Thursday, November 26, 2009

ဇာတ်လမ်းတစ်ပိုင်း


ကျွန်တော်နှင့်ကောင်မလေးသည် ငယ်စဉ်ကတည်းကပင် အလွန်ရင်းနှီးသော သူနှစ်ယောက် ဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်ချစ်သူများ မဟုတ်ကြပါ။ သို့သော် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြပါသည်။ ထိုအချစ်အမျိုးအစားကို ကျွန်တော်မသိပါ။ ဤသည်မှာ ထိုစဉ်က ကျွန်တော့်အသက်အရွယ်သည် “ကလေးသူငယ်” ဘဝမှ ကျွတ်လွတ်ပြီးခါစ ဖြစ်သောကြောင့်ဟု ကျွန်တော်ထင်ပါသည်။ ယခုအချိန် ထိုခံစားချက်မျိုး ဖြစ်ပေါ်လာလျှင်ဖြင့် ကျွန်တော်ခေါင်းစဉ်တပ်နိုင်လိမ့်မည်ဟု ထင်ပါသည်။

ကောင်မလေး၏ မိဘများ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ရမည့်နေ့တွင် သူမက ကျွန်တော့်ကို အရုပ်ကလေးတစ်ရုပ် လက်ဆောင်ပေးခဲ့ပါသည်။ ပြီးနောက် ကျွန်တော့်ကို “ဒီဟာနင့်အတွက်။ ဒီဟာ နင်ပဲ” ဟုပြောပါသည်။ အရုပ်ကလေးသည် ကျွန်တော်နှင့် နည်းနည်းမှ မတူပါ။ သို့သော် ကောင်မလေးက ထိုအရုပ်သည် ကျွန်တော်ဟု ပြောသဖြင့် ထိုအရုပ်ကလေးသည် ကျွန်တော်ဖြစ်သွားပါသည်။

Wednesday, November 25, 2009

ကျန်စစ်မင်းနှင့် တွေ့ဆုံခြင်း

ဒီနေ့တနင်္လာနေ့။ ကျောင်းဖွင့်ရက်ရောက်လာပြန်ပြီ။ ရေချိုး၊ အင်္ကျီလဲပြီးတော့အောင်ထပ်ကိုဆင်း လာခဲ့လိုက်တော့အမေက

`သား မုန့်စားသွားဦးလေ´

စားပွဲပေါ်မှာကြည့်လိုက်တော့ Hot Dog တစ်ခုပဲကျန်တော့တယ်။ ဒါနဲ့ကျွန်တော်လည်းအဲဒါပဲစားပြီး လွယ်အိတ်ကိုသွားယူနေလိုက်တာပေါ့။

`သား ဒီနေ့ဘယ်ကားနဲ့သွားမှာလဲ Marcedes လား Land Cruser လား Prado လား´

`ရတယ်အမေ ကျွန်တော်ဆိုက်ကားပဲစီးသွားလိုက်မယ်´

`မနောက်ပါနဲ့သားရယ်´ အမေကရယ်ရင်းပြောလိုက်တယ်။

`အင်းပါ ကျွန်တော် Super Roof ပဲစီးသွားမယ်´

`မင်းကလေ အဲဒီကားစုတ်ပဲကြိုက်နေတယ်´

`ကောင်းပါတယ် အမေရာ´

`မင်းသဘော မင်းသဘော´

Tuesday, November 24, 2009

လှည်းသမား (Donkey Cart)

waiter ရောက်လာတော့ သောက်လက်စ ရေနွေးကြမ်းကို မှုတ်ရင်းနဲ့ မေးလိုက်သည်။

"ဒီကနေ နောက်တစ်မြို့ကို ဘယ်လိုသွားလဲကွ"

"ဆရာ...။ နောက်တစ်မြို့ကို သွားဖို့ဆိုရင် ရထားစီးသွားမှရမယ်။ ဘူတာရုံက နည်းနည်းဝေးတော့ မြည်းလှည်းငှားပြီး သွားရတယ်ဆရာ။ ကျွန်တော်တစ်စီး သွားငှားပေးရမလားခင်ဗျာ"

"အေးအေး...။ ကျေးဇူးပဲကွာ"

"ရပါတယ် ဆရာ။"

Tuesday, November 17, 2009

အခုတလော လိုချင်နေတာတွေ

-ကော်နက်ရှင်မကျတတ်တဲ့ အင်တာနက်လိုင်းတစ်ခု
-ဘီလ်မဆောင်ရတဲ့ ဖုန်းတစ်လုံး
-မီးမပြတ်တဲ့ရပ်ကွက်က တိုက်ခန်းကျဉ်းကျဉ်းလေးတစ်ခန်း
-ငါးထောင်တန်တစ်အုပ်လောက်
-ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့ လွတ်လပ်ခွင့်
-access denied မပေါ်တဲ့ proxy တစ်ခု
-ဒါဗင်ချီနဲ့ ပီကာဆိုရဲ့ ပန်းချီကားတွေ
-မြင့်သန်းစာအုပ် ဆယ့်နှစ်အုပ်လောက်
-ခံစားချက်မရှိတဲ့ နှလုံးသားတစ်ခု
-ပြီးတော့ ဖြည့်ဆည်းချင်နေတဲ့ မျှော်လင့်ချက်တစ်ခု

အင်း.... ဒီလောက်... ဒီလောက်ပါပဲ...။

နိဒါန်း၌ပင်မှားယွင်းခဲ့သောအတွေ့အကြုံရှေ့အဆိုဝါဒီ၏ဆင်ခြေ


(က)
အသိပညာ နုန့်နဲပုံရသော လူတစ်ယောက်က ရည်ရွယ်ရင်းအကြောင်း တစ်စုံတစ်ရာမရှိဘဲ ကျောက်လမ်းနံဘေးရှိဓာတ်မီးတိုင်ကိုမှီရင်း မိုးကောင်းကင်ကြီးအား ကြည့်နေမိသည့် ကျွန်တော့်ကို “ဘာလုပ်နေတုံး… ကိုယ့်လူ” ဟု ဆိုပါသည်။ ဘယ်အချိန်ကတည်းက ကျွန်တော်သည် သူ၏အသိခံအရာ ဖြစ်နေခဲ့သည်ကို ကျွန်တော်မသိခဲ့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း မည်မျှကြာအောင် ဓာတ်မီးတိုင်မှီရင်း မိုးကောင်းကင်ကို ကြည့်နေခဲ့မိသည်မသိ။

ကျွန်တော်သိသည်မှာ မိုးကောင်းကင်ကြီး၏ မည်းမှောင်နေခြင်း၊ ထိုမိုးကောင်းကင်ကြီး၌ ကြယ်များနှင့် လကို မတွေ့ရခြင်း၊ ညသည် ငြိမ်းချမ်းစွာ ငြိမ်သက်လျက်ရှိခြင်း၊ ခပ်လှမ်းလှမ်းတွင်ရှိနေသော မြစ်၏ မျက်နှာပြင်ကို ဖြတ်သန်းခဲ့ပြီးနောက် ကျွန်တော့်ကိုပါ ခလုတ်တိုက်သွားခဲ့သော မြစ်၏အခြားတစ်ဖက်ကမ်းမှ လေတို့၏ သစ်လွင်နေခြင်းနှင့် မှတ်မှတ်ရရမဟုတ်သော်လည်း ကျွန်တော်သည် လေတချို့တို့ကို ရှူသွင်းပြီးတိုင်း ပြန်လည်၍ ရှူထုတ်လိုက်ခြင်းဖြင့် လေများစွာတို့ကို ဖြုန်းတီးနေခဲ့ခြင်း စသည်တို့ ဖြစ်ပါသည်။

Wednesday, November 11, 2009

မှန်ကွဲတစ်ချပ်နှင့် ခြောက်သွေ့သောပြက်လုံး



ဘိုလီမီယံ ဆန်လိုက်တာဟယ်… ဟု သူငယ်ချင်းမတစ်ယောက်က သူ့ကို ကောက်ချက်ချသောအခါ ကျွန်တော်က အံ့သြသင့်ရပါမည်လား။ သူ့ကို ကျွန်တော့်သူငယ်ချင်းမက ဝေဖန်လိုက်သလိုဖြင့် သူက မဟုတ်ပေဘူးလား။ မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ဘူး… စသည်ဖြင့် မဟုတ်ဘူးပေါင်းများစွာကို သုံးနှုန်းကာ “ခါလီ” ၏ နောက်လိုက်များဖြေသလို ကျွန်တော်က သူ့ကိုယ်စားဖြေရပါမည်လား။ တစ်ခုခုတော့ ကျွန်တော်က ပြန်ပြောလိုက်ဖို့ကောင်းကြောင်း ကျွန်တော့်ဘာသာ သိလိုက်မိသော်လည်း မည်သူ့ကိုမျှ ကျွန်တော်က ပြန်၍မပြောပြမိခဲ့ပါ။ ပြောပြချင်သောစကားလုံးပေါင်းများစွာကို သုတ်သင်သတ်ဖြတ်ပြီးသည့်အခါတွင်မူ ရည်ရွယ်ရင်း အကြောင်းတစ်စုံတစ်ရာမျှ မရှိဘဲ သီချင်းတစ်ပုဒ်ကို လေချွန်လိုက်မိပါသည်။

ကစဥ့်ကလျား ဖြစ်နေလေ့ရှိသည့်ဟုဆိုသော ကမ္ဘာကြီးသည် အရင့်အရင်ကလိုပင် မဟုတ်ပေဘူးလား။

* * *