Friday, July 18, 2014

ကမ္ဘာမြေမှ ပေးစာများ (၁)

ဖန်ဆင်းရှင် ပလ္လင်ပေါ်မှာထိုင်ပြီး စဉ်းစားနေတယ်။ သူ့နောက်မှာက အဆုံးမရှိတဲ့ ကောင်းကင်ဘုံ၊ အရောင်တွေ လင်းလက်လို့။ သူ့ရှေ့က အမှောင်မည်းမည်း အာကာသ ဟင်းလင်းပြင်က နံရံတစ်ခုလို။ သူ့ရဲ့ မြင့်မားလှတဲ့ မျှော်စင်ကြီးက တောင်ကမ်းပါးရံတစ်ခုလို အပေါ်ကို ထိုးဖောက်လျှက်။ သူ့ရဲ့ ဦးခေါင်းတော်က အဝေးက မြင်နေရတဲ့ နေမင်းကြီးကို အလျှံငြီးငြီးနဲ့။ သူ့ခြေထောက်နားမှာတော့ ဧရာမ မြင့်မားလှတဲ့ တမန်တော်ချုပ် သုံးဦး။ သူနဲ့ယှဉ်လိုက်ရင်တော့ အမြင့်က ခြေမျက်စိလောက်ထိပဲ ရှိတယ်။

ဖန်ဆင်းရှင် စဉ်းစားလို့ ပြီးသွားတာနဲ့ "ငါကိုယ်တော် စဉ်းစားလို့ပြီးပြီ၊ ရှုစားလော့!" လို့ ပြောလိုက်တယ်။

သူ့လက်ကို မြှောက်လိုက်တယ်။ အဲဒီကနေ နေမင်းတစ်သောင်းစာလောက်ရှိတဲ့ မီးတောက်တွေ ရေပန်းလို ထွက်ကျလာပြီး အမှောင်ထုကို လွှမ်းချုံသွားတယ်။ အလင်းရောင်က တဖြည်းဖြည်းနဲ့ ဟိုးအဝေးကြီးကို ပျံ့နှံ့သွားလိုက်တာ အမှောင်ထုဆိုတာ စကြာဝဠာရဲ့ မျက်နှာကြက်မှာ လက်နေတဲ့ စိန်ပွင့်ကလေးတွေလောက်ပဲ ကျန်တော့တဲ့ အထိပဲ။

တစ်နာရီအကြာမှာတော့ ဘုရားသခင်ရဲ့ ညီလာခံကို ရပ်နားလိုက်တယ်။

တမန်တော်ချုပ် သုံးယောက်လုံး ညီလာခံကနေ တအံ့တသြဖြစ်ပြီး စဉ်းစားစရာတွေနဲ့ ပြန်လာကြတယ်။ လွတ်လွတ်လပ်လပ် ရှိမယ့်နေရာကိုပေါ့။ တစ်ယောက်ယောက်ကတော့ စပြီး စကားပြောစေချင်ကြပေမယ့် ဘယ်သူမှတော့ စပြီး မပြောချင်ကြဘူး။ အားလုံးက ဒီဖြစ်ရပ်ကို အင်မတန်ဆွေးနွေးချင်ပေမယ့် တခြားသူတွေ ဘယ်လိုထင်သလဲဆိုတာ မသိရသေးဘဲနဲ့တော့ ဘာမှမပြောချင်ကြဘူး။ ဒီတော့ ဘာမျှ မသက်ဆိုင်တဲ့ ရောက်တတ်ရာရာတွေ လျှောက်ပြောနေကြရင်း ဘယ်မျှမရောက်ဘဲ အချိန်ကုန်လာတယ်။ နောက်ဆုံးကျမှ တမန်တော် စေတန်က (သူ့မှာ အများကြီးရှိတဲ့) သတ္တိမွေးပြီး စပြောလိုက်တယ်။ "ကျုပ်တို့အားလုံး ဘာပြောချင်နေကြမလဲဆိုတာ အားလုံးအသိဘဲ။ ဒီတော့ အားလုံးသဘောတူရင် ဘာမှ ဟန်ဆောင်မနေဘဲ စလိုက်ကြရအောင်။" လို့ ပြောတယ်။


"သဘောတူတယ်၊ သဘောတူတယ်" လို့ ဂေဘရီရယ်နဲ့ မိုက်ကယ်တို့ နှစ်ယောက်လုံး ထောက်ခံကြတယ်။

"ကောင်းပြီလေ။ ဒါဆိုလည်း ပြောကြတာပေါ့။ ကျုပ်တို့ အင်မတန် ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့လိုက်ရတယ်ဆိုတာ လက်ခံကြရမှာပဲ။ အဲဒီ အဖြစ်အပျက်ကို ကောင်းသည်ဆိုသည် တန်ဖိုးဖြတ်ဖို့ကတော့ (ရတယ်ဆိုရင်တောင်) ကျုပ်တို့ တစ်ဦးချင်းစီနဲ့ မသက်ဆိုင်လှဘူး။ ကျုပ်တို့မှာ အထင်ပဲရှိမယ်။ အဲဒါ အဆုံးပဲ။ ဘာမှ မဲခွဲနေစရာလည်း မလိုဘူး။ ကျုပ်အမြင်ကတော့ စကြဝဠာကြီးက နဂိုအတိုင်းလည်း ကောင်းနေတာပဲ။ အသုံးလည်းဝင်တယ်။ အေးအေးချမ်းချမ်း မှောင်မှောင်မည်းမည်းနဲ့ အနားယူဖို့ကောင်းတဲ့နေရာ။ နတ်ပြည်က နူးညံ့တဲ့ ရာသီဥတုနဲ့  အပြောင်အလက်တွေကနေ တခါတလေ လာအနားယူလို့ ကောင်းတယ်။ ဒါပေတဲ့ အဲဒါတွေက အခုပြောစရာ မလိုတော့ဘူး။ အခုနောက်ဆုံး အသစ်ထပ်ထည့်လိုက်တာက ဘာတဲ့"

"ပတ်ချာလည် လျှောက်သွားနေတဲ့ နေတွေ ကမ္ဘာတွေ အတွက် အလိုအလျှောက် သူ့ဘာသာသူ လည်ပတ်ထိန်းသိမ်းနိုင်တဲ့ 'ဥပဒေသ' ဆိုတဲ့ ဟာကြီးဟေ့"

"သိပ်ဟုတ်တာပေါ့" လို့ စေတန်ကပြောတယ်။  အဲဒီအကြံက သောက်တလွဲကြီးဆိုတာ ခင်ဗျားတို့ လက်ခံတယ်မဟုတ်လား။ မဟာဥာဏ်ကြီးရှင်ကြီးက အဲဒါမျိုး တစ်ခါမှ မစဉ်းစားဖူးဘူး။ ဘာတဲ့ Law။ အော်တိုမက်တစ် Law တဲ့။ အရမ်းတိကျပြီး မပြောင်းလဲ၊ ဘာမှ စောင့်ကြည်စရာလည်း မလို၊ ပြင်စရာလည်း မလို၊ ပြန်ချိန်စရာလည်း မလိုဘဲ အချိန်အဆုံးမရှိ ခံတယ်တဲ့ဗျား။ သူပြောတာတော့ မရေမတွက်နိုင်တဲ့ ဒြပ်ထုတွေ အင်မတန်မြန်တဲ့အရှိန်နဲ့ အာကာသထဲမှာ နှစ်ပေါင်းများစွာ မျောနေမယ်၊ တစ်ခုနဲ့တစ်ခု လျှောက်ပတ်မယ်၊ ဒါပေမယ့် နှစ်ပေါင်း နှစ်ထောင်လောက်ကြာတောင်တောင် တစ်ခုနဲ့တစ်ခု ဝင်မတိုက်ဘူး၊ သူတို့ ပတ်လမ်းလည်း တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံ တစ်ပုံလောက်တောင် တိုးမသွားဘူး လျှော့မသွားဘူးတဲ့ဆရာ။ ဒါဟာ အံ့ဖွယ်အသစ်ပါပဲ။ ပြီးတော့ အကြီးကျယ်ဆုံးပဲ။ အော်တိုမက်တစ် Law တဲ့ကွာ။ ပြီးတော့ သူက အဲဒါကို နာမည်ပေးလိုက်သေးတယ် သဘာဝတရားတဲ့။ ပြီး သဘာဝတရားနဲ့ ဘုရားသခင်ရဲ့ ဥပဒေသနဲ့ အတူတူပဲလို့ ပြောသေးတယ်။"

"အေးလေ။ နောက်ပြီး သူက သဘာဝစည်းမျဉ်း ဘုရားသခင်ရဲ့စည်းမျဉ်း ဆိုတာကို သူ့ရဲ့ နောက်လိုက်တွေကတဆင့် တည်ထောင်မယ်။ အဲဒီစည်းမျဉ်း အာဏာစက်က လက်ဦးဆံပိုင် ဖြစ်ရမယ်တဲ့။" လို့ မိုက်ကယ်က ပြောတယ်။

"ပြီးတော့ သူက အဲဒီစည်းမျဉ်းတွေအောက်မှာ တိရစ္ဆာန်တွေဖန်ဆင်းပြီး နေရာချမယ်လို့ ပြောသေးတယ်" လို့ ဂေဘရီရယ်က ပြောတယ်။

"ဟုတ်တယ်။ သူပြောတာ ကျုပ်ကြားတယ်။ ဒါပေတဲ့ နားမလည်ဘူး။ တိရစ္တာန်ဆိုတာ ဘာလဲ ဂေဘရီရတယ်" လို့ စေတန်က မေးတယ်။

"အာ ငါဘယ်လိုလုပ် သိမှာလဲ။ ငါတို့တွေထဲက ဘယ်သူသိမှာတုန်း။ အဲဒါက စကားလုံးအသစ်ကို"

[ကောင်းကင်ဘုံနှစ် သုံးရာ၊ ကမ္ဘာစံတော်ချိန်ဖြင့် နှစ်ပေါင်း သန်းတစ်ရာ ကြာသော်။ တမန်တော် နတ်သားတစ်ပါးဝင်]

"ကိုယ်တော်များ၊ သူတိရစ္ဆာန်တွေ ဖန်ဆင်းနေတယ်။ လာကြည့်ကြပါလား"

သူတို့သွားကြည့်ကြပြီး အရမ်းကိုအံ့သြနေကြတယ်။ အဲဒါကို ဖန်ဆင်းရှင်က ရိပ်မိပြီး "မေးကြည့်လေ။ ငါဖြေတော်မူမယ်" လို့ ပြောတယ်။

"မြင့်မြတ်သောအရှင်၊ သူတို့က ဘာအတွက်ပါလဲ ဘုရား" လို့ စေတန်က ကျိုးကျိုးနွံနွံ့ပဲ မေးတယ်။

"သူတို့ဟာ စာရိတ္တနဲ့ ကျင့်ဝတ်တွေကို စမ်းသပ်ထားတာဖြစ်တယ်။ ကြည့်ရှုသင်ယူလော့"

အဲဒါတွေ ထောင်နဲ့ချီပြီးရှိတယ်။ အကုန်လုံး အလုပ်ရှုပ်နေကြတယ်။ အဓိကတော့ တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတာပဲ။ စေတန်က အင်အားကောင်းလှတဲ့ မိုက်ခရိုစကုပ်ကနေကြည့်ပြီး "ဒီအကောင်ကြီးဟာ သူ့ထက်အားနည်းတဲ့ တိရစ္ဆာန်တွေကို လိုက်သတ်နေတယ် ဘုရား" လို့ ပြောလိုက်တယ်။

"ကျားလား။ ဟုတ်တယ်။ သူ့ရဲ့ သဘာဝကိုက ကြမ်းကြုပ်မှုပဲ။ သူ့ရဲ့ သဘာဝက ဘုရားသခင်ရဲ့ စည်းမျဉ်းပဲ။ သူအဲဒါကို လွန်ဆန်လို့မရဘူး"

"ဒါဆို ဘုရားသခင်ရဲ့ စည်းမျဉ်းကို နာခံတဲ့အတွက် သူ အပြစ်မဖြစ်ဘူးပေါ့ ဘုရား"

"မဖြစ်ဘူး။ သူဟာ အပြစ်မဲ့တယ်"

"ဒီမှာ နောက်တစ်ကောင်ဘုရား။ သူက အေးတယ်။ သေခြင်းတရားကို ဘာမှ အန်မတုဘဲ သေတယ်"

"ယုန်လား။ ဟုတ်တယ်။ သူက သတ္တိမရှိဘူး။ အဲဒါ သူ့ရဲ့ သဘာဝ၊ ဘုရားသခင်ရဲ့ စည်းမျဉ်းပဲ။ သူနာခံရမယ်"

"ဒါဆို သူက သူ့သဘာဝ၊ ဘုရားသခင်ရဲ့စည်းမျဉ်းကို သိက္ခာရှိရှိ လွန်ဆန်လို့ မရဘူးလား ဘုရား"

"မရဘူး။ ဘယ်သတ္တဝါမှ သူ့ရဲ့ သဘာဝ၊ ဘုရားသခင်ရဲ့စည်းမျဉ်းကို သိက္ခာရှိရှိ လွန်ဆန်လို့ မရဘူး"

မေးခွန်းတွေများပြီး အချိန်တွေကြာသွားပြီးတဲ့နောက် စေတန်က "ပင့်ကူက ယင်ကောင်ကို သတ်တယ်၊ စားတယ်။ ငှက်က ပင့်ကူကို သတ်ပြီးစားတယ်။ တောကြောင်က ငန်းကို သတ်တယ်။ အို အကုန်လုံး တစ်ယောက်ကိုယ်တစ်ယောက် သတ်ကြတာပဲ။ အကုန်လုံးဟာ သတ်နေကြတာချည်းပဲ။ သတ္တဝါတွေ မရေမတွက်နိုင်အောင်ရှိတယ်။ အကုန်လုံးသတ် သတ် သတ် သတ် သတ်။ အသတ်ကို သတ်တဲ့သူတွေချည်းပဲ။ သူတို့တွေ အပြစ်မရှိဘူးလား ဘုရား"

"သူတို့မှာ အပြစ်မရှိဘူး။ ဒါဆိုတို့ရဲ့ သဘာဝ။ သူတို့ရဲ့ သဘာဝဟာ ဘုရားသခင်ရဲ့စည်းမျဉ်းပဲ။ ကိုင်း အခုကြည့်လော့ ငါ့၏ အကောင်းဆုံးလက်ရာ လူသား"

ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေ၊ အုပ်လိုက်ကြီး သန်းနဲ့ချီလို့ ထွက်လာတယ်။

"သူတို့ကို ဘာလုပ်မလို့လဲ ဘုရား"

"သူတို့ တစ်ယောက်ချင်းစီကို တိရစ္ဆာန်တွေမှာရှိတဲ့ စရိုက်အမျိုးမျိုး အကုန်လုံး တစ်ခုချင်းစီထည့်မယ်။ သတ္တိရှိခြင်း၊ သတ္တိကြောင်ခြင်း၊ ကြမ်းကြုပ်ခြင်း၊ နူးညံ့ခြင်း၊ မျှတခြင်း၊ တရားခြင်း၊ ယုတ်မာခြင်း၊ သစ္စာဖောက်တတ်ခြင်း၊ ရက်စက်ခြင်း၊ တက်မက်ခြင်း၊ သနားခြင်း၊ ဂရုဏာထားခြင်း၊ စင်ကြယ်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ ချိုမြိန်ခြင်း၊ သိက္ခာ၊ အချစ်၊ အမုန်း၊ ယုတ်ညံ့မှု၊ မြင့်မြတ်မှု၊ သစ္စာရှိမှု၊ လိမ်လည်မှု၊ မယုံကြည်မှု၊ အဲဒါတွေ အကုန်လုံး လူတစ်ယောက်ချင်းစီမှာ ရှိမယ်။ အဲဒါတွေဟာ သူတို့ရဲ့ သဘာဝပဲ။ တချို့တွေမှာ မကောင်းတဲ့ လက္ခဏာတွေ မြုပ်နေပြီး လူကောင်းလို့ သတ်မှတ်ကြမယ်။ တချို့တွေကြတော့ မကောင်းတဲ့ လက္ခဏာတွေ ထင်ပေါ်နေပြီး လူဆိုးလို့ သတ်မှတ်ကြလိမ့်မယ်။ ရှုလော့၊ သူတို့ အားလုံး ပျောက်စေ"

"သူတို့ ဘယ်ရောက်သွားပြီလဲ ဘုရား"

"ကမ္ဘာကို ရောက်သွားပြီ။ သူတို့နဲ့ တိရစ္ဆာန်တွေရောပဲ"

"ကမ္ဘာဆိုတာ ဘာလဲ ဘုရား"

"ကာလ နှစ်ခုခွဲ အကြာတုန်းက ငါကိုယ်တော် ဖန်ဆင်းထားတဲ့ ဂြိုလ်တစ်ခုပဲ။ ငါကိုယ်တော်ရဲ့ လက်က ကမ္ဘာတွေ ပေါက်ကွဲပြီး နေတွေ လျှံထွက်လာတုန်းက မင်းတွေ့လိုက်ပေမယ့် သတိမထားလိုက်မိတာ။ လူသားဆိုတာ စမ်းသပ်ထားတာ။ တခြား တိရစ္ဆာန်တွေလည်းပဲ။ သူတို့ကို ဖန်ဆင်းဖို့ ပင်ပန်းရတာ တန်မတန်ဆိုတာတော့ အချိန်က စကားပြောလိမ့်မယ်။ ကဲ ပြပွဲတော့ပြီးပြီ။ ငါ့ရှင်တို့ သွားနိုင်ပါပြီ"

ခုနစ်ရက် ကြာသွားတယ်။

ကောင်းကင်ဘုံမှာ တစ်ရက်ကို လူ့ပြည်မှာ နှစ်တစ်ထောင်ဆိုတော့ ကျွန်တော်တို့ အနေနဲ့ဆို အကြာကြီးပဲ။

စေတန်ကတော့ ဘုရားသခင်ရဲ့ လုပ်ငန်းကို ချီးမွမ်းစကားတွေ လျှောက်ပြောနေတယ်။ သေချာနားထောင်ကြည့်ရင်တော့ ရွဲ့နေတယ်ဆိုတာ သိနိုင်မယ်။ သူကတော့ စိတ်ချရဲ့ သူ့သူငယ်ချင်းတွေနဲ့ တမန်တော်ချုပ်တွေ အကြားမှာ ပြောနေပေမယ့် တခြား သာမန် တမန်တော်တွေ ကြားသွားလို့ ဌာနချုပ်ကို အတိုင်ခံလိုက်ရတယ်။

သူ့ကို နတ်ပြည်အချိန်နဲ့ နယ်နှင်ဒဏ် တစ်နှစ်ပေးလိုက်တယ်။ အဲဒါကတော့ ခဏခဏ အာချောင်တဲ့အတွက် သူ့အတွက်တော့ ရိုးနေပြီ။ အရင်ကတော့ ဘယ်မှပို့စရာ မရှိလို့ သူ့ကို အာကာသထဲ ပို့တယ်။ အခုတော့ ကမ္ဘာကို ပို့ပြီး အစမ်းသပ်ခံ လူသားမျိုးနွယ် ဘယ်လိုနေသလဲဆိုတာ ကြည့်ခိုင်းဖို့ ဘုရားသခင်က အကြံရသွားတယ်။

သူကမ္ဘာမြေအကြောင်း စိန့်မိုက်ကယ်နဲ့ စိန့်ဂေဘရီရယ်တို့ဆီ စာမှန်မှန်ရေးတယ်။

(ဆက်ရန်)
* Mark Twain ၏ Letters From The Earth ကို ဘာသာပြန်သည်။ *

No comments: