Saturday, September 26, 2009

ဖတ်ပြီးရင်မေ့ပစ်လိုက်ပါ

“ကြယ်ဆိုတာ ကြွေတတ်တယ်...။ မျှော်လင့်ချက်ဆိုတာလဲ သေတတ်တယ်...” ကြယ်တွေကို ငေးတတ်တဲ့ ငါ... ကြယ်တွေကိုတောင် မုန်းချင်လာပြီ။ ငါ့ဘဝမှာ.. ကြယ်တွေကြွေတာများပြီ... အတော်လေးတော့ များနေပြီ...။ ဒီလောက်ဆိုရင်တော့ ရပြီ ရပြီ။ ငါ... မျှော်လင့်ရမှာကို ကြောက်လာပြီ...။

“ငါတို့က အသိုင်းအဝိုင်းနဲ့နေတာ။ နင့်အဖေက '........' ။ နင်က ဒီလိုဖြစ်နေလို့ရမလား...။ ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်...။ ......................” ရပြီ ရပြီ။ ငါမှားတာပဲ နေမှာပါ...။ maybe ငါက ဒီအသိုင်းအဝိုင်းနဲ့ မထိုက်တန်လို့နေမှာပါ..။ လောကမှာ အဖြူရောင်ဆိုတာ မရှိတော့ဘူးလား..။ ဒါမှမဟုတ် အားလုံးကဖြူပြီး ငါတစ်ယောက်ပဲ မည်းနေတာလား...။ ရပါတယ်လေ..။ ငါပဲမှားပါတယ်..။ အချိန် အတိုင်းအတာတစ်ခုရောက်ရင်...။ အင်း..။ အချိန် တစ်ခုကို ရောက်လာရင်ပေါ့........။

Tuesday, September 8, 2009

အိပ်မက်များ

အိပ်မက်ထဲမှာလေ
ဘုရားသခင်ဆိုတဲ့လူကြီးနဲ့တွေ့တယ်
မင်းကငါ့ကို ဘာလို့မယုံတာလဲတဲ့
ကျွန်တော်ခေါင်းခါမိတယ်
ခင်ဗျားကကျွန်တော့်ကိုယုံကြည်လို့လား
ခင်ဗျားကောတကယ်ရှိလို့လား
သူကတော့ ရယ်ကျဲကျဲနဲ့ ခေါင်းကုတ်တယ်..။ (လှလည်းမလှဘူး)

အိပ်မက်ထဲမှာလေ
အချိန်ဆိုတဲ့ဟာနဲ့တွေ့တယ်
မင်းကငါ့ကို ဘာလို့မလေးစားတာလဲတဲ့
ကျွန်တော်ခေါင်းခါမိတယ်
ခင်ဗျားကောကျွန်တော့်ကိုလေးစားလို့လား
"အချိန်နှင့်ဒီရေသည်လူကိုမစောင့်" တဲ့
ကျွန်တော်ကခင်ဗျားကိုဘာလို့ လေးစားရမှာလဲ..။

အိပ်မက်ထဲမှာလေ
ချစ်သူနဲ့တွေ့တယ်
နင်ကငါ့ကိုဘယ်လောက်ချစ်လို့လဲတဲ့
ကျွန်တော်ခေါင်းခါမိတယ်
သမီးရည်းစားထက်နည်းနည်းလေးပိုမိတာပါ
ဒါပေမယ့်ရလာဒ်ကစိတ်မကောင်းစရာ
ဒီလိုမျိုးလေးပေါ့...။

၁၅၀၀ + ၁ = zero

Sunday, September 6, 2009

------xxxxxxx----------

တကယ်တော့ သူသည် လည်ဆံမွှေးကောင်းကောင်းနှင့် လှောင်အိမ်ထဲမှ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ (အနည်းဆုံးတော့ ဖြစ်ခဲ့ဖူးသည်)။ သာမန်ကလေးများနှင့် ယှဉ်လျှင် တော်သည်၊ ဥာဏ်ရည်မြင့်သည်၊ ကြိုးစားသည်။ တစ်ချိန်ကသူလိုချင်ခဲ့သော ဆုတစ်ခုအတွက် အိပ်မနေ ကြိုးစားခဲ့ဖူးသည်။ (ယခုပြန်တွေးရင်း ရယ်နေပါသည်)။ သူ့ကိုမွေးသည့် နေ့သည်ပင်လျှင် သာမန်ထက်ထူးခြားသော နေ့ဖြစ်ခဲ့သည်။ ရန်ကုန်မြို့၏ နှစ်ပေါင်း 20 အတွင်း အအေးလွန်ကဲ ဆုံးနေ့ဟု စံချိန်တင်သောနေ့၏ ညဆယ့်နှစ်နာရီ တိတိတွင် လူ့လောကသို့ ရောက်ရှိခြင်းဖြစ် သည်။ ထို့ကြောင့်ပင်လျှင် သူ့ကိုယ်သူ့ တစ်ခါတစ်ရံ အေးချမ်းခြင်းကို သယ်ဆောင်လာသော ကောင်းကင်တမန်ဟု မရှက်ဘဲပြောတတ်လေသည်။

သူ့ဘဝ၏အစပိုင်းသည် မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်း နှင့်ပင် လုံးချာလည်လိုက်ခဲ့သော နေ့များပင်ဖြစ်သည်။ လှောင်အိမ်ထဲမှ ခြင်္သေ့တစ်ကောင်ဖြစ်သည်။ အများက ချီးကျူးကြသည်။ အထင်ကြီးကြသည်။ သူ့မိဘများက ဂုဏ်ယူကြသည်။ ပျော်ကြသည်။ သို့သော် သူမပျော်ခဲ့။ ရုံသွင်းပြခံထားရသော အကောင်တစ်ကောင်လို ခံစားနေရသည်။ သူ ငြီးငွေ့လှပါပြီ။