Thursday, June 24, 2010

လမ်းခွဲ

လူတွေဟာ သူမရွေးခဲ့မိတဲ့ လမ်းအတွက်တော့ နောင်တရမိကြတာချည်းပဲ။ (-- မြင့်သန်း --)

မပြီးဆုံးနိုင်သော ရွေးချယ်မှုများနောက်ဆုံးတွင်
လမ်းခွဲတစ်ခုသို့ သူမျှော်လင့်စွာဖြင့် ရောက်လာခဲ့ပါသည်။ ဤတစ်ကြိမ်သည်လည်း ခါတိုင်းကဲ့သို့ပင် ရွေးချယ်မှုတစ်ခုကို ထပ်မံပြုလုပ်ရဦးမည် ဖြစ်ကြောင်း သူနားလည်ထားပါသည်။ အသေးငယ်ဆုံးသော ရွေးချယ်မှုတစ်ခုကပင်လျှင် ဘဝကို အကြီးအကျယ် လမ်းလွှဲပေးနိုင်ကြောင်း ခေးအော့စ်သီအိုရီတွင် သူကြားဖူးခဲ့သော်လည်း သိပ်တော့ဘဝင်မကျခဲ့။ သို့သော် ဘဝင်ကျခြင်း ဘဝင်မကျခြင်းဆိုသည်မှာလည်း သူ၏ ဘက်လိုက်မှုတစ်ခုသာ မဟုတ်ပေဘူးလား။ ပုံမှန်အားဖြင့် ဘက်လိုက်မှုများကို သဘောမကျတတ်သော သူသည် ရွေးချယ်ရခြင်းကိုလည်း သိပ်မနှစ်သက်ပေ။ ဘဝသည် ရွေးချယ်နေရခြင်းထက် ကြုံရာကျပန်းဖြစ်နေရလျှင် ပို၍ပျော်စရာကောင်းမည်ဟု စဉ်းစားမိပါသည်။ သို့သော်လည်း လူဖြစ်လာကတည်းက ပြုလုပ်ခဲ့ရသော ရွေးချယ်မှုများနှင့် အသားကျခဲ့သည်မှာလည်း အတော်ပင်ကြာခဲ့ပါပြီ။ ဤတစ်ကြိမ်လည်း ထပ်မံရွေးချယ်ရဦးမည်။

Monday, June 7, 2010

ထွက်လာသောနေနှင့် ထိုနေဝင်သွားပြီးနောက် ပြန်ထွက်လာရခြင်းအကြောင်း (မြင့်သန်း)

... fill the cup that clears
Today of Past Regrets and Future Fears:
Tomorrow! - Why, Tomorrow I may be
Myself with Yesterday's Sev'n thousand Years.
Edward Fitzgerald, Omar Khayyam

အလုပ်ကိစ္စတွေပြီးတဲ့ နေ့တစ်နေ့တော့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတို့ နှစ်ယောက်သား နက်စီဆိုင်ဘက်ဆီ သွားကြတယ်။ နက်စီဆိုင်က ပင်လယ်ကို မြင်နေရတယ်။ ဒါပေတဲ့ ပင်လယ်စပ်မှာတော့ မဟုတ်ဘူး။ နက်ဆီဆိုတာက ဆိုင်ပိုင်ရှင်ရဲ့ နာမည်။ နာမည်အရင်းတော့ မဟုတ်ဘူး။ သူ့နာမည်ရင်းက နာစီဘွမ်းတဲ့။ ဂျူးနာမည်။ ဒီတော့ သူက ဂျူးလူမျိုးပဲ ဖြစ်မယ်။ ဘယ်သူကမျှတော့ ဒီနာမည်မျိုးကို အပျင်းပြေ မှတည့်မှာမဟုတ်ဘူး။ နက်ဆီဆိုတာကလည်း သူ့နာမည်ကို အတိုကောက်ခေါ်သလိုပဲ။ တကယ်တမ်းမှာတော့ မဟုတ်ဘူးလို့ ပြောရမှာပဲ။ အကြောင်းက ဒီလို။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်သာသာလောက်က ဒီဆိုင်ကလေးကို သူဝယ်တော့ ဆိုင်နံရံမှာ အဖြူအမည်း ဓာတ်ပုံခပ်ကြီးကြီးတစ်ပုံ ချိတ်ထားတာ တွေ့ရတယ်။ အဲဒီဓာတ်ပုံက ခုထိရှိသေးတယ်။ ဓာတ်ပုံကတော့ စကော့တလန်နိုင်ငံက နက်(စ)ရေကန်ကြီး Loch Ness ထဲမှာ ခေါင်းထောင်ပြီး ကြည့်နေတဲ့ ဘာကြောင်ကြီးမှန်းမသိရတဲ့ အကောင်ကြီးရဲ့ အဖြူအမည်းဓာတ်ပုံပဲ။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးကို ချစ်စနိုးနဲ့ လူတွေက နက်စီလို့ ခေါ်ကြတယ်။ တကယ်တော့ ဘာမှန်းမသိကြတာတစ်ခုကို သိသယောက် ရှိသယောင် သဘောထားပြီး မသိတာတစ်ခုဟာ အရှိဖြစ်လာတာ။ အဲဒီ ဆိုင်နံရံပေါ်က အဲဒီဓာတ်ပုံကို အစွဲပြုပြီး ဆိုင်ကို နက်စီဆိုင်လို့ ခေါ်ကြတာ။ ဆိုင်မှာတော့ ဆိုင်နာမည် ဆိုင်းဘုတ်မရှိဘူး။ အရင်ကတော့ ဆိုင်ပိုင်ရှင် စကော့လူမျိုး မိသားစုနာမည်ကို အစွဲပြုပြီး မက်ဖေဒင်ကဖေးလို့ ခေါ်ကြသတဲ့။ အဲဒီတုန်းက ကျွန်တော်တို့လည်း မရောက်ဖူးလို့ အသေအချာတော့ မပြောနိုင်ဘူး။ ရှိခဲ့ဖူးတာတစ်ခုဟာ ကိုယ်က မသိတော့ အာမခံနဲ့ မပြောနိုင်ဘူး။ သူများပါးစပ်က ပြောတာ ကြားရဖူးတာပဲ။ ဒီဆိုင်ဝယ်ပြီးတော့ ဆိုင်နာမည်အသစ် ပြောင်းမယ်ဆိုပြီး ရှိရင်းစွဲ ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်သတဲ့။ အနှစ်သုံးဆယ်သာ ကြာသွားရော အသစ်တော့ မတင်ဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ အရင်ပိုင်ရှင်ထားရစ်ခဲ့တဲ့ နံရံပေါ်က ဓာတ်ပုံကို အစွဲပြုပြီး နက်စီိဆိုင်လို့ တွင်နေတယ်။ ပိုင်ရှင်နာမည်ကလည်း နာစီဘွမ်းဆိုတော့ ဆိုင်နာမည် အဲဒီလိုတွင်သွားတာကို သူက ကန့်ကွက်မနေတော့ဘူး။ ခုတော့ သူ့ဆိုင်ကို လာနေကျလူတွေက သူ့ကိုလည်း နက်စီလို့ပဲ ခေါ်ကြတော့တယ်။ နောက်ပိုင်းလာတဲ့လူတွေဆိုရင် သူ့နာမည်ကို နာစီဘွမ်းဆိုတာတောင် မသိကြတော့ဘူး။

Saturday, June 5, 2010

ဇီနို (သို့) ပါမင်းနိဒီးစ်အား ထောက်ခံသူ

ဇီနိုသည် 489 BC ခန့်တွင် မွေးဖွားခဲ့ပြီး အီလာဂိုဏ်းတွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည်။ ဧကန်အားဖြင့် ဇီနိုသည် အီလာကျောင်းတွင် မည်သည့်အတွေးအခေါ်သစ် တစ်ရပ်ကိုမှ တီထွင်ခဲ့သူမဟုတ်ပေ။ သူ၏ ထင်ရှားသော လုပ်ဆောင်ချက်မှာ ပါမင်းနိဒီးစ်၏ အဆိုများကို ထောက်ခံသော ဆင်ခြေများသာ ထုတ်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ပါမင်းနိဒီးစ်၏ အဆိုအရ အာရုံငါးပါးဖြင့်သိနိုင်သော လောကသည် အစစ်အမှန် မဟုတ်။ ထိုလောကတွင် အများအပြားရှိခြင်း (plurality) နှင့် ပြောင်းလဲခြင်း (change) တို့ရှိ၏။ အရှိတရား (Being) ဆိုသည်မှာ တစ်ခုတည်းသာရှိပြီး တည်မြဲ၏။ မပြောင်းလဲနိုင်။ မရွေ့လျားနိုင်။ ပြောင်းလဲခြင်းနှင့် အများအပြားရှိခြင်းတို့သည် အတုအယောင်များသာဖြစ်သည်။ (အသေးစိတ်ကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)