Monday, March 18, 2013

မြစ်

Immigration က ထွက်လာမလို့လုပ်တော့ သူကလက်လှမ်းပြတယ်။ ကျွန်တော်လည်း လက်ထောင်ပြလိုက်ပြီး ခဏစောင့်လို့ပြောလိုက်တယ်။ ကျွန်တော်နဲ့အတူတူ လေယာဉ်စီးလာတဲ့ တစ်ယောက်ကို နှုတ်ဆက်နေတာ။ ယဉ်ကျေးတဲ့ တိုင်းပြည်ကလူတွေက တစ်ယောက်ကိုတစ်ယောက် မနှုတ်ဆက်ပဲ လမ်းမခွဲကြဘူးမဟုတ်လား။ လေးစားတဲ့သဘော၊ အသိအမှတ်ပြုတဲ့သဘော၊ ယဉ်ကျေးမှုဆိုတာကို နားလည်ပါတယ်လို့ ပြတဲ့သဘောပဲ။ နှုတ်ဆက်ပြီးတော့ ထွက်လာတော့ သူက လမ်းလျှောက်လာပြီး ပြုံးစိစိနဲ့ပြောတယ်။ နင်ဒီအင်္ကျီဝတ်တုန်းပဲလားတဲ့။ သူပြောတော့မှပဲ သတိထားမိတယ်။ အခုဝတ်လာတာ မနှစ်က သူလက်ဆောင်ဝယ်ပေးတဲ့ အင်္ကျီ။ ငါကနင့်လို သူဌေးသမီးမဟုတ်တော့ ဒီလိုဈေးကြီးတဲ့ အင်္ကျီမျိုး အများကြီးမဝယ်နိုင်ဘူး။ ခဏခဏ ပြန်ပြန်ဝတ်ရတယ်။ လို့ ပြောလိုက်တော့ သူက ရယ်တယ်။ နောက် ကျွန်တော်ကပဲ နင်အရပ်ရှည်လာတယ် လို့ပြောလိုက်တယ်။ သူက မျက်စောင်းထိုးကြည့်ပြီးတော့ လျှာမရှည်နဲ့ သွားမယ်ဆိုပြီး လှည့်ထွက်လာတယ်။ ကျွန်တော် ရယ်ပြီး သူ့နောက်ကို လိုက်သွားတယ်။ သူနဲ့ ယှဉ်ပြီးလျှောက်ရင်းနဲ့ သူ့ကို ဘာနဲ့သွားကြမှာလဲ၊ တက္ကဆီနဲ့လား လို့မေးလိုက်တော့ သူက ငါ့မှာ ကားပါတယ်ဆိုပြီး ကြွားတဲ့သဘောနဲ့ ကားသော့ကို လက်ညှိုးမှာလှည့်ပြတယ်။ ကျွန်တော်က အော် နင်တောင် ကားမောင်းတတ်ပြီကိုး၊ ယာဉ်ထိန်းရဲတွေ အလုပ်များတော့မှာပဲလို့ ပြောလိုက်တော့ သူက ရယ်တယ်။ ကျွန်တော်က အမြဲသူ့ကို ဒီလိုပဲ စ,နေကြ။ နင်ဟာလေ လို့ ပြောပြီး ဘာမှဆက်မပြောဘူး။ ပြီးတော့မှ ဟိုမှာရောက်ပြီလို့ ပြောပြီး ခပ်လှမ်းလှမ်းက အနက်ရောင် ကားတစ်စီးကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်လည်း အိတ်ကို ကားနောက်ခန်းမှာထည့်ပြီး အရှေ့ခန်းမှာ ဝင်ထိုင်လိုက်တယ်။

ကားမောင်းလာတော့ အရှေ့ခန်းမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး မြို့က လမ်းတွေကို ငေးကြည့်နေမိတယ်။ ပြီးမှ သူ့ကိုလှည့်မကြည့်ပဲ အန်ကယ်တို့ကော နေကောင်းရဲ့လားလို့ မေးလိုက်တယ်။ သူက အင်း လို့တိုတိုပဲ ပြန်ဖြေတယ်။ သူ့ကိုလှည့်ကြည့်တော့ ကားမောင်းတဲ့ လမ်းမှာ အာရုံစိုက်နေတဲ့ပုံပဲ။ မောင်းလေ့မရှိသေးတဲ့သူတွေ မောင်းတဲ့ပုံစံမျိုး။ ကျွန်တော်လည်း ဒက်ရှ်ဘုတ်ထဲမှာတွေ့ကို စီဒီတစ်ချပ်ကို ထည့်ကြည့်လိုက်တယ်။ The Beatles အယ်လ်ဘမ်တစ်ချပ်ပဲ။ ကျွန်တော်ကြိုက်တတ်မှန်းသိလို့ သူတမင်ထည့်ထားတာဖြစ်မယ်။ သူက အမြဲတမ်း အလုပ်လုပ်ရင် အဲလို ကြိုတွေးပြီး လုပ်နေကြ။ သူ့အမေဆီက ရတဲ့ အမွေလို့ဆိုရမယ်။ သူ့အမေကြီးက စီးပွားရေးသမား။ အောင်မြင်တယ်၊ ကွက်ကျော်မြင်တတ်တယ်။ အရာရာဟာ အကျိုးကြောင်းသင့် စီစဉ်တကျ ဖြစ်နေတယ်ဆိုတာကို လက်ခံထားတဲ့ လူစားမျိုး။ ကျွန်တော်လည်း သီချင်းနားထောင်ရင်း မြို့ကိုငေးကြည့်နေတယ်။ မြို့ကတော့ ဘာမှမပြောင်းလဲဘူး။ ဒီလမ်းတွေ ဒီအရောင်တွေပဲ။ ကျွန်တော်က သူတို့မြို့ကို တစ်နှစ်တစ်ခါလိုလို လာနေကြ။ ရန်ကုန် နွေအပူဒဏ်ကို ရှောင်တဲ့သဘောရယ်၊ အပန်းဖြေခရီးထွက်တဲ့သဘောမျိုးရယ်ပဲ။ လာရင်လည်း အမြဲတမ်းသူတို့အိမ်မှာပဲ တည်းတယ်။ အဖေက သူ့အဖေကြီးနဲ့ ရင်းနှီးတယ်။ ကျွန်တော် ခရီးထွက်ချင်တယ်ပြောတော့ အဖေက သူတို့ အိမ်မှာတည်းကွာဆိုပြီး လမ်းညွှန်ပေးလိုက်တာ။ နောက်နှစ်တွေကျတော့လည်း သူတို့အိမ်နဲ့ ရင်းနှီးသွားတော့ အဖေပြောစရာတောင် မလိုတော့ဘဲ အဲဒီမှာပဲ တည်းဖြစ်သွားတယ်။

Wednesday, March 13, 2013

On Death

“When we are, death is not come, and, when death is come, we are not.”
-Epicurus, Letter to Menoeceus

Death is one of the most mysterious things on the universe. It is asked by many people and many thinkers but a certain answer is never known. There are many questions left unanswered in curious minds of human. What is death like? Is there life after death? What will happen if you die? Do you suffer death or do you suffer just pain? Now, I will try to explore the most important questions about death in this paper. Is there life after death? My response will be “No”. I believe there is no life after death.

I even find the question itself is somewhat ridiculous. If we take the meaning of “death” in common sense, it means “the end of life.” Therefore, the question become “Is there life after the end of life?” (Rosenberg, 30) The answer will be obviously no. It is like saying “What happens in the movie after it ends?” which is nonsense. Even if we change the question to something like “Do I have life after death?” or “Will I live after death?” it is still a nonsense question. Therefore, we need to clarify the notions “I” and “death”. What do they exactly mean? What exactly is a person? How do we define death?

Tuesday, March 12, 2013

Commanding Heights


အမှတ်တမဲ့ဆို အင်မတန် ပျင်းဖို့ကောင်းတဲ့ စာအုပ်လို့ ထင်ချင်စရာပဲ။ ထူကလည်း အထူကြီး။ ဘာသာရပ်ကလည်း Political Economy ဆိုတော့ scholar တွေအတွက်ပဲ ရေးထားတယ်လို့ ထင်မှာပဲ။ ဒါပေမယ့် တစ်ရက်လောက် အချိန်ပေးဖတ်လိုက်တော့ အရသာ တွေ့သွားတယ်။ Academic တွေသာ အဖတ်များတယ်ဆိုပေမယ့် သာမန် လူပိန်းနားလည်အောင် ကောင်းကောင်းရေးထားတယ်။ ဟော့ကင်းရဲ့ နာမည်ကြီးတဲ့ Brief History of Time လိုမျိုး ဒီစာအုပ်မှာ သမိုင်းကို သက္ကရာဇ်တွေနဲ့ မရှုပ်ထွေးအောင်၊ စီးပွားရေးကို ကိန်းဂဏန်းတွေနဲ့ မျက်စိ မနောက်အောင် ရေးထားတယ်။ ဖတ်ရတာ အရမ်းကြီး မလေးသလို ပေါ့ရွှတ်ရွှတ် အပေါ်ယံတွေချည်းပဲလည်း မဟုတ်ဘူးရယ်။

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး ဘယ်လို ပြောင်းလဲသလာပြီးတော့ အခုအခြေအနေထိ ဘယ်လို ဖြစ်လာသလဲဆိုတာ ခြေရာခံထားတယ်။ ဒီစာအုပ်မှာ ထူးခြားတာက သမိုင်းကို personal level အထိ လျှော့ချထားတာပဲ။ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရာမှာ နိုင်ငံရဲ့ခေါင်းဆောင်တွေ၊ policy maker တွေရဲ့ အရေးကြီးပုံကို တွေ့နိုင်တယ်။ ဖတ်ရတဲ့ အခန်းတိုင်းမှာ အဓိကဇာတ်ဆောင်တွေက အဲဒီခေါင်းဆောင်တွေပဲ။ သူတို့ရဲ့ နောက်ကြောင်းတွေ သူတို့ကို လွှမ်းမိုးတဲ့ ideology တွေ အကြောင်းပဲ ရှင်းပြသွားတယ်။ ဒီထဲမှာ တစ်ခု သတိရမိတာက အပြောင်းအလဲတစ်ခု (ဥပမာ တော်လှန်ရေးတစ်ခု ဆိုပါတော့) စဖြစ်ဖို့ရာ လိုအပ်ချက် သုံးခုရှိတယ်။ Idea ရယ်၊ စလုပ်မယ့် “လူ” ရယ်၊ အဲဒီသူ စ,နိုင်ဖို့ လုံလောက်တဲ့ ပတ်ဝန်းကျင် အခြေအနေရယ်ပဲ။ အဲဒီ သုံးခုစလုံး ပြည့်စုံမှသာ အပြောင်းအလဲဖြစ်ဆိုတာ ဖြစ်နိုင်တယ်။

Norwegian Wood


ဗမာဘာသာပြန် ရှိတယ်ကြားတယ်။ စဉ်းစားမရတာက ဘာကြောင့် “နော်ဝေတောအုပ်” လို့ ဘာသာပြန်ရတာလည်း ဆိုတာပဲ။ Wood ကို မြင်လို့ “တောအုပ်” လို့ ဆိုချင်ရင်တောင် “woods” ဆိုပြီး s ပါမှ တောအုပ်ဆိုတာ သိသင့်တယ် ထင်တာပဲ။ စာအုပ်ထဲမှာတော့ နော်ဝေးအကြောင်း တောအုပ်အကြောင်း တစ်လုံးတစ်စတောင် မပါဘူး။ Beatles ရဲ့ သီချင်း Norwegian Wood ကိုပဲ ရည်ရွယ်ပြီး ပြောထားတာပဲ။ အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ကို ရှာကြည့်တော့ အငြင်းပွားနေကြတာ တွေ့ရတယ်။ တစ်ချို့က ဗြိတိန်က ဆင်းရဲတဲ့ အိမ်တွေမှာ သုံးတတ်တဲ့ နော်ဝေးကလာတဲ့ သစ်နဲ့လုပ်တဲ့ ပရိဘောဂ အညံ့စားကို ညွှန်းတာလို့ဆိုတယ်။ တစ်ချို့က ရေစိုလို့ မီးမစွဲနိုင်တဲ့ ထင်းကို ခေါ်တာလို့လည်း ပြောတယ်။ ဒီစာအုပ်ထဲမှာတော့ Beatles ရဲ့ သီချင်းကိုပဲ ညွှန်းထားတယ်။ နောက်ထပ် အဓိပ္ပာယ်ကောက်ချင်ရင်လည်း ရချင်ရမယ်။ သေချာတာတော့ ဘယ်နော်ဝေးပြည်က တောအုပ်ကိုမှ ပြောထားတာ မဟုတ်ဘူး။

ရုပ်ရှင်လည်း ပြန်ရိုက်ထားတယ်။ စာအုပ်ဖတ်ပြီးလို့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုတဲ့ သူတွေကို မကြည့်နဲ့လို့ တိုက်တွန်းချင်တယ်။ ကိုယ့်မှာရှိထားတဲ့ ဇာတ်ကောင်တွေရဲ့ image တွေ ပျက်ကုန်လိမ့်မယ် (အထူးသဖြင့် Midori)။ စာအုပ်ကို ပြန်ရိုက်တဲ့ ရုပ်ရှင်တော်တော်များများ ဖြစ်လေ့ရှိတာပဲ။ နှစ်နာရီအတွင်း ပြီးပြည့်စုံအောင် မပြနိုင်လို့ထက် အစကတည်းက မရိုက်သင့်တဲ့ ဝတ္ထုလို့ ထင်တယ်။ ဒီစာအုပ်ရဲ့ အားသာချက်က ဝတ္ထုနဲ့ စာဖတ်သူ တိုက်ရိုက် communicate လုပ်နိုင်တာပဲ။ ဆိုလိုတာက စာဖတ်သူက ဇာတ်ကောင်တွေကတဆင့် ဇာတ်လမ်းကို ကြည့်နေရတာမျိုး မဟုတ်ဘူး။ ဖတ်တဲ့သူက ကိုယ့်ဇာတ်လမ်းကိုယ် ကြည့်နေရသလို ဖြစ်နေနိုင်တဲ့ ဝတ္ထုမျိုး။ အဲဒါမျိုးကို ရုပ်ရှင်ရိုက်ပြီး ထိုင်ကြည့်ရတာ သိပ်အရသာမရှိဘူး။ ရုပ်ရှင်မှာ မထည့်နိုင်တဲ့ အခန်းတွေ အများကြီးပဲ။ သရုပ်ဆောင်လည်း သိပ်မကောင်းဘူး။ မင်းသား၊ မင်းသမီး ချောတယ်ဆိုတာနဲ့ ရှုခင်းတွေလှတယ်လို့ပဲ အကောင်းပြောနိုင်တယ်။

Tuesday, March 5, 2013

အညာသို့ပေးစာ


သို့ ကိုတေဇာအောင်

အညာနေမို့ ပူတယ်ဆိုလို့ နည်းနည်းတော့ စဉ်းစားသွားရတယ်။ စကြဝဠာတစ်ခုတည်းက နေတစ်လုံးတည်းကို အညာမှာ ပိုပူတယ်ဆိုတော့ သိပ်မတရားဘူးလို့ ထင်မိတယ်။ ဒါပေတဲ့ ကာလ၊ ဒေသ၊ အာကာသ ဆိုတာကလည်း ရှိသေးသကိုးလို့ ကိုယ့်ကိုယ်ကို ဖြည့်တွေးပေးလိုက်ပါတယ်။ နောက် လမ်းကြုံတော့မှ မုန်တိုင်းတိုက်တာ လူတွေ သီလမရှိလို့ဟု အဆိုသွင်းသော ပညာရှင်များကို မေးကြည့်ပါတော့မယ်။ ကျွန်တော့်အတွက်တော့ အညာနေလည်း ပူတာပဲ၊ ရန်ကုန်နေလည်း ပူတာပဲ။ ဘာတွေ ဘယ်သူတွေ မျက်နှာလိုက်လိုက် အပူချိန်ကတော့ မျက်နှာမလိုက်ဘူးလို့ ထင်မိတာပဲ။ ထားတော့ ဒီကိစ္စ။

ခင်ဗျား ရွာဘက်ဆီ ပြန်မယ်ဆိုတော့ အညာကို တစ်ချက်လွမ်းမိသေးတယ်။ အညာကို လွမ်းတယ်ဆိုလို့ မင့်က အညာကို ဘယ်နှခါရောက်ဖူးသလဲလို့ အမေးခံရတော့မှာပဲ။ ကျွန်တော် အညာမရောက်ဖူးတာ အမှန်ပဲ။ သို့ပေတဲ့ လွမ်းတယ်ဆိုတာက (အပူချိန်လို) ကာလ၊ ဒေသ နဲ့မှ မဆိုင်ဘဲကိုး။ လွမ်းတာဟာ လွမ်းတာပဲ။ ကိုယ် တစ်ခါမှ မကြုံဖူးတာကို စိတ်ကူးကလေးနဲ့ လွမ်းရတာပဲ။ ကျွန်တော်လွမ်းတဲ့ အညာဟာ ခင်ခင်ထူးရဲ့ အညာ၊ ငဘရဲ့ အညာ၊ မြဝင်း (ဒဿန) ရဲ့ အညာကို လွမ်းတာ။ ကျွန်တော့်ရဲ့ သိမှုထဲက အညာကို လွမ်းတာပဲ။ (knowledge ကို သိမှုလို့ ပြန်လိုက်တယ်၊ business ကို ဘိဇနက်၊ cover story ကို သတင်းမျက်နှာဖုံးလို့ ဘာသာပြန်နေတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော့်ရဲ့ ဘာသာစကား ဖလှယ်မှုကလည်း တောအရက်လို နံပြင်း၊ နင်းပြန်တယ်လို့ အပြောခံရရင်လည်း ခံရမှာပဲ)

I/အိုင်/EYE/POND


မဂ္ဂဇင်းတစ်ခု လုပ်နေတယ်။ 

အွန်လိုင်း အဓိက ဖြစ်မယ်။ နည်းနည်းပါးပါးလည်း ပရင့်ထုတ်ပြီးတော့ လျှောက်ဝေမယ်။ မီးမလာတာတို့ အင်တာနက်လိုင်း မကောင်းတာတို့ဖြစ်ရင် ဖတ်လို့ရအောင်။ အဓိကတော့ စာမရေးဖြစ်တဲ့သူတွေ၊ စာရေးဝါသနာပါတဲ့သူတွေ၊ စာရေးဆရာမဖြစ်သေးတဲ့သူတွေအတွက် ကစားကွင်းတစ်ခု လုပ်ပေးချင်တာပဲ။ ကိုယ်မသိတဲ့ စာပေဝါသနာပါတဲ့သူတွေနဲ့လည်း တွေ့ချင်တယ်။ အားလုံးကို စာအုပ်တစ်ခု တစ်စုတစ်စည်းထဲ လုပ်ပေးလိုက်ရင် network တစ်ခုရလာမယ်။ စာရေးသူအချင်းချင်းလည်း အဆက်အသွယ်ရှိသွားမယ်လို့ စဉ်းစားပြီးလုပ်တာပဲ။


တကယ်တော့ ဟိုးအရင်ကတည်းက ဒါမျိုး စာအုပ်ထုတ်တာ၊ စီစဉ်တာကို စိတ်တောင်မကူးဖူးဘူး။ ဝါသနာလည်း မပါဘူး။ တစ်ခေါက် ဆရာက မင့်တို့တိုင်းပြည်မှာ စာပေမဂ္ဂဇင်းတွေ ရှိသလားလို့ မေးတော့ ကိုယ်သိတာ သုံးလေးခုပဲ ထွက်လာတယ်။ ကောင်းသလားလို့ ထက်မေးတော့ ပုခုံးပဲ တွန့်မိတယ်။ လတိုင်း ဒီလူတွေချည်းပဲ မြင်နေရတယ်။ အဲလို စာပေမဂ္ဂဇင်းမျိုးကို တိုးဖို့ဆိုတာကလည်း လွယ်တာမဟုတ်။ အဆက်အသွယ်မရှိ၊ အတွေ့အကြုံမရှိတဲ့သူတွေဆို နှစ်တွေကြာသွားတဲ့အထိ ပါဖို့ ဖြစ်နိုင်တာမဟုတ်ဘူး။ လို့ ရှင်းပြလိုက်တယ်။ အဲတော့ သူက မင်းလုပ်ကြည့်လေလို့ ပြောတယ်။ အင်း ရတာပဲ။ လို့ ပြန်ပြောပြီး အဲဒီအတွေးကို ချောင်ထဲ ထည့်ထားလိုက်တယ်။ ဒဂုန်ခင်ခင်လေးတောင် ဆယ့်ခြောက်နှစ်သမီးကတည်းက သတင်းစာ ထုတ်တာပဲလို့တောင် စဉ်းစားမိသေးတယ်။