Thursday, April 28, 2011

အောက်မှာ နေရာလွတ်တွေ အပုံကြီးရှိတယ် (မြင့်သန်း)

ပါမောက္ခ ဖင်း(န)မဲင်း Richard Feynman က ၁၉၅၉ က ဟောပြောခဲ့တဲ့ နာမည်ကျော် There’s Plenty of Room at the Bottom ကို ကျွန်တော် ၁၉၈၄ ခုနှစ်ကျမှ ကြားဖူးတယ်။ မဆီမဆိုင်ပြောတဲ့သူက ကျွန်တော်တို့ကို ရှေးဟောင်းဂရိ အတွေးအခေါ် သင်ကြားတဲ့ ပါမောက္ခ မီလော့(စ) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပဲ (ခုတော့ ဆုံးသွားရှာပြီ)။ ဘာမျှထွေထွေ ထူးထူးမပြောဘဲ ရှာဖတ်ကြည့်ကြစမ်းလို့ပဲ ပြောတယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဆယ်ယောက်လောက်ရှိတယ်။ စာကြည့်တိုက်မှာ သွားကော်ပီကူးပြီး ကျွန်တော်တို့အားလုံး စာကြည့်တိုက်ထဲက ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း ဖတ်ကြည့်ကြတယ်။ ကျွန်တော်တို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါမိကြတယ်။ တကယ်တော့ ကျွန်တော်တို့လေ့လာနေတဲ့ အကြောင်းအရာ အကြောင်းရပ်တွေနဲ့ ဘာမှမဆိုင်ဘူး။ ဖင်း(န)မဲင်းက ရူပဗေဒ အခြေခံနဲ့သိပ္ပံပညာအကြောင်း ဟောပြောခဲ့တာ။ နောက်တစ်ပတ်ကြာတော့ အဖိုးကြီး မီလော့(စ)ကို မေးကြည့်ကြတယ်။ ဒီတော့ သူက “ငါပြောချင်တာ ဖင်း(န)မဲင်းရဲ့အမြင်မှာ အခြေခံပေးတဲ့ သူ့ ကောန်တက်(စ) Context အတိုင်းမဟုတ်ဘူး။ ဒဿနိကဗေဒ၊ ဒဿနစနစ်တွေ အခြေအနေတော်တော်များများမှာလည်း အောက်ခြေမှာ နေရာလွတ်တွေ ရှိသေးတယ်။ ဖြည့်စရာနေရာတွေကျန်သေးတယ်။ ဖြည့်နိုင်တာဖြည့်ဖို့ပဲ” လို့ ပြောပြီး သူရဲ့ဆိုလိုရင်းကို ရှင်းပြတယ်။ တကယ်တော့ ဖင်း(န)မဲင်းရဲ့အမြင်ကို ထောက်ခံရင်း တခြားတစ်ဖက်က ကြည့်တာပဲ။

နောက် ငါးနှစ်လောက်ကြာတော့ ဥရောပမှာ ဘာသာစကား၊ ဘာသာဗေဒအကြောင်း လေ့လာနေတုန်း ဒီစကားကို ထပ်ကြားရပြန်တယ်။ ဒီတစ်ချီတော့ ကျွန်တော်ရိပ်မိနေပြီ။ ခင်ဗျားဆိုလိုတာ ဘာသာဗေဒရဲ့အခြေခံမှာ ဖြည့်နိုင်တဲ့နေရာလွတ်တွေ အများကြီးရှိနေသေးတယ်ဆိုတာပဲ မဟုတ်လားလို့ ကထိကမကြီးကို မေးလိုက်မိတယ်။ သူက ဝန်ခံတယ်။ အတော်များများကတော့ မသိကြလို့ ၁၉၈၄ ခုနှစ်မှာ ကျွန်တော် ကြုံခဲ့ရသလို အပြေးအလွှားစာကြည့်တိုက်သွားပြီး ရှာဖွေဖတ်ခဲ့ကြရတယ်။ ဖင်း(န)မဲင်းရဲ့ ဟောပြောချက်ခေါင်းစဉ်က ဒီရွေ့ဒီမျှနဲ့ မပြီးဘူး။ ကျွန်တော်နဲ့ ထပ်တိုးရပြန်တယ်။ ၂၀၀၅ မှာ မဟာဗျူဟာနဲ့ ပတ်သက်လို့ ပညာရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးက ရှင်းပြနေတုန်း ညွှန်းပြန်တာ ကြားရပြန်တယ်။ သူက ပညာရှင်ဆိုပေတဲ့ တက္ကသိုလ်ပညာရပ်ဆိုင်ရာ အဆောက်အအုံထဲက လာတာမဟုတ်ဘူး။ အချက်အလက် ကောက်ခံရေး စိစစ်ရေးနဲ့ပတ်သက်တဲ့ မဟာဗျူဟာပိုင်းကလာတာ။ ဥရောပစစ်အေးကာလရဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့လူ။ ဟိုတယ်က သူ့အခန်းမှာ ကျွန်တော်တို့လေးငါးယောက်နဲ့ စကားပြောရင်း ရှင်းပြတုန်း ဖင်း(န)မဲင်းပြောတာ ကြားဖူးတယ်မဟုတ်လို့ အစချီရင်း ပြောပြန်တယ်။ ဆိုလိုရင်းကတော့ ဖင်း(န)မဲင်းရဲ့ ခေါင်းစဉ်လိုပဲ။ ကောန်တက်(စ)ကတော့ မတူဘူး။ အောက်မှာနေရာလွတ်တွေ အပုံကြီးရှိနေတယ်လို့ သတိပေးတာပဲ။

Friday, April 22, 2011

လူနှင့်သူ၏လိုအပ်မှု (မြင့်သန်း)

နောက်ဆုံးတော့ အစည်းအဝေးခန်းထဲက အေဒရီယံနဲ့ ကျွန်တော် ထွက်လာခဲ့တယ်။ အခန်းရဲ့ ပြင်ဘက်နားရောက်တာနဲ့ ဘာနဘီနဲ့ တွေ့တယ်။ ဘာနဘီက အရေးကြီးတဲ့လူတွေအတွက် လုံခြုံရေးတာဝန် ယူရတဲ့လူ။ အရင်က ကမာန်ဒို လုပ်ခဲ့ဖူးတော့ အလုပ်က ထွက်ခွင့်ရတာနဲ့ ကိုယ်ပိုင် လုံခြုံရေးကုမ္ပဏီကလေး ထောင်တယ်။ အပေါင်းအသင်း အဆက်အသွယ်ကောင်းတော့ အောင်မြင်တယ်။ တက္ကသိုလ်က ဘွဲ့ရထားတဲ့သူမို့လည်း အမြော်အမြင်ရှိတယ် ပြောရမှာပဲ။ အေဒရီယံနဲ့ ကျွန်တော်တို့နှစ်ယောက်သား အားတဲ့အခါ အချိန်ပိုင်းသင်ကြားပေးတဲ့ သင်တန်းတွေလည်း ကြိုးစားတက်လေ့ရှိတယ်။ ကျွန်တော်တို့ သင်တန်းတွေက အိုင်ကျူစစ်ပြီးမှ လက်ခံတော့ ဘာနဘီ တက်ခွင့်ရတာကို ကြည့်တာနဲ့ သူ့ အနည်းဆုံး အိုင်ကျူဘယ်လောက်ရှိမယ်ဆိုတာ တွေးလို့ရတယ်။ ခုချိန်အထိ တစ်မိနစ်ကို စာလုံးရေ သုံးရာ၊ သုံးရာ့ငါးဆယ်လောက် ဖတ်နေနိုင် သေးတယ်ဆိုကတည်းက ဘာနဘီဟာ လူညံ့တော့ မဟုတ်ဘူး။ လုပ်ဖော်ကိုင် ဖက်မဟုတ်ပေတဲ့ ကျွန်တော်တို့ကို လေးစားတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ။ ဘာကြောင့်မှန်းတော့ မသိဘူး။ တခြား လူတစ်ယောက်ရဲ့ အသက်ရှင်နေနိုင်ရေးဟာ သူ့မှာ တာဝန်ရှိတယ်ဆိုတာ ယုံယုံ ကြည်ကြည် လက်ခံထားတဲ့ လူတစ်ယောက်ပဲ။ တစ်ခါတလေ ကျွန်တော်တို့ သိချင်တာကလေးတွေ သိချင်တဲ့ အဆက်အသွယ်တွေ သူ့ဆီက ရနိုင်တယ်။ အလုပ်ပြီးသွားကြပြီလားလို့မေးရင်း ကလယ်တော့ ဟိုဖက်အခန်းထဲမှာ ရှိတယ်လို့ သူက လှမ်းပြောတယ်။ ကလယ်က ကျွန်တော်တို့အဖွဲ့ရဲ့ အတွင်းရေးမှူး။

ပြီးသွားပြီကွာ။ ပြီးသွားတာပဲ ကျေးဇူးတင်နေရသေးတယ်လို့ အေဒရီယံက ပြန်ဖြေလိုက်တယ်။ ကျွန်တော်တောင် ဒီကိုရောက်နေတာ နှစ်ပတ် ကျော်သွားပြီလို့ ဘာနဘီက ထပ်ပြောပြီး ပြန်ကြတော့မှာလား မေးလိုက်တယ်။ အေဒရီယံက မဖြေဘူး။ ကျွန်တော့်ကို လှမ်းကြည့်နေတယ်။ ကျွန်တော်လည်း စိတ်ထဲမှာရှိတာ ဖွင့်ပြော လိုက်မိတယ်။ အလုပ်ကတော့ ပြီးပြီကွာ။ တစ်နေရာရာ သွားချင်တယ်။ အိမ်ပြန်လည်း နှင်းဆီပင်တွေရေလောင်း။ ကြောင်ကို အစာကျွေး။ ဒါပဲ လုပ်စရာရှိတယ်။ တစ်နေရာရာကို သွားပြီး ဘာမျှမလုပ်ဘဲ ထိုင်နေချင်တယ်လို့ ပြောလိုက်မိတယ်။ ချက်ချင်းဆိုသလိုပဲ အေဒရီယံက ဒါကတော့ မိန်းမယူမိတဲ့ လူတွေရဲ့ ဒုက္ခတစ်ခုပဲ။ ချစ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးတရားတွေကို ပေါ့ပေါ့တန်တန် တွေးခဲ့မိတဲ့လူတွေ ကြုံရတတ်တဲ့အကျိုးဆက်တွေပေါ့ကွာလို့ ပြောပြီး ခဏရပ်နေလိုက်တယ်။ ပြီးမှ မင်း စိတ်ကူးကိုတော့ ငါလည်း သဘောအကျသား။ ငါရော လိုက်ခဲ့လို့ရမလားလို့ မေးတယ်။ လိုက်ချင်လိုက်ခဲ့ပေါ့။ လိုက်တာမလိုက်တာက မင်းရဲ့လွတ်လပ်ခွင့်။ မင်းရဲ့အခွင့်အရေးပဲ။ ဒါပေတဲ့ ငါ့ရဲ့စိတ်ကူးအတွက်ကတော့ တန်ရာတန်ကြေး မင်းပေးရမယ်။ ပီနိုနွား တစ်လုံးကောင်းကောင်း မင်းဝယ်တိုက်ရမယ်လို့ ပြောတော့ အေဒရီယံက ကျွန်တော့်ကို ဘာမျှပြန်မပြောဘဲ ဘာနဘီကို ကြည့်ပြီး ပြုံးပြရင်း ကျွန်တော့်ဖက်ကို လက်ညှိုးထိုးပြနေတယ်။ မြင်ရဲ့မဟုတ်လားလို့ သူက ပြောချင်တာပဲ။ ဘာနဘီကလည်း ပြုံးတယ်။ ပြီးမှ သူက ဦးနှောက်ရောင်းစားနေတဲ့လူ။ ဦးနှောက်အတွက် အဖိုးအခကို မင်းပေးရမှာပေါ့လို့ ပြောရင်းရယ်တယ်။ ဒီတော့မှ အေဒရီယံက အိုကေလို့ ပြောပြီး ဘယ်သွားမှာလဲလို့ တစ်ဆက်တည်းမေးတယ်။

Friday, April 1, 2011

မမျှော်လင့်ဘဲ အတိတ်မေ့နေတဲ့ လူ

ကျွန်တော် အပြင်ထွက်ပြီး စာမရေးဖူးဘူး။ အိမ်မှာပဲ ရေးတာများတယ်။ လုံးဝကို မရေးဖူးတာတော့ မဟုတ်ဘူးရယ်။ အပြင်ရောက်နေတုန်း တစ်ယောက်ယောက်ကို စောင့်နေတုန်း အချိန်တွေမျိုးမှာ ရေးခဲ့ဖူးတယ်။ စာတစ်ပုဒ် ကဗျာတစ်ပုဒ်လုံးတော့ မဟုတ်ဘူး။ တစ်ကြောင်းစ နှစ်ကြောင်းစ အတိုအစလေးတွေ မှတ်စုသဘောမျိုးပဲ ရေးခဲ့ဖူးတယ်။ တစ်ခါတစ်ရံမှာ စာရေးဆရာ တစ်ယောက်တလေ ပန်းခြံတို့ ကော်ဖီဆိုင်တို့မှာ စာရေးနေတာ တွေ့ရဖူးတယ်။ ပန်းခြံလို နေရာမျိုးမှာ စာရေးတာက နားလည်နိုင်ပေမယ့် ကော်ဖီဆိုင်လိုမျိုး ဆူညံနေတဲ့ နေရာမျိုးမှာ စာရေးတဲ့သူတွေကို နားမလည်နိုင်ဘူး။ စာရေးဖို့ဆိုတာ အာရုံစူးစိုက်နိုင်ဖို့ လိုမယ်တော့ ထင်တာပဲ။ ကျွန်တော် အိမ်မှာရေးရင်တောင် အသံဆူတဲ့ နေခင်းပိုင်းမှာ မရေးတတ်ဘူး။ ညနက်တဲ့အချိန်ရယ် မနက်ခင်း အစောကြီးတွေရယ် အဲလိုအချိန်မျိုးမှ ရေးလို့ရတယ်။ တိတ်ဆိတ်နေတဲ့ အချိန်တွေပေါ့။

ဒီနေ့တော့ အပြင်မှာ စာတစ်ပုဒ်လောက် ဖြစ်ဖြစ်မြောက်မြောက် ရေးဖူးအောင်လို့ ရေးမယ်လို့ စဉ်းစားမိလို့ ပန်းခြံကို ထွက်လာခဲ့တယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်ကလည်း အပြင်မှာ စာရေးရတာ ပိုကောင်းတယ်လို့ ပြောဖူးတယ်။ ပန်းခြံကိုရောက်တော့ ညနေစောင်းတော့မယ်။ နေသိပ်မပြင်းတော့တဲ့အချိန်။ ရန်ကုန်မြို့ရဲ့ နွေရာသီမှာ တော်ရုံအရေးမကြီးရင် ကျွန်တော်က အပြင်မထွက်ဘူး။ နေပူရင် လူ့ရဲ့စိတ်က ဂနာမငြိမ်နဲ့ အလိုလိုနေရင်း စိတ်တိုသလိုလို စိတ်ညစ်သလိုလို ဖြစ်နေတတ်တယ်။ ဒါကြောင့် နေမြင့်လေ အရူးရင့်လေလို့ ပြောကြတာ နေမယ်။ နေပူတဲ့နေ့တွေဆို ကျွန်တော် အပြင်ထွက်လေ့ မရှိဘူး။ ညနေစောင်းခါနီးအချိန်မှာတော့ နေအပူရှိန် လျော့သွားရင် ထွက်ဖြစ်တယ်။