆေဆိုပေမယ့် လူ့အသက်ကို ရန်မရှာတတ်ခဲ့ပါဘူး။ ဟိုမင်းသမီးပေါက်စနဲ့ ကဗျာဆရာပေါက်စကိုလည်း ကြောက်ရုံ့လန့်ရုံလောက်ပဲ ကျုပ် ပညာပေးခဲ့တာပါ။

ဒီတစ်ခါကတော့ ရာဇ၀င်ကြွေးဆပ်မှာ။ လက်စားချေမှာ။ သတ်မှာ သတ်မှာ။

သူ့နောက်ကနေ တဖြည်းဖြည်း ကပ်သွားရင်း အဆီတွေ တရစ်ရစ် တက်နေတဲ့ သူ့ကုပ်ပိုးကို ကျုပ်လက်နဲ့ လှမ်းကိုင်လိုက်မိတယ် ဆိုရင်ပဲ။

ဝုန်းခနဲ ဆုံလည်ကုလားထိုင်ကို တစ်ပတ်လှည့်ပြီး ကျုပ်လက်ကို သူဖြတ်ရိုက်ချလိုက်တယ်။

ဘုရား ဘုရား။

တကယ်ပါ၊ တစ္ဆေက ဘုရားတမိပါတယ်။

ပြီးမှ ကျုပ်မျက်နှာကို စေ့စေ့ကြည့်ရင်း သူ စကားကို တစ်လုံးချင်းပြောတယ်။

‘ဟေ့ကောင်၊ ဒီမှာ သေသေချာချာ နားထောင်။ မင်းက သေပြီးမှ တစ္ဆေဖြစ်တဲ့အကောင်၊ နောက်ပေါက် ဂျူနီယာ။ အေး ငါက အရှင်လတ်လတ် ဘီလူးဖြစ်နေတဲ့ကောင်၊ ဒီမှာတွေ့လား’

စကားအဆုံး သူ့သွားတွေကို ဖြဲပြတော့မှဘဲ ကျုပ်မြင်မိပါတော့တယ်။

အမယ်လေး၊ နည်းတဲ့ အစွယ်ကြီးတွေလား။

ကျုပ် တုန်တုန်ယင်ယင်နဲ့ ကြောင်ပြီး ငေးကြည့်နေတုန်းပါပဲ။

‘ဖြန်း’

ပါးကို တစ်ချက်အရိုက်ခံလိုက်ရတယ်။ လက်သံကတော့ ပြောင်တုန်းပါပဲ။

ပြီးတော့ ခပ်ငေါက်ငေါက်မေးတယ်။

‘မင်းအခု ဘယ်သင်္ချိုင်းမှာလဲ’

‘ကြံ ကြံ ကြံတောမှာပါ’

‘သွား ပြန်၊ နောက် ဒါမျိုးလုပ်ရင် နေရာ ပြောင်းပစ်လိုက်မယ်’

‘ဟုတ်၊ ဟုတ်ကဲ့ ခင်ဗျ’

ပြောရင်း ဆိုရင်း ကျုပ် ပြန်ပြေးခဲ့ရတယ်။ ကြံတောကို ဘယ်လို ပြန်ရောက်မှန်းတောင် မသိတော့ပါဘူး။
ရောင်ကိုင်းနေတဲ့ ပါးတစ်ဖက်ကို ပွတ်ရင်း ဂူတစ်လုံးပေါ်မှာ ကျုပ် ငေါက်ငေါက်ကြီး ထိုင်နေမိတယ်။

မနေ့က ကားတိုက်ခံရလို့ အစိမ်းသေ သေလာခဲ့တဲ့ ကွမ်းယာဆိုင် ကုလားကို ပရုတ်ဆီ ပြန်ယူခိုင်းတာလည်း အခုထိ ပြန်မရောက်သေးဘူး။

ဧကန္တရက်လည်မှပဲ ပြန်လာတော့မှာနဲ့ တူပါတယ်။

အင်း၊ ဒုက္ခ ဒုက္ခ။

ကျွတ် ကျွတ် ကျွတ် နာလိုက်တာ…။

No comments: